Healthy Life Ad
Health Tips

သွေးအားနည်းရောဂါ၏ အသံတိတ်လက္ခဏာများ

စူး ( ဆေးဝါးတက္ကသိုလ် )

ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်သယ်ပို့ဖို့ရာ ကျန်းမာတဲ့ သွေးနီဥ အလုံအလောက်မရှိတဲ့ အခြေအနေကို သွေးအားနည်းရောဂါလို့ ခေါ်ပါတယ်။ သင့်အနေနဲ့ အဆက်မပြတ် ပင်ပန်းနွမ်းနယ်နေရင် သံဓာတ်နဲ့ ဗီတာမင် B12 မှီဝဲမှုကို အားဖြည့်ပေးဖို့ လိုပါတယ်။

အလွန်အမင်း ပင်ပန်းနေလျှင်
သွေးအားနည်းရောဂါမှာ အတွေ့ရအများဆုံး လက္ခဏာက ပင်ပန်းနွမ်းနယ်တာပဲ ဖြစ်ပါတယ်။ ဗီတာမင် B12 နဲ့ သံဓာတ်အလုံအလောက် မရှိတဲ့အခါ အသက်ရှူမဝတာနဲ့ ခေါင်းမူးတာတွေ ဖြစ်တတ်ပါတယ်။ သွေးအား အလုံအလောက်မရှိရင်လည်း ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင်အပြည့်အဝ မရောက်ရှိတော့ပါဘူး။ အဲဒီအခါ ပင်ပန်းနွမ်းနယ်လာပါလိမ့်မယ်။

အရေပြားက ဖြူဖျော့နေလျှင်
သင့်မှာ ကျန်းမာတဲ့ သွေးနီဥမရှိရင် သင့်အရေပြားက ကျန်းမာနေဖို့ မလွယ်ပါဘူး။ သံဓာတ် ဒါမှမဟုတ် ဗီတာမင် B12 အလုံအလောက် မရှိရင် အရေပြားဆီကို သွေးထောက်ပံ့မှု မလုံလောက်နိုင်ပါဘူး။ အဲဒီအခါ အရေပြားက ပိုမိုဖြူဖျော့လာပြီး အဝါရောင် သမ်းလာပါတယ်။

အသက်ရှူမဝဖြစ်လျှင်၊ မကြာခဏ မူးဝေနေလျှင်
သံဓာတ် ဒါမှမဟုတ် ဗီတာမင် B12 အလုံအလောက်မရှိရင် ခန္ဓာကိုယ်က သွေးအား (Hemoglobin)ကို အလုံအလောက် မထုတ်နိုင်ပါဘူး။ သွေးအားဟာ သွေးနီဥထုတ်လုပ်ဖို့အတွက် အရေးပါလှပါတယ်။ သံဓာတ်ပါဝင်မှုများတဲ့ သွေးအားက သွေးတွေကို အနီရောင် ဖြစ်စေပြီး ဆဲလ်တွေကို အောက်ဆီဂျင်နဲ့ ပေါင်းကာ တစ်ကိုယ်လုံးအနှံ့ သွေးကြောထဲကို ပို့ဆောင်ပေးပါတယ်။ သံဓာတ် ဒါမှမဟုတ် ဗီတာမင် B12 လုံလောက်မှု မရှိရင် ခန္ဓာကိုယ်က လိုအပ်တဲ့ အောက်ဆီဂျင်ကို ရရှိမှာ မဟုတ်ပါဘူး။ ရလဒ်အနေနဲ့ သွေးအားနည်းလာပါလိမ့်မယ်၊ အဲဒီအခါ အသက်ရှူမဝတာ၊ ခေါင်းမူးတာနဲ့ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ဆောင်နေလျှင် သို့မဟုတ် ရာသီသွေး ဆင်းနေလျှင်
လစဉ် ရာသီလာနေချိန်မှာ သွေးဆုံးရှုံးမှုများပြီး သွေးအားနည်းရောဂါ ဖြစ်လွယ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာလည်း ခန္ဓာကိုယ်က ပုံမှန်ထက်ပိုပြီး သွေးထုတ်လုပ်မှု ပိုများနေပါတယ်။ အကြောင်းကတော့ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့နိုင်ဖို့ ပုံမှန်ထက် သွေးပိုထုတ်လုပ်ရပါတယ်။ အဲဒီအချိန်မှာ သံဓာတ်၊ ဗီတာမင် B12 နဲ့ ဖောလစ်အက်ဆစ် အလုံအလောက်မရှိရင် ကျန်းမာတဲ့ သွေးနီဥတွေ ပိုနည်းနေပါလိမ့်မယ်။ အစာအိမ်အနာဖြစ်သူ၊ လိပ်ခေါင်းရှိသူ၊ အစာအိမ်ရောင်ရမ်းနေသူနဲ့ ကင်ဆာရောဂါရှင်တွေဟာ နာတာရှည်သွေးထွက်များနေရင် သွေးအားနည်း ရောဂါဖြစ်စေနိုင်ပါတယ်။

ရင်ဘတ်အောင့်နေလျှင်
ခန္ဓာကိုယ်ထဲမှာ ကျန်းမာတဲ့သွေးနီဥတွေ လှည့်ပတ်မှုနည်းနေရင် နှလုံးက ခန္ဓာကိုယ်အနှံ့သွေးတွေ ပို့ဆောင်ဖို့ ပိုခက်ခဲလာနိုင်ပါတယ်။ အဲဒီအခါ ပုံမှန်ထက် နှလုံးခုန်နှုန်း ပိုမြန်ပြီး ရင်ဘတ်အောင့်လာတတ်ပါတယ်။ ပြင်းထန်တဲ့ သွေးအားနည်းရောဂါရှိရင် နှလုံးရောဂါကြောင့် အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။

ရေခဲတုံးနှင့် အခြား ထူးဆန်းသော သရေစာများကို စားချင်စိတ် ပြင်းပြနေလျှင်
သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါရှိသူတွေဟာ ရေခဲတုံး၊ ဆော်ဒါအချိုရည်၊ ခဲတံ၊ ရွှံ့၊ သစ်ပင်ခြောက် စတာတွေကို ထူးထူးဆန်းဆန်း စားချင်စိတ်ပြင်းပြတတ်ပါတယ်။ ဘာကြောင့် အဲဒီလိုဖြစ်ရသလဲဆိုတာ ဆရာဝန်တွေနဲ့ လေ့လာသူတွေက မသိကြပါဘူး။

သက်သတ်လွတ်စားနေလျှင်
ပဲပုပ်စေ့၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်နဲ့ တိုဟူးမှာ သံဓာတ်ပါဝင်တာကြောင့် သက်သတ်လွတ် စားသူတွေ အဓိက စားသင့်ပါတယ်။ အပင်ထွက်အစာကနေ ဗီတာမင် B12ရဖို့ မဖြစ်နိုင်ပါဘူး။ သက်သတ်လွတ်စားသူတွေက ဗီတာမင် B12 ရရှိစေဖို့ အားဖြည့်ဆေးကို မှီဝဲသင့်ပါတယ်။
Ref; RD

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top