Healthy Life Ad
Life Style

ရတနာမိုင်၏ ကျန်းမာလှပ လူမှုဘဝ

– လတ်တလော အနုပညာလှုပ် ရှားမှုလေးတွေ သိပါရစေ။
“သူသိစေ” တစ်ကိုယ်တော်စီးရီးအတွက် သီချင်းသွင်းဖြစ်နေပါတယ်။ ညီမက ကားရိုက်တွေထက် သီချင်းတွေဘက်ကိုပဲ ဦးစားပေးဖြစ်နေပါတယ်။ ညီမ ကိုယ်တိုင်ကလည်း အဆိုတော်တစ်ယောက်အနေနဲ့ ဝင်လာတာဖြစ်တဲ့အတွက် ညီမကို သရုပ်ဆောင်ဆိုတာထက် အဆိုတော်တစ်ယောက်လိုပဲ မြင်စေချင်ပါတယ်။

– ညီမ ကျန်းမာနေအောင် ဘယ်လိုနေထိုင်ဖြစ်သလဲ။
ညီမက အမျိုးသမီးတွေအတွက် အသုံးတည့်တဲ့ အားဆေးတွေသောက်ဖြစ်ပါတယ်။ အစားအသောက်ဆိုရင် အဆီအအိမ့်တွေမစားဖြစ်ပါဘူး။ အားကစားတော့ သိပ်မလုပ်ဖြစ်ပါဘူး။ အဓိက ကျန်းမာရေးအတွက်ကို အစားအသောက်နဲ့ပဲ ဂရုစိုက်ဆင်ခြင်ဖြစ်ပါတယ်။ ပြီးတော့ အသားငါးထက် အသီးအရွက်ကို ပိုစားတာများပါတယ်။

– ခန္ဓာကိုယ်ဝိတ်ကို ဘယ်လိုထိန်းဖြစ်ပါသလဲ။
ညီမခန္ဓာကိုယ်က ဝိတ်ကျပြီးကတည်းက ပြန်တက်မလာတော့ဘူး။ ကံကောင်းတယ်ပဲ ပြောရမယ်။ အစားအသောက်နဲ့လည်း ထိန်းတာ သိပ်မလုပ်ဖြစ်ပါဘူး။ တစ်ခါတလေ ညနေပိုင်းတွေ စားဖြစ်တယ်။ အရင်ကဆို ညနေစာစားရင် ဝိတ်တက်လာတာမျိုးရှိတယ်။ အခုကျတော့ ခန္ဓာကိုယ်ဝိတ်က ပုံမှန်လေးဖြစ်နေပါတယ်။

– ကျန်းမာရေးအတွက်ရော အနေအထိုင်ကို ဘယ်လိုဂရုစိုက်ဖြစ်ပါသလဲ။
အဓိက ညီမက အိပ်ချိန်မှန်အောင် ကြိုးစားနေပါတယ်။ အရင်ကဆို ည ၁၂ နာရီ- ၁ နာရီလောက်မှ အိပ်ဖြစ်တော့ ကျန်းမာရေးအတွက် အဆင်မပြေတာတွေများတယ်။ အခုချိန်မှာ အိပ်ချိန်ကို အနည်းဆုံး ည ၁၀ နာရီ အိပ်ပြီး မနက် ၆ နာရီထတဲ့အကျင့် လုပ်နေပါတယ်။

– ညီမ အမေကရော ညီမရဲ့ကျန်းမာရေးကို ဘယ်လိုဂရုစိုက် အကြံပေးပါသလဲ။
အမေက ညီမကိုအိမ်မှာချက်တဲ့ အစားအစာတွေစားခိုင်းတယ်။ အပြင်စာတွေ သိပ်မစားခိုင်းဘူး။ တခြား ကျန်းမာရေးအတွက် အထောက်အကူပြုစေတဲ့ ဗဟုသုတတွေလည်း မျှဝေပေးတယ်။ အကြံလည်း ပေးပါတယ်။

– နယ်ခရီးတွေထွက်ပြီး သီချင်းသွားဆိုဖြစ်ရင် ကျန်းမာရေးအတွက် ဘယ်လိုပြင်ဆင်မှုတွေ လုပ်ဆောင်သွားလေ့ရှိလဲ။
ညီမတို့က အမြဲတမ်း ခရီးသွားနေကျဖြစ်တဲ့အတွက် ခရီးသွားတိုင်း ဆေးဝါးအစုံအလင် ယူဆောင်သွားဖြစ်ပါတယ်။ ညီမက ကိုက်ခဲတတ်တော့ အကိုက်အခဲပျောက်ဆေးကို မပါမဖြစ် အဓိကယူ ဆောင်သွားဖြစ်ပါတယ်။

– ညီမက ကျန်းမာရေးချူချာတတ်လား။
ငယ်ငယ်တုန်းကတော့ ကျန်းမာရေးအရမ်းချူချာတယ်။ အခုကြီးလာတော့ ချူချာတာမျိုး သိပ်မရှိပါဘူး။ တစ်ခါတလေ အနည်းဆုံးတစ်နှစ်တစ်ခါလောက်ပဲ ဖျားပါတယ်။ ကျန်းမာရေးစစ်ဆေးမှုကတော့ မလုပ်ဖြစ်သေးပါဘူး။

– အသံခွန်အားဖြစ်ဖို့ ဘယ်အရာကို ပိုဂရုစိုက်ရလဲ။
အဓိက အသံကြည်လည်ဖို ့၊ ခွန်အားဖြစ်ဖို့က အိပ်ရေးဝ၀အိပ်ပါတယ်။ အိပ်ရေးဝရင် အားရှိတယ်။ သီချင်းဆိုရတာလည်း အဆင်ပြေပါတယ်။ အိပ်ရေးမဝတဲ့အခါ အသံသွင်းရင် အဆင်မပြေမှုတွေရှိတတ်တယ်။ ညီမအသံကတော့ ဝင်ခဲတယ်။ တစ်ခါတလေ နယ်ရှိုးတွေသွားဆိုရင် အဆင်ပြေတာများပါတယ်။

– အတိုက်အခိုက်တွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းတတ်သလဲ။
ညီမကို ကောလာဟလတွေ၊ အတိုက်အခိုက်တွေရှိလာရင် ညီမက ခဏတော့ စိတ်ကတိုသွားတာမျိုးရှိတယ်။ ဒါပေမဲ့ အကြာကြီး စိတ်ထဲ မထားတတ်ဘူး။ စိတ်ညစ်စရာတွေရှိရင် အမေ့ကို ပြောပြတယ်။ တစ်ခါတလေ အဖေ့ကိုပါ ရင်ဖွင့်ဖြစ်တယ်။

– အခုလို မိုးရာသီမှာရော ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်ဖြစ်ပါသလဲ။
အဓိကကတော့ မိုးမမိအောင်နေတယ်။ မိုးမိလာပြီဆိုရင်လည်း သေချာဂရုစိုက်တယ်။ အသွားအလာဆင်ခြင်ရတယ်။ ညီမက မိုးမိတာနဲ့ နှာစေးချောင်းဆိုးဖြစ်တတ်တယ်။ အဲဒါလေးတော့ ဂရုစိုက်ရပါတယ်။ အရမ်းကြီးကြီးမားမားတော့ မဟုတ်ပါဘူး။

– အခုလိုမိုးတွင်းမှာ ပရိသတ်တွေအတွက် ညီမပေးချင်တဲ့ ကျန်းမာရေးအကြံပြုချက်တွေ ရှိရင်လည်း ပြောပြပေးပါဦး။
ပရိသတ်ကြီးအားလုံး ကျန်းမာကြပါစေ။ အခုလို မိုးတွင်းမှာ သွေးလွန်တုပ်ကွေးမဖြစ်အောင် ခြင်အန္တရာယ်ကိုကာကွယ်ကြပါ။ တခြား ကျန်းမာရေး ဗဟုသုတတွေကိုလည်း လေ့လာလိုက်စားဖို့ပြောချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top