Healthy Life Ad
International

အရက်သောက်ခြင်းက ကင်ဆာအမျိုးအစား အနည်းဆုံး ခုနစ်မျိုး ဖြစ်စေနိုင်

၊ မိုးမင်းထွန်း ၊

အရက်သောက်တာက ကင်ဆာဖြစ်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်တယ်လို့ သုတေသီတွေက ပြောကြားလိုက်ပါတယ်။ နယူးဇီလန်နိုင်ငံ၊ အော့တာဂိုတက္ကသိုလ်မှ ဂျန်းနီကွန်နာက အရက်ကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါတွေကြောင့် ၂၀၁၂ တစ်နှစ်ထဲမှာပဲ လူသန်းတစ်ဝက်သေဆုံးခဲ့ပြီး ကမ္ဘာအနှံ့ကင်ဆာကြောင့် သေဆုံးမှုတွေရဲ့ ၅ ဒသမ ၈ရာခိုင်နှုန်းရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

သူရဲ့လေ့လာမှုအရ အယ်လ်ကိုဟောက ပါးစပ်၊ လည်ချောင်း၊ အသံအိုး၊ အစာပြွန်၊ အသည်း၊ အူမကြီး၊ အူသိမ်အူမနဲ့ ရင်သားကင်ဆာတွေကို ဖြစ်စေတယ်လို့ဆိုပါတယ်။ တခြားကင်ဆာအမျိုးအစားတွေ ဖြစ်နိုင်ခြေရှိသေးတယ်လို့ပြောပါတယ်။ အရက်ဖြတ်လိုက်တာက ကင်ဆာဖြစ်နိုင်ခြေ လျော့ကျစေပေမယ့် အရက်သောက်တာကပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အန္တရာယ်ဖြစ်စေတယ်လို့ဆိုပါတယ်။ အနီရောင်ဝိုင်တွေသောက်တာက နှလုံးကျန်းမာရေးကောင်းမွန်စေတယ်လို့ ဆိုကြပေမယ့် ကင်ဆာဖြစ်နိုင်ခြေရှိတာကြောင့် ရှောင်ရှားသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အမျိုးသမီးတွေမှာ အရက်မသောက်သူတွေနဲ့နှိုင်းယှဉ်ရင် တစ်နေ့ အယ်လ်ကိုဟော ၂ ယူနစ် သောက်သူတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်းမြင့်မားတယ်လို့ ဆိုပါတယ်။ တစ်နေ့ ၅ ယူနစ်သောက်သူတွေက ၄၀ရာခိုင်နှုန်းအထိ မြင့်မားကြပါတယ်။ အရက်မသောက်သူ အမျိုးသမီး ၁၀ဝ၀မှာ ရင်သားကင်ဆာဖြစ်သူ ၁၀၉ဦးရှိပြီး တစ်ပတ် ၁၄ ယူနစ်နဲ့ ၁၄ယူနစ်အောက်သောက်သူ အမျိုးသမီး ၁၀ဝ၀မှာ ရောဂါဖြစ်သူ၁၂၆ ဦး ရှိပါတယ်။ တစ် ပတ် ၁၄ နဲ့ ၃၅ ယူနစ်အကြား သောက်သူတွေမှာတော့ ၁၅၃ ဦးဖြစ်ပွားတာကို တွေ့ရှိခဲ့ပါတယ်။

အရက်နဲ့ကင်ဆာကြား ဆက်စပ်မှုကို သုတေသီတွေက စူးစမ်းနေဆဲရှိပေမယ့် သီအိုရီတစ်ခုအရတော့ အယ်လ်ကိုဟောက DNA ကို ပျက်စီးစေတယ်လို့ဆိုပါတယ်။ ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့မှ သိပ္ပံပရိုဂရမ်မန်နေဂျာ ဆူဆန်နာဘရောင်းက အရက်သောက်တာကြောင့် အသည်းကင်ဆာဖြစ်စေတယ်လို့သာ လူတွေသိထားကြပေမယ့် တခြားကင်ဆာအမျိုးအစားတွေလည်းဖြစ်နိုင်တယ်လို့ လေ့လာမှုတွေအရ သိရှိရပါတယ်။ အထူးအဖြစ်များတာကတော့ အူသိမ်အူမနဲ့ ရင်သားကင်ဆာတွေပါပဲလို့ ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top