Healthy Life Ad
Life Style

ဘဝရည်မှန်းချက်အတိုင်းအရောက်လှမ်းနိုင်ဖို့ . . .

ကိုမိုး
ရည်မှန်းချက်မထားဘဲ ကိုယ်လုပ်နေတဲ့ အလုပ်လေး ပြီးမြောက်ရုံ၊ အထက်လူကြီး အဆူမခံရရုံ လုပ်နေရင် သင့်ဘဝက ဘယ်တော့မှ တိုးတက်အောင်မြင်လာမှာ မဟုတ်ပါဘူး။ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို ချမှတ်ထားပြီး အဲဒီအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်မှသာ ဘဝကတိုးတက်အောင်မြင်လာမှာ ဖြစ်ပါတယ်။

တစ်နေ့တာ ရည်မှန်းချက်ကို ချမှတ်ပါ
အခုခေတ်လူငယ်အများစုဟာ ကိုယ်လုပ်နေတဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး သေသေချာချာ ဂဃနဏ နားလည်သဘောပေါက်သိရှိမှု အားနည်းနေကြပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်၊ ဦးတည်တဲ့ လမ်းကြောင်းကို သိနားလည်ပြီဆိုရင် တစ်နေ့တာအတွင်း ဘာတွေကို လုပ်ဆောင်ရမယ်၊ ဘာတွေကို ဖြည့်ဆည်းရမယ်ဆိုတာ ကြိုတင်စဉ်းစားထားပါ။ တစ်နေ့တာအတွင်း အဲဒီအလုပ်တွေ ပြီးမြောက်မှသာ အောင်မြင်တဲ့ နေ့တစ်နေ့အဖြစ် ကျေနပ်သင့်ပါတယ်။

တစ်လစာ ပန်းတိုင်ကို ချမှတ်ပါ
ကိုယ့်အလုပ်က အရောင်းဝန်ထမ်းဆိုရင် တစ်လစာအတွင်း ကုန်ပစ္စည်း ဘယ်လောက်များများ ရောင်းထွက်အောင် ဆွဲဆောင်ကြိုးပမ်းမလဲဆိုတာ ကြိုတင်အစီအစဉ်ရေးဆွဲထားပါ။ ကုမ္ပဏီပိုင်ရှင်ဆိုရင်လည်း ဒီတစ်လဝင်ငွေက ဘယ်လောက်ရှိရမယ် ဆိုတာကို ဦးတည်သတ်မှတ်ထားပါ။

တစ်နှစ်စာ ဦးတည်ချက်ကို သတ်မှတ်ပါ
ဘဝအတွက်ပဲဖြစ်ဖြစ်၊ အလုပ်နဲ့ ပတ်သက်ပြီး ဖြစ်ဖြစ်၊ မိသားစုနဲ့ ပတ်သက်ပြီး ဖြစ်ဖြစ် ဒီတစ်နှစ်အတွင်း ဘာဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်ကို ထားရှိပါ။ အဲဒီဦးတည်ချက် ပြည့်မီဖို့ ကိုယ်တတ်ကျွမ်းနား လည်ထားသင့်တဲ့ ပညာရပ်တွေကို ဆည်းပူးလေ့လာရပါမယ်။

နောင် ၅ နှစ်အတွင်း ဘာဖြစ်ရမယ်ဆိုပြီး ဦးတည်ချက် ထားရှိပါ
နောင် ၅ နှစ်အတွင်း ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက် ထားရှိရာမှာ ကိုယ့်ဘက်က ပညာအရည်အချင်း ပြည့်ဝနေဖို့ လိုပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ ပညာတွေ သင်ယူလေ့လာဖို့ ငွေကြေးကို မနှမြောပါနဲ့။ ရသမျှ ဝင်ငွေကို စုလည်းစုပါ၊ ပညာရည်ပြည့်ဝဖို့အတွက် သုံးသင့်တာကိုလည်း သုံးပါ။

Tip လေ့လာသင်ယူပါ

ဘာသာစကား၊ ကွန်ပျူတာ ပညာရပ်၊ စီမံခန့်ခွဲမှုပညာရပ် စသဖြင့် ဒီခေတ်ကြီးမှာ တတ်မြောက်ထားသင့်တဲ့ ပညာအရည်အချင်းတွေက အများကြီးပါ။ အလုပ်ထဲမှာလည်း ကိုယ့်ထက်တော်တဲ့ တတ်တဲ့ သူတွေဆီက သင်ယူလေ့လာပါ။ လူတိုင်းမှာရှိတဲ့ အရည်အချင်းမှန်သမျှကို လေ့လာပြီး မကောင်းတဲ့ အားနည်းချက်တွေကို မေ့ပစ်လိုက်ပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top