Healthy Life Ad
Life Style

၀က်ခြံအကြောင်း သိကောင်းစရာ

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီး) မြောက်ဥက္ကလာပဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ဝက်ခြံ ဘာကြောင့် ပေါက်တတ်ပါသလဲ ဆရာမ။
ဖြေ။ ။ ဝက်ခြံပေါက်ရတဲ့ အကြောင်းရင်းဖြစ်စဉ်ကို ရှင်းပြပေးပါမယ်။
အဆီဆိုတာက လူ့အရေပြားကို ခြောက်သွေ့မှုမှကာကွယ်ပေးပါတယ်။ ဒါပေမဲ့ အင်ဒရိုဂျင် (androgens) အထွက်အများဆုံးဖြစ်တဲ့ အရွယ်ရောက်ချိန်မှာ အဆီကျိတ်တွေ ကြီးလာပြီး အဆီကျိတ်ကနေ အဆီထုတ်လုပ်တဲ့ လုပ်ငန်းများလာပါတယ်။အဆီကျိတ်မှ ထွက်လာတဲ့ အဆီတွေအားလုံးကုန်တဲ့အထိ မထွက်နိုင်တဲ့အခါ အပေါက်တွေ ပိတ်ဆို့လာပါတယ်။ဝက်ခြံ ဖြစ်စေတဲ့ ပိုးက အရေပြားပေါ်မှာ ပုံမှန် အဖြစ်ရှိနေရာမှ အဆီပေါက်အတွင်း ဝင်ရောက်လာကာ၊ ဝက်ခြံအဖုများစွာ ဖြစ်လာပါတော့တယ်။အရေပြားဟာ အဆီကျိတ်တွေ ပုံမှန်ရှိနေရာမှ ပုံမမှန်တော့တဲ့အတွက် ရောင်ရမ်းလာပါတယ်။ အရေပြားပေါ်ရှိ တခြားဘက်တီးရီးယားပိုးတွေပါ အဆီကျိတ်နေရာကို ရောက်ရှိလာတာကြောင့် ဝက်ခြံ ဖုက ပိုမိုရောင်ရမ်းလာကာ ပြည်ဖုအသွင်ကူးပြောင်း သွားပါတော့တယ်။

မေး။ ။ မျက်နှာသစ်တာကြောင့် ဝက်ခြံ ပျောက်နိုင်ပါသလား ဆရာမ။
ဖြေ။ ။ မျက်နှာ အလွန်သစ်တာ၊ ကြေးချွတ်ပွတ်တိုက် တာတွေက ဝက်ခြံကိုမကုနိုင်ပါဘူး။ ဒါ့အပြင် အရေ ပြားကို ထိခိုက်စေပြီး ဝက်ခြံကို ပိုဆိုးစေပါတယ်။ မျက်နှာကို တစ်နေ့တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ခန့် ရေ နွေးနွေးလေး(မပူရပါ)နဲ့ ဆပ်ပြာပျော့ပျော့သုံးကာ မျက်နှာသစ်မှမှန်ပါတယ်။ ဒါမှသာ အဆီတွေ ပြောင် စင်စေတဲ့ နည်းမှန်ဖြစ်ပါတယ်။ တကယ်လို့ ဆံပင် အဆီပြန်တတ်ရင် ခေါင်းမှန်မှန်လျှော်တဲ့ နည်းနဲ့ ဆံပင်မှ အဆီတွေ မျက်နှာပေါ်ကျတာကို ရှောင်နိုင်ပါတယ်။

မေး။ ။ ဝက်ခြံပေါက်တာက အစားအသောက်နဲ့ ဆိုင်ပါသလား ဆရာမ။
ဖြေ။ ။ ဝက်ခြံ ဖြစ်စေတဲ့ အစားအစာ ဆိုတာမျိုး မရှိပါ။ တချို့ အစားအစာတွေက တချို့လူတွေမှာ ဝက်ခြံပို ဆိုးစေတယ်လို့ ထင်ရင် အဲဒီအစာကို ရှောင်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ဒီနေရာမှာ သိစေချင်တာက အဆီများတဲ့ အ စားအစာတွေက အရေပြားကို အဆီထွက်များစေပါတယ်။ အဆီများတဲ့ အစားအသောက်တွေကိုစားရင် အစားအသောက်ထဲက အဆီတွေ ပါးစပ်နားရှိအရေပြားပေါ်မှာ ကျန်နေတဲ့အခါ ဝက်ခြံကို ပိုဆိုးစေတတ် ပါတယ်။ တချို့ဟင်းရွက်အဆီတွေက ဝက်ခြံကို ပိုဆိုးစေပါတယ်။ မျိုးရိုးဗီဇဆိုင်ရာ ဝက်ခြံ အဖြစ်များတာ၊ အင်ဒရိုဂျင်ဟော်မုန်းအထွက်များတာ၊ ရာသီသွေးကမောက်ကမဖြစ်တာနဲ့ စိတ်ဖိစီးမှုများတာတွေ ကလည်း ဝက်ခြံပိုဆိုးစေပါတယ်။

မေး။ ။ အလှပြင်ပစ္စည်းတွေသုံးပြီး ဝက်ခြံမပေါက်အောင် အသားအရေကို ဘယ်လို ထိန်းသိမ်းသင့်ပါသလဲ ဆရာမ။
ဖြေ။ ။ အဆီထွက်အရေပြားအပေါက်လေးတွေ မပိတ်စေဖို့ အလှပြင်ပစ္စည်းတွေ၊ နေရောင်ကာပစ္စည်တွေက အဆီပါဝင်မှု နည်းရပါမယ်။ ညစဉ် သန့်ရှင်း စင်ကြယ်စွာ သစ်ရပါမယ်။ ဆံပင် အလှဆင်ပစ္စည်းတွေ သုံးမယ်ဆိုရင် မျက်နှာကို ကာကွယ်ထားသင့်ပါတယ်။

မေး။ ။ ဝက်ခြံဖြစ်ရင် သူ့အလိုလို ပျောက်နိုင်ပါသလား ဆရာမ။
ဖြေ။ ။ ဝက်ခြံက သူ့အလိုလို ပျောက်နိုင်ပေမယ့်လည်း စောင့်နေရမယ့် အချိန်က စိတ်ပျက်စရာ ကောင်းပါ လိမ့်မယ်။ ဆိုးကျိုးအနေနဲ့ အမာရွတ်ကျန်တာ၊ မိမိ ကိုယ်ကိုယ် ယုံကြည်မှုနည်းလာတာ၊ စိတ်ဓာတ်ကျတာနဲ့ စိတ်ပူပန်ခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဝက်ခြံကို ပျောက်ကင်းတဲ့အထိ ဆေးကုသ သင့်ပါတယ်။ အချိန်တို ကုသပျောက်ကင်းတယ်ဆိုရင် ကောင်းပါတယ်။ ဒါပေမဲ့ အမှန်မှာ ဝက်ခြံအမှန်တကယ် ပျောက်ကင်းဖို့ လိုအပ်တဲ့ကာလမှာ တစ်လ-နှစ်လ အနည်းဆုံးဖြစ်ပါတယ်။ နောက်တစ်ခု သိစေချင်တာက ဝက်ခြံကုသမှု ရဲ့ ရည်ရွယ်ချက်ဟာ လက်တလောရှိနေတဲ့ ဝက်ခြံတွေကို အနာကျက်သွားစေရုံသာမက နောင်ဖြစ်မယ့် ဝက်ခြံတွေကိုပါ ကာကွယ်ရာရောက်ပါတယ်။ ဝက်ခြံ ကုသနေတဲ့ အချိန်အတွင်းမှာ ဝက်ခြံအသစ်တွေ လည်း ထွက်နေနိုင်ပါတယ်။

မေး။ ။ ဝက်ခြံကုသမှု မခံယူခင် ဘယ်လိုအချက်တွေကို သိထားသင့်ပါသလဲ ဆရာမ။
ဖြေ။ ။ ဝက်ခြံရဲ့ အတိမ်အနက်၊ လူနာအသက်၊ လူနာ အလုပ်အကိုင်၊ အမျိုးသမီးလူနာဖြစ်ပါက ကိုယ်ဝန် ရှိမရှိ၊ ကလေးယူရန်အစီအစဉ်ရှိ၊ မရှိစတာတွေက အရေးကြီးပါတယ်။ ဆေးကုသဖို့စီမံချက်တွေ ချမှတ်ရာမှာ လိမ်းဆေးသာမက စားဆေးတွေပါရှိပါတယ်။ တချို့လူနာတွေဆိုရင် လိမ်းဆေးနဲ့ စားဆေးပေါင်းပြီး ကုသရပါတယ်။ ဝက်ခြံကို သေချာကုပါမှ အမာရွတ်ကျန်တာ သက်သာစေမှာပါ။

မေး။ ။ ဝက်ခြံမဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါသ လဲ ဆရာမ။
ဖြေ။ ။ တချို့လူတွေမှာ ချောကလက်၊ မြေပဲ၊ သကြားလုံး၊ အချိုရည်၊ ဆီနဲ့ကြော်ထားတဲ့ အစာတွေကြောင့် ဝက်ခြံထွက်တတ်လို့ ကိုယ်နဲ့မတည့်ရင် ရှောင်သင့်ပါတယ်။လေ့ကျင့်ခန်းလုပ်တာကြောင့် ကျန်မာရေး ကောင်းစေပါတယ်။ ဟော်မုန်းတွေကို ညှိပေးပါတယ်။တချို့ဆေးတွေက ဝက်ခြံဖြစ်စေပါတယ်။ နှစ်ဖက်မိဘ ဝက်ခြံရှိရင် ပိုဆိုးစေပါတယ်။ အဲဒါဆိုရင် ဝက်ခြံပေါက်တာနဲ့ စောစောကုသမှု ခံယူသင့်ပါတယ်။

မေး။ ။ ဝက်ခြံပိုဆိုးစေတဲ့ အချက်တွေ ရှိရင် သိပါရစေ ဆရာမ။
ဖြေ။ ။ ဝက်ခြံကအချိန်လိုက်ပြန်ဖြစ်တတ်ပါတယ်။

(၁) အဆီ
ခန္ဓာကိုယ်ကို နှိပ်နယ်တဲ့ အဆီတွေနဲ့ ကြေးချွတ်ဆီ၊ ဆံပင်ပြုပြင်ပြင်ဆင်ရာမှာ သုံးတဲ့ သံလွင်ဆီ၊ အုန်းဆီ၊ အပင်မှရတဲ့ အဆီတွေ၊ အသားအရေ ရေဓာတ်ဖြည့်ရာမှာသုံးတဲ့ အဆီတွေက မွေးညင်းပေါက်တွေမှာ ပိတ်ပြီး၊ မွေးညင်းပေါက်တွေ ရောင်ရမ်းရာမှ ဝက်ခြံ ထွက်လာတတ်ပါတယ်။

(၂) မျက်နှာ နှိပ်နယ်ခြင်း
မျက်နှာနှိပ်နယ်လိုက်ရင် လန်းဆန်းစေတယ်။ နုနယ်စေတယ်။ အသားအရေ တင်းရင်းစေတယ်။ ဒါပေမဲ့ ဝက်ခြံထွက်စေပါတယ်။

(၃) ဟင်းချက်ခြင်း
ဟင်းချက်ရာမှာသုံးတဲ့ အပူအစပ်၊ ဟင်းခတ်အ မွှေးအကြိုင်တွေနဲ့ ဟင်းမွှေးမဆလာတွေက ဝက်ခြံ ထွက်စေပါတယ်။

(၄) အလှပြင် ပစ္စည်းများ
နေရောင်ကာ ခရင်မ်လို အဆီတွေက ဝက်ခြံ ပိုဆိုးစေပါတယ်။

(၅) ပွတ်တိုက်ခြင်း၊ ပွန်းပဲ့ခြင်း
အမွေးရိတ်တာ၊ အမွေးရိတ်ဆေးတွေသုံးတာနဲ့ လေဆာနဲ့ အမွေးဖျောက်တာတွေကလည်း ဝက်ခြံ ပိုဆိုးစေပါတယ်။

မေး။ ။ ဝက်ခြံက ကုသပျောက်ကင်းနိုင်ပါသလားဆရာမ။
ဖြေ။ ။ ဝက်ခြံက ကုသပျောက်ကင်းပါတယ်။ ဒါပေမဲ့ လများစွာကြာနိုင်တယ်။ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေ က စောစောကုသဖို့နဲ့ အမာရွတ်မဖြစ်အောင် ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဆေးကုလိုက်ရင် ဝက်ခြံအ ဟောင်းတွေ ပျောက်သွားရုံသာမက ဝက်ခြံအသစ်တွေ ထပ်မထွက်စေတော့ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top