Healthy Life Ad
Health Tips

စမတ်ဖုန်း အလွန်အကျွံ အသုံးပြုခြင်း၏ ဘေးထွက်ဆိုးကျိုး ၅ သွယ်

ကိုမိုး

နည်းပညာခေတ်မှာ နေထိုင်နေကြရတဲ့ ကျွန်တော်တို့တစ်တွေဟာ နည်းပညာတွေကြောင့် ကိုယ်နေဟန်ထိခိုက်မှုနဲ့ မျက်စိနာကျင်မှုတွေ မဖြစ်စေဖို့ သတိပြုသင့်ပါတယ်။

(၁) ကိုယ်ဟန်အနေအထားနှင့် လည်ပင်းထိခိုက်ခြင်း
ဖုန်းကို ငေးကြည့်တာနဲ့ အချိန်ကြာကြာ လျှောကြည့်တာတွေကြောင့် လည်ပင်းနဲ့ ခါးကို ထိခိုက်စေနိုင်ပါတယ်။ ဖုန်းကို ကိုယ်ဟန်အနေအထား မမှန်တဲ့ ပုံစံနဲ့ အသုံးပြုတာကြောင့် ဆယ်ကျော်သက်အရွယ်တွေမှာ ကိုယ်ဟန်အနေအထား ထိခိုက်ပြီး အရွယ်ရောက်သူတွေမှာ ခါးနာတတ်ပါတယ်။

ဖုန်းကို လျှောကြည့်မယ့်အစား သင့်ရှေ့မှာ တိုက်ရိုက်ထားပြီး ကြည့်ပါ၊ ဒါမှသာ လည်ပင်းနဲ့ ခါးပေါ်ဒဏ်သက်ရောက်မှု လျော့ကျမှာ ဖြစ်ပါတယ်။

(၂) ဖုန်းမရှိမှာ ကြောက်ခြင်း
လက်ကိုင်ဖုန်း မရှိမှာ ကြောက်ရွံ့တဲ့ ဝေဒနာကို Nomophobia (No-mobile-phone phobia) လို့ခေါ်ပါတယ်။ ဖုန်းကို အဆက်မပြတ် စစ်ဆေးကြည့် နေတာ၊ ဖုန်းပါသလား၊ မပါဘူးလား တစ်ချိန်လုံး သတိထားနေမိတာ၊ ဖုန်းပျောက်မှာကို အမြဲတမ်း စိုးရိမ်နေတာစတဲ့ လက္ခဏာတွေ ခံစားရတတ်ပြီး အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအဖြစ်များပါတယ်။

ဖုန်းမရှိမှာ ကြောက်တဲ့ ပူပင်စိတ်ဟာ တရားထိုင်တာ၊ ယောဂကျင့်တာနဲ့ အသက်ပြင်းပြင်း ရှူသွင်း/ ရှူထုတ်တာ စတဲ့ နည်းတွေနဲ့ သက်သာနိုင်ပါတယ်။

(၃) ဖုန်းမြည်နေသည်ဟု ထင်ခြင်း
အိတ်ထဲမှာ ဖုန်းမြည်နေသလားဆိုပြီး မကြာခဏဆန်းစစ်မိပေမယ့် ဘာဖုန်းမှ မလာတာမျိုး ခံစားဖူးပါသလား။ လူမှုကွန်ယက်သုံးသူတွေနဲ့ ဖုန်းနဲ့ စာမက်ဆေ့ချ်ရိုက်လေ့ရှိသူတွေက ဖုန်းသံမမြည်ပေမယ့် ဖုန်းသံမြည်တယ်လို့ ထင်တာမျိုး ဖြစ်တတ်ပါတယ်။

သင့်အိတ်ထဲမှာ ဖုန်းထည့်မယ့်အစား လက်နဲ့ ကိုင်တာမျိုးဖြစ်ဖြစ်သိသာတဲ့ နေရာမှာ ဖုန်းကိုထားပေးပါ။ ဒါမှသာ ဖုန်းကိုမကြာခဏမစစ်ဖြစ်တော့မှာပါ။

(၄) လက်ချောင်းနာခြင်း
ဖုန်းစကရင်မှာ ထိတွေ့တာ၊ စာရိုက်တာတွေ လုပ်ရင် လက်မောင်းကြွက်သားတွေနဲ့ လက်ချောင်းတွေကို နာကျင်ထိခိုက်စေပါတယ်။ လက်ချောင်းတွေ ဒဏ်သက်ရောက်တာကြောင့် လက်ချောင်းတွေ ထုံကျဉ်တဲ့ ဝေဒနာရတတ်ပါတယ်။

လက်မောင်းနဲ့ လက်ချောင်းတွေ ဒဏ်ပိပြီး ထုံကျဉ်တဲ့ ဝေဒနာ သက်သာစေဖို့ လက်ချောင်းတွေကို ကွေးလိုက်ဆန့်လိုက် လုပ်ဆောင်ပေးပါ။

(၅) မျက်စိအမြင် ထိခိုက်ခြင်း

ဖုန်းကို နာရီနဲ့ချီပြီး ငေးကြည့်တာကြောင့် မျက်စိကျိန်းစပ်တာ၊ မူးဝေတာ၊ မျက်စိခြောက်သွေ့တာ၊ အမြင်ဝါးတာနဲ့ မျက်စိမသက်မသာဖြစ်တာတို့ ဖြစ် တတ်ပါတယ်။ ဖုန်းပေါ်က စာလုံးအရွယ်အစားတွေ သေးငယ်တာကြောင့် မျက်စိမှာ ဒဏ်သက်ရောက်မှု ဖြစ်နိုင်သလို လည်ပင်းကြွက်သားမှာ ဖိအားကျ ရောက်နိုင်ပါတယ်၊ နောက်ဆက်တွဲအနေနဲ့ ခေါင်း ကိုက်တတ်ပါတယ်။

ဖုန်းသုံးပြီး မျက်စိအမြင်ထိခိုက်မှု မဖြစ်စေဖို့ မိနစ်အနည်းငယ်ကြာတိုင်း အနားပေးပါ၊ မျက်တောင် မကြာခဏ ခတ်ပေးပါ။
Ref; HD

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top