Healthy Life Ad
Q & A

တစ်ကိုယ်ရေ အာသာဖြေတာ စိတ်ဝေဒနာလား . . .

မေး။ ။ ကျွန်တော့်အသက် ၂၀ ကျော်ရှိပါပြီ။ အရင်ကနဲ့ မတူတဲ့ စိတ်ပြောင်းလဲမှုတွေဖြစ်လာပါတယ်၊ အထူး သဖြင့် တစ်ကိုယ်ရေ အာသာဖြေချင်စိတ်တွေပေါ် လာတာပါဆရာ။ တစ်ခါတလေ ညဘက်ဖြစ်တတ်ပြီး ကျွန်တော် အာသာဖြေမိပါတယ်။ အဲဒီလို လုပ်မိတိုင်းအပြစ်ရှိသလို ခံစားရပါတယ် ဆရာ။ ဒါက စိတ် ဝေဒနာလား၊ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပဲလား သိချင်ပါတယ် ဆရာ။
ကိုအောင်၊ သာကေတ။

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေး ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ တစ်ကိုယ်ရေအာသာဖြေခြင်း ဒါမှမဟုတ် မိမိဘာသာ ကာမစိတ်ဖြေဖျောက်ခြင်း အပြုအမူဟာ ရောဂါမဟုတ်ပါဘူး။ လိင်သဘာဝ အပြုအမူတစ်မျိုးသာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ အသက် ၁၇နှစ်အရွယ် ယောကျာ်းလေး ၈၀ ရာခိုင်နှုန်းနဲ့ မိန်းကလေး ၅၈ ရာခိုင်နှုန်းဟာ တစ်ကိုယ်ရေအာသာဖြေတဲ့ အပြုအမူရှိပါတယ်။ အရွယ်ရောက်သူတွေထဲမှာ ယောကျာ်း ၉၅ရာခိုင်နှုန်းနဲ့ မိန်းမ ၈၉ ရာခိုင်နှုန်းဟာ မိမိဘာသာ ကာမစိတ်ဖြေဖျောက်တဲ့ အတွေ့အကြုံရှိပါတယ်။

တစ်ကိုယ်ရေ အာသာဖြေခြင်းဆိုင်ရာ အယူအဆမှားများ
ပြည်သူလူထုအတွင်းမှာတစ်ကိုယ်ရေ အာသာဖြေခြင်းနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ အယူအဆတွေ ရှိပါတယ်။ မိမိဘာသာ ကာမစိတ်ဖြေဖျောက်ရင်မျက်စိကန်းတတ်တယ်၊ လိင်အင်္ဂါ ကျုံ့ဝင်သေးငယ်သွားတတ်တယ်၊ အရပ်ပုသွားတတ်တယ်၊ သုက်ရည် ခမ်းခြောက်သွားတတ်တယ်၊ အမျိုးသားတွေမှာ မျိုးအောင်နိုင်စွမ်း မရှိတဲ့ ဝေဒနာ ဖြစ်တတ်တယ်၊ စိတ်ရောဂါ ဖြစ်တတ်တယ် . . . စတဲ့ အယူအဆတွေ ဖြစ်ပါတယ်။ သုက်တစ်စက်ဟာ သွေးတစ်ခွက်နဲ့ ညီမျှလို့ သွေးအားနည်းရောဂါ ဖြစ်တတ်တယ်လို့လည်း ယူဆတတ်တာ ရှိပါတယ်။ အထက်ဖော်ပြပါ အယူ အဆတွေဟာ ‘မမှန်ကန်ကြောင်း’၊ အခြေအမြစ် အထောက်အထား ‘မရှိကြောင်း’ကို ဆေးပညာမှာ သက်သေပြနိုင်ပါတယ်။

တစ်ကိုယ်ရေ အာသာဖြေခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
တစ်ကိုယ်ရေ အာသာဖြေတာကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ လိင်ဆန္ဒပြင်းပြနေတာကို အန္တရာယ်ကင်းကင်းနဲ့ ဖြေဖျောက်နိုင်ပါတယ်။ မိမိရဲ့ လိင်ဆန္ဒဦးတည်ခြင်း သဘာဝ (Sexual Orientation) ကို ပိုမို နားလည်လာပါတယ်။ ကာမ ဆန္ဒဖြေဖျောက်ပြီးရင် ဦးနှောက်ထဲမှာ အင်ဒေါ်ဖင်း (Endophins)၊ ဒိုပါမင်း (Dopamine) နဲ့ အောက်ဇီတိုနင် (Oxytonin) ဓာတ်ထုတ်လုပ်မှုများပြားလာပါတယ်။ အင်ဒေါ်ဖင်းဓာတ်က စိတ်သာယာ ကြည်နူးစေတယ်၊ ဒိုပါမင်းဓာတ်က စိတ်ရွှင်မြူး တက်ကြွစေတယ်၊ အောက်ဇီတိုနင်ကတော့ လိင် ဖက်အချင်းချင်း ချစ်ခြင်းမေတ္တာစိတ်ကို အားပေးပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေ အာသာဖြေပြီးရင် စိတ်တင်းကျပ်မှုကို သက်သာစေပါတယ်၊ စိတ်ဖိစီးမှုဒဏ်ကိုလျော့နည်းစေပါတယ်။ မိမိဘာသာ ကာမ စိတ်ဖြေဖျောက်ခြင်းကြောင့် သုက်ရည်နဲ့ သုက်ကောင်အသစ်လဲလှယ်ခွင့် ရှိလာတယ်။ ဒါကြောင့် သုက်ကောင်တွေ ပိုမိုကျန်းမာသန်စွမ်းနေပါတယ်။
တစ်ကိုယ်ရေအာသာဖြေပြီးရင် ကျားဟော်မုန်း (Testosterone) ဓာတ်နဲ့ နိုက်ထရစ်အောက်ဆိုက်ဓာတ် (Nitric Oxide) တွေက သွေးထဲမှာ များပြားလာပါတယ်။ ကျားဟော်မုန်းဓာတ်က လိင်ဆန္ဒကို အားပေးတယ်၊ နိုက်ထရစ်အောက်ဆိုက်ဓာတ်က လိင်အင်္ဂါအတွင်းရှိ သွေးကြောတွေကို ပျော့ပျောင်းစေတယ်၊ ကျယ်စေတယ်၊ လိင်အင်္ဂါစုကို အသုံးမပြု ခင် စက်နှိုးပေးထားသလို ရှိပါတယ်။ မိမိဘာသာ ကာမစိတ်ဖြေဖျောက်တဲ့ အလေ့အကျင့်ရှိသူတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားဖို့ အလားအလာ နည်းပါးကြောင်း သိရှိရပါတယ်။

တစ်ကိုယ်ရေ အာသာဖြေခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုးများ

တစ်ကိုယ်ရေ အာသာဖြေခြင်းရဲ့ ကောင်းကျိုး တွေကတော့ ဟုတ်ပါပြီ၊ ဆိုးကျိုးမရှိဘူးလားလို့ မေးစရာ ရှိပါတယ်။ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ မိမိဘာသာ ကာမဖြေဖျောက်တဲ့အခါ လိင်အင်္ဂါမှာ မတော်တဆ ထိခိုက်ဒဏ်ရာ ရနိုင်တယ်၊ တချို့က စိတ်မချမ်းမြေ့ရင်၊ စိတ်သောက များလာရင် တစ်ကိုယ်ရေ အာသာဖြေခြင်းကို ထွက်ပေါက်တစ်ခုအဖြစ် အသုံးပြုတတ်ပါတယ်။ အဲဒီလို မဖြစ်သင့်ပါဘူး။ မိမိဘာသာ ကာမစိတ် ဖြေဖျောက်ပြီးရင် စိတ်ထဲမှာ အပြစ်မြင်လာတာ၊ ကြောက်စိတ်၊ စိုးရိမ်စိတ် ဝင်လာတာ ရှိနိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မမှန်ကန်တဲ့ အယူအဆတွေကြောင့် ဖြစ်တတ်ပါတယ်။ အဲဒီလို သဘောထားမျိုး မရှိသင့်ပါဘူး။ အိမ်ထောင်ရှင် ဖြစ်ပေမယ့် မိမိဘာသာ ကာမစိတ်ဖြေခြင်းကိုသာ အားကိုးပြီး အိမ်ထောင်ဖက်ကို လျစ်လျူရှုထားရင် အိမ်ထောင်ရေးပြဿနာ ပေါ်ပေါက်လာနိုင်ပါတယ်။တစ်ကိုယ်ရေအာသာဖြေဖျောက်ခြင်းဟာ စိတ်ရောဂါဆန်လာတယ်လို့ ပြောရမယ့် အခြေအနေတွေတော့ ရှိပါတယ်။ လိင်ဖက်မရှာဘဲ တစ်သက်လုံး တစ်ကိုယ်ရေ အာသာဖြေခြင်းကိုသာ နှစ်ခြိုက်ခြင်း၊ မိမိဘာသာ ကာမဖြေဖျောက်ခြင်းကို နေ့စဉ်ရက်ဆက် အကြိမ်ကြိမ် ပြုလုပ်လိုခြင်း၊ ထိန်းချုပ်ရန် ခက်ခဲခြင်း၊ ၎င်းအပြုအမူကြောင့် နေ့စဉ် လုပ်ငန်း ကိစ္စ၊ လူမှုရေးကိစ္စ၊ အိမ်ထောင်ရေးကိစ္စတွေမှာ ထိခိုက်နစ်နာမှုရှိခြင်းတို့ ဖြစ်လာရင် ရောဂါဆန်လာပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top