Healthy Life Ad
International

ထိုင်ဝမ်ပေါ့ပ်အဆိုတော်ရဲ့ သီချင်းတွေ နားထောင်ပြီးနောက် သတိလစ်မေ့မျောနေရာမှ နိုးထလာတဲ့ တရုတ်အမျိုးသမီး

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံမှ အသက် ၂၄နှစ်အရွယ် အမျိုးသမီးတစ်ယောက်ဟာ လွန်ခဲ့တဲ့ နိုဝင်ဘာလက အောက်ဆီဂျင်မရရှိမှုကြောင့် ဦးနှောက်ထိခိုက်ကာ သတိလစ်မေ့မျောသွားခဲ့ပါတယ်။ နှလုံးခုန် သုံးကြိမ်ရပ်သွားခဲ့ပြီး အဆုတ်တွေ၊ ကျောက်ကပ်တွေ ဆိုးဆိုးရွားရွားပျက်ဆီးသွားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ဟူပေခရိုင်၊ ဝူဟန်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံယူနေခဲ့ပါတယ်။ လေးလကြာပြီးနောက်မှာ ထိုင်ဝမ်ပေါ့ပ်အဆိုတော် ဂျေချောင်ရဲ့ပေါ့ပ်သီချင်းတွေနားထောင်နေရင်း အမျိုးသမီးဟာ သတိပြန်ရလာခဲ့ကြောင်း သိရပါတယ်။ ဂျေချောင်ရဲ့ နာမည်ကျော် Rosemary သီချင်းဖွင့်နေစဉ် အမျိုးသမီးရဲ့ခြေထောက်တွေ စတင်လှုပ်ရှားလာခဲ့တယ်လို့သိရပါတယ်။ သူ့ကို ပြုစုနေတဲ့ အမျိုးသားသူနာပြုဖန်ခဲလင်က နေ့စဉ် သီချင်းတွေ၊ ဟာသတွေ၊ အနုပညာသတင်းတွေကို သူမနံဘေးမှာ ပြောပြနေခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။ သူနဲ့သက်တူ ဖြစ်တဲ့အမျိုးသမီးဟာ ဂျေချောင်သီချင်းတွေ နှစ်သက်မယ်လို့ ယူဆတာကြောင့် နေ့စဉ်ဖွင့်ပြပေးဖြစ်ခဲ့တယ်လို့သိရပါတယ်။

အမျိုးသမီးဟာ နောက်ဆုံးမှာ မျက်လုံးတွေပွင့်လာခဲ့ပြီး လက်တွေမြှောက်တာ၊ ခြေထောက်မြှောက်တာတို့ကို မှန်မှန်ကန်ကန်ပြုလုပ်ပြနိုင်ခဲ့ပါတယ်။ အမျိုးသမီးရဲ့အခြေအနေဟာ သက်သာလာခဲ့တာကြောင့် အထူးကုသဆောင်မှ အထွေထွေဆောင်သို့ ပြောင်းရွှေ့ထားလိုက်ပြီလို့လည်း သိရပါတယ်။ ထိုင်ဝမ်အဆိုတော် ဂျေချောင်ဟာ ၂၀ဝ၀ ခုနှစ်ကျော် စကာလများက စတင်နာမည်ကျော်ကြားလာခဲ့ပြီး သူ့ရဲ့ Rosemary သီချင်းဟာ ၂၀ဝ၆ ခုနှစ်က ထွက်ရှိခဲ့ကြောင်း သိရပါတယ်။

(Ref;SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top