Healthy Life Ad
Life Style

ကိုယ်ခံအား စံလွဲရောဂါ (Autoimmune Disease)

ပါမောက္ခဦးချစ်စိုး (ပါမောက္ခ၊ ဌာနမှူး၊ အရိုး၊ အကြော၊ အဆစ် ဆေးပညာဌာန)နှင့်တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ Autoimmune Disease ဆိုတာ ဘာကို ဆိုလိုပါသလဲ ဆရာ။
ဖြေ။ ။ Autoimmune Disease ဆိုတာ မြန်မာလို ပြောရရင် ကိုယ်ခံအား စံလွဲရောဂါပါ။ ကိုယ်ခံအားတွေက ခန္ဓာကိုယ်မှာပိုးဝင်ရင် ပြန်တိုက်ဖို့ ထွက်ပါတယ်။ တကယ်တမ်းမှာတော့ ကိုယ်ခံဓာတ် (Immune System) ဆိုတာက ခန္ဓာကိုယ်ကို ကာကွယ်ဖို့ သဘာဝက ဖန်တီးပေးထားတာပါ။ အပြင်ကနေ ရောဂါပိုးတွေ၊ ဗိုင်းရပ်စ်၊ ဘက်တီးရီး ယားပိုးစတာတွေ အကုန်ဝင်လို့ရှိရင် ကိုယ်ခံဓာတ်က ပြန်ပြီးတိုက်ခိုက်ပေးပါတယ်။ လူကိုကျန်းမာ အောင် ပြန်လုပ်ပေးပါတယ်။ ကိုယ်ခံဓာတ်ဆိုတာ အပြင်က ဝင်လာတဲ့ ပိုးတွေကိုရွေးပြီး တိုက်ရမှာပါ။ ဒါပေမဲ့ တစ်ခါတလေကျတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးတွေ၊ ကျောက်ကပ်၊ အရိုးတွေကိုမှားပြီး တိုက်ခိုက် လိုက်ရင် ခုခံမှု စံလွဲသွားပါတယ်။ ဒါကြောင့် အဲဒီလိုဖြစ်ရတဲ့ ကိုယ်ခံအားစံလွဲရောဂါတွေကို Autoimmune Disease လို့ ခေါ်ပါတယ်။

မေး။ ။ ကိုယ်ခံအားစံလွဲရောဂါက ဘာလို့ ဖြစ်ရပါ သလဲဆရာ။
ဖြေ။ ။ တစ်ခါတလေကျတော့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေမှာ သွေးနဲ့ မထိတွေ့ရတဲ့ ပစ္စည်းတွေ ရှိတယ်။ ငယ်ငယ်လေးကတည်းက သွေးနဲ့ထိလာတယ်ဆိုရင်တော့ သွေးက “ဒါက ကိုယ့်ပစ္စည်းပဲ”ဆိုပြီး သိတယ်။ ငယ်ငယ်ကတည်းက မသိဘဲ နောက်မှဝင်လာတယ်ဆိုရင် “ဒါ ပြင်ပပစ္စည်း”ဆိုပြီး သတ်မှတ်ပါတယ်။ ဥပမာ မျက်လုံးဆိုပါတော့၊ မျက်လုံးထဲကို သွေးက မရောက်ဘူး၊ ကြီးတော့မှ သင်္ကြန်မှာ မျက်လုံးကို ခဲမှန်လို့ ထိသွားလို့ပဲဖြစ် ဖြစ်၊ ရောဂါပိုးကြောင့် မျက်လုံးက ရောင်လို့ပဲဖြစ်ဖြစ် မျက်လုံးထဲက အရာဝတ္ထုတွေက သွေးထဲကို ရောက်သွားပါတယ်။ ရောက်သွားရင် သွေးက တစ်ခါမှ မတွေ့ဖူးတော့ ပြင်ပက ပစ္စည်းတွေ ရောက်လာတယ်ဆိုပြီး တိုက်ခိုက်ကြတာပေါ့။ တိုက်ခိုက်တဲ့အခါမှာ မျက်လုံးကို တိုက်တဲ့ ဓာတ်တွေကို အရိုးကနေ ထုတ်လိုက်တယ်။ အဲဒီအခါ မျက်လုံးကို သွားတိုက်ခိုက်တာပေါ့။

တစ်ခါတလေကျတော့ မျက်လုံးမှာရှိတဲ့သွေး ဖြူဥတွေက ပျက်စီးသွားရင် ခန္ဓာကိုယ်ထဲမှာ အပျက်အစီးတွေကို လိုက်သိမ်းတဲ့ အမှိုက်သိမ်း စနစ်ရှိတယ်။ အဲဒါကို Macrophage လို့ ခေါ်ပါတယ်။ သက်ရှိအစိတ်အပိုင်းအားလုံးမှာ ဆဲလ်ဆိုတဲ့ ကလာပ်စည်းရှိတယ်။ ဒီကလာပ်စည်းတွေ သေသွားရင် သူ့ရုပ်ကလာပ်ကို Macrophage ဆိုတဲ့ အမှိုက်သိမ်းစနစ်က ထုပ်ပိုးပြီး ပြန်ရည်ကြောထဲမှာ သိမ်းထားလိုက်တယ်။ ပြီးတော့ အသည်းထဲမှာ ဖျက်ဆီးလိုက်တယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ အပျက်အစီးတွေ သိပ်များသွားရင် ဒီအမှိုက်သိမ်းစနစ်ကမနိုင်တော့ဘူး။ မနိုင်တော့တဲ့အတွက် ဒီကလာပ်စည်းအပိုင်းအစတွေက သွေးထဲမှာ မျောပါသွားတယ်။ အဲဒီအခါ သွေးဖြူဥကတွေ့ရင် ဒါတွေက ထူးဆန်းတယ်ဆိုပြီး ဖျက်ဆီးပစ်ရမယ်ဆိုကာ ဖျက်ဆီးတဲ့ ခုခံဓာတ်တွေ ထုတ်လိုက်ပါတယ်။ အဲဒီခုခံဓာတ်တွေက အမှိုက် အပိုင်းအစတွေကိုပါ တိုက်တာမဟုတ်ဘဲ ခန္ဓာကိုယ်ထဲက သွေးဖြူဥတွေကိုပါ လိုက်တိုက်တဲ့ အတွက် ကိုယ်ခံအားစံလွဲရောဂါဆိုတာ ဖြစ်လာပါတယ်။ ပြောရမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပျက်စီးစေတဲ့ အကြောင်းတရားတွေထက် ပိုပျက် စီးစေတဲ့ အကြောင်းတွေရှိတဲ့အခါ ဒီအပျက်အစီးတွေကို ထုပ်ပိုးသိမ်းဆည်းဖို့ အချိန်မရတော့ဘဲ ဒီအပျက်အစီးတွေက သွေးထဲမှာ ပြန့်ကျဲသွားရင် ကိုယ့်ပစ္စည်းကို ကိုယ်ပြန်တိုက်တဲ့ အဖြစ်အပျက်က ပေါ်လာပါတယ်။

မေး။ ။ ပျက်စီးမှုနှုန်းတွေက ဘာကြောင့် မြင့်တက်လာရပါသလဲ ဆရာ။
ဖြေ။ ။ ပျက်စီးမှုနှုန်းတွေ မြင့်လာရတဲ့ အကြောင်းတရား တွေကတော့ ခန္ဓာကိုယ်ထဲကို ဓာတုပစ္စည်းတွေ ဝင်လာလို့ပါ။ အဓိက ဖြစ်စေတာက ဆိုးဆေးတွေပါ။ အရင်တုန်းက ဒီရောဂါတွေ သိပ်မရှိဘဲ အခုနောက်ပိုင်းမှ ပိုများလာတာက အရင်က သဘာဝ အစားအစာတွေပဲ စားကြတာ။ အဲဒီတော့ ဓာတုပစ္စည်းတွေ သိပ်မပါဘူး။ အခုနောက်ပိုင်းမှာ ပြုပြင်ထားတဲ့အစား အသောက်တွေက များလာပါတယ်။ အချိုရည်တောင်မှ သံပရာရည်သောက်ရင် ဘာမှမဖြစ်ပေမယ့် ကိုကာကိုလာလို အချိုရည်သောက်ရင် အထဲမှာအနီရောင် ဆိုးဆေးတွေပါတယ်။ ဒီဆိုးဆေးတွေက သွေးထဲရောက်တဲ့အခါ ခန္ဓာကိုယ်ကလာပ်စည်းတွေကို သေဆုံးနှုန်းမြန်စေတယ်၊ ပျက်စီးစေတယ်၊ အဲဒီအခါ အပျက်အစီးတွေကို သိမ်းတဲ့ အမှိုက်သိမ်းစနစ်က မနိုင်တော့ဘူး။ မနိုင်တဲ့အခါ အပျက်အစီးတွေ ပြန့်ကျဲနေတဲ့အတွက် အဲဒီအပျက်အစီးတွေကို ထိန်းချုပ်ဖို့ ကိုယ်ခံအားစနစ်က အားထုတ်ရင်း ကိုယ်ခံအားစံလွဲရောဂါတွေ ပေါ်လာပါတယ်၊ SLE ရောဂါ ပေါ်လာတယ်၊ အသည်းရောင် ရောဂါပေါ်လာတယ်။

အရင်က ခန္ဓာကိုယ်မှာဖြစ်တဲ့ အသည်း၊ အဆုတ်၊ ကျောက်ကပ် စတဲ့ ရောဂါတွေက အပြင်က ပယောဂကြောင့် ဖြစ်တာများတယ်။ အခုနောက်ပိုင်းကျတော့ ဘီပိုး၊စီပိုးကြောင့်တင်မက ကိုယ်ခံအားစံလွဲလို့ အသည်းရောင်တယ်ဆိုတာ ဖြစ်လာတယ်။ အရင်က တီဘီရောဂါကြောင့် အဆုတ်ရောင်ပေမယ့် အခုနောက်ပိုင်းမှာ ကိုယ်ခံအားရောဂါကြောင့်ဖြစ်လာတယ်။ အရင်က ဒူးနာရင် ဂေါက်ရောဂါ၊ အသက်ကြီးတာတွေကြောင့် ဖြစ်ပေမယ့် အခုကျတော့ ဒူးနာတာက ကိုယ်ခံအားစံလွဲလို့ ဖြစ်လာပါတယ်။ ဒါကြောင့် နိုင်ငံခြားမှာဆိုရင် ကိုယ်ခံအားရောဂါ ဋ္ဌာနဆိုပြီး သီးသန့်ဖွင့်လာရတယ်။ မြန်မာနိုင်ငံမှာတော့ မရှိသေးဘူး။ အရိုး၊ အကြော၊ အဆစ်ရောဂါ ဋ္ဌာနကတော့ ဖွင့်တာ သုံးနှစ်ရှိပါပြီ။

မေး။ ။ စစ်ဆေးတဲ့ အပိုင်းကိုလည်း သိပါရစေဆရာ။
ဖြေ။ ။ ဓာတ်ခွဲခန်းတွေမှာ လူနာရဲ့ သွေးကို ထည့်စစ်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ်တိုက်တဲ့ ဓာတ်တွေ ရှိသလားဆိုတာ ရှာပေးတဲ့ စနစ်တွေရှိတယ်။ ကိုယ့်ကိုယ်ကိုယ် တိုက်တဲ့ဓာတ်တွေက အမျိုးပေါင်း ၈၀ လောက်ရှိပါတယ်။ အဲဒီတော့ ဘယ်စစ်ဆေးနည်းကို စစ်ရမလဲဆိုတာ ဆရာဝန်တွေက ချင့်ချိန်ဖို့လိုလာပါတယ်။ ဒူးနာရင် ဘာကိုစစ်မှာလဲ၊ ချောင်းဆိုးရင် ဘာကိုစစ်မှာလဲ၊ ဝမ်းလျှောရင် ဘာကိုစစ်မှာလဲ . . ဒါတွေကို ချင့်ချိန်တတ်ဖို့က အရိုး၊ အကြော၊ အဆစ်ဆေးပညာဌာနက ဆရာဝန်တွေနဲ့ ဆိုင်ပါတယ်။

မေး။ ။ မျိုးရိုးကော လိုက်တတ်ပါသလား ဆရာ။
ဖြေ။ ။ ပြုပြင်ထားတဲ့ အစားအသောက်တွေ စားလို့ ဖြစ်ရတာက အဓိက အကြောင်းရင်း ဖြစ်တယ်။ နောက်ပြီးတော့မှ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကလာပ်စည်းတွေကို ပျက်စီးစေတဲ့အကြောင်းတွေထဲမှာ လူသိများတာက ဆေးလိပ်နဲ့အရက်ပါ။ တတိယ အကြောင်းတရားက မျိုးရိုးပါ။ မျိုးရိုးကောင်းတဲ့ သူကတော့ ဆေးလိပ်၊ အရက်သောက်လည်း ဘာမှ မဖြစ်ဘူးဆိုတဲ့ သူတွေရှိပါတယ်။ ဗီဇသိပ် သန်စွမ်းတဲ့သူတွေက ဆိုးဆေးပါတဲ့ ဝက်သား တုတ်ထိုးစားလည်း ဘာမှမဖြစ်ဘူးဆိုတာ ရှိပါတယ်။ ဗီဇအားပျော့တဲ့သူတွေမှာ အပြင်က ဆိုးဆေးပါတဲ့ အစားအသောက်တွေ စားသောက်မိတယ်၊ ဆေးလိပ်ငွေ့ရှူမိတယ်ဆိုရင် ပျက်စီးနှုန်း ပိုမြန်ပြီး ရောဂါပိုဖြစ်တတ်ပါတယ်။ ဒီတော့ မျိုးရိုးရဲ့အပိုင်းကလည်း ၂၀ ရာခိုင်နှုန်းလောက်ပါပါတယ်။ သဘာဝပတ်ဝန်းကျင်က ၈၀ ရာခိုင်နှုန်းပါတယ်။

မေး။ ။ ဒါနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ ထပ်မံပြောလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ။ ။ ဒါက မကူးစက်နိုင်တဲ့ နာတာရှည်ရောဂါတွေ ထဲမှာပါတယ်။ ဖြစ်လာရင် ပျောက်ဖို့ခက်တယ်၊ ကုလို့တော့ရပါတယ်။ ဆီးချိုဖြစ်ရင် ဆီးချိုဆေးသောက်ပြီး ထိန်းချုပ်လို့ရသလိုမျိုးပါပဲ။ တချို့ ရောဂါတွေကျတော့ဖြစ်ပြီး တစ်လလောက်အတွင်း သေသွားတာလည်း ရှိပါတယ်။ အရေးကြီးတာက စားသုံးသူတွေကို ကာကွယ် ပေးဖို့လိုပါတယ်။ ဥပဒေတွေကို တင်းကျပ်တယ် ဆိုတာ အရက်သောက်သူတွေမှာ အရက်ငွေ့တိုင်းတာပြီး အရေးယူတာမျိုးက စားသုံးသူကို ဒုက္ခပေးသလိုဖြစ်နေပါတယ်။ အရက်တွေကို ထုတ်လုပ် သူတွေ၊ တရားမဝင်ရောင်းတဲ့သူတွေကို အရေးမယူဘဲနဲ့ စားသုံးသူကို အရေးယူတာမျိုးကလည်း မဖြစ်သင့်ဘူး။ ရောဂါဖြစ်စေတဲ့ ဆိုးဆေးတွေက မြန်မာပြည်မှာ သိပ်များပါတယ်။ တရားမဝင် သုံးနေတာလည်း ရှိတယ်၊ တရားဝင်သုံးပြီးတော့ လိုတာထက် ပိုထည့်တာလည်း ရှိတယ်။ ဒါတွေကို တိတိကျကျ အရေးယူဖို့ ကောင်းတယ်။ ကျောက်ကပ်ပျက်စီးမှ အစားထိုးတာမျိုးလုပ်မှာထက်စာရင် ပျက်စီးစေတဲ့ အကြောင်းရင်းတွေက ဘယ်က စတာလဲဆိုတာ ရှာရမယ်။ အစားအသောက် အနေအထိုင်က စတာဖြစ်တော့ ဒါတွေကို အဓိက တားဆီးပေးမယ်၊ အရေးယူမယ်ဆိုရင်တော့ စား သုံးသူတွေအတွက် အများကြီးအကျိုးရှိလာမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top