Healthy Life Ad
Life Style

လွန်ခဲ့တဲ့ ရှစ်နှစ်က သားဥအိမ်ကင်ဆာ နောက်ဆုံးအဆင့်ခံစားခဲ့ရသော်လည်း ယခုတိုင် ကျန်းမာနေသူ ဒေါ်နွယ်နွယ်ဝင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဓာတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရပြီးနောက် လုပ်ငန်းခွင်မဝင်ဘဲ မိဘနှစ်ပါးကို ပြုစုရင်း နေထိုင်ခဲ့သော အပျိုကြီး ဒေါ်နွယ်နွယ်ဝင်းသည် သွေးဆုံးခါနီးဖြစ်သည့် အသက် ၅၀ အရွယ် ၂၀ဝ၈ ဇွန်လပိုင်းတွင် ဗိုက်တင်းခြင်း၊ အန်ခြင်း စသည့် ဝေဒနာများကို စတင်ခံစားခဲ့ရသည်။

သွေးဆုံးခါနီးမှာတော့ ဗိုက်တင်းတာ၊ အန်တာတွေ ဖြစ်လာတယ်၊ အစပိုင်းမှာ အစာအိမ်ဝေဒနာလို့ ထင်တယ်၊ အဲဒါနဲ့ ရိုးရိုးဆရာဝန်နဲ့ ပြတယ်။ ပြီးတော့ အသည်းထင်တယ်ဆိုပြီး အသည်းဆရာဝန် တစ်ဦးဆီ သွားပြလိုက်တယ်။ သူက အာထရာဆောင်းရိုက် စစ်ဆေးပြီး ကင်ဆာလို့ သတ်မှတ်ရင်း ကင်ဆာအထူးကု ဆရာဝန်ကြီးဆီ ညွှန်လိုက်ပါတယ် …

“တက္ကသိုလ်ကျောင်းသူဘဝတုန်းကလည်း ရာသီလာတာကလည်း ပုံမှန်ပဲ၊ ဘာဝေဒနာမှလည်း မဖြစ်ခဲ့ဘူး။ သွေးဆုံးခါနီးမှာတော့ ဗိုက်တင်းတာ၊ အန်တာတွေဖြစ်လာတယ်၊ အစပိုင်းမှာ အစာအိမ်ဝေဒနာလို့ ထင်တယ်၊ အဲဒါနဲ့ ရိုးရိုးဆရာဝန်နဲ့ ပြတယ်။ ပြီးတော့ အသည်းထင်တယ်ဆိုပြီး အသည်းဆရာဝန်တစ်ဦးဆီ သွားပြလိုက်တယ်။ သူက အာထရာဆောင်း ရိုက်စစ်ဆေးပြီး ကင်ဆာလို့ သတ်မှတ်ရင်း ကင်ဆာအထူးကု ဆရာဝန်ကြီးဆီ ညွှန်လိုက်ပါတယ်”

ကင်ဆာမျိုးရိုးလည်း မရှိခဲ့သဖြင့် “ကင်ဆာ” ဆိုသော စကားလုံးအား ကြားလိုက်ရသည့်အခါ ဒေါ်နွယ်နွယ်ဝင်းစိတ်ထဲ ကြောက်စိတ်ကြီးစိုးခဲ့သည်။ “ကင်ဆာဆိုတာ သိလိုက်တဲ့အချိန်မှာ အန်တီလည်း ကြောက်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက တရားများများ နာထားတယ်၊ ဝေဒနာက ငါလည်းမဟုတ်ဘူး၊ ငါနဲ့မပတ်သက်ဘူး၊ ဖြစ်-ပျက်ပဲလို့ မှတ်ထားပါတယ်။ အဲဒီတုန်းက အခုလို ခန္ဓာ့ဖြစ်ပျက်ကို မမှတ်နိုင်သေးဘူး၊ ပါးစပ်ဖြစ်ပျက်ကိုပဲ သိသေးတာ၊ အခုမှ အားထုတ်ရင်း ခန္ဓာ့ဖြစ်ပျက်ကို မှတ်နိုင်သွားပါပြီ”ဟု ဒေါ်နွယ်နွယ်ဝင်းက ပြောပြသည်။

ကင်ဆာအထူးကု ဆရာဝန်ကြီးနှင့် သွားပြလိုက်သည့်အခါ သားဥအိမ်ကင်ဆာ နောက်ဆုံးအဆင့်ဟု သတ်မှတ်၍ ကင်ဆာဆေးသွင်းကုထုံးနှင့် ဓာတ်ရောင်ခြည်ပေးကုထုံးနှစ်မျိုးအနက် တစ်မျိုးပြုလုပ်ရန် အကြံပြုခဲ့ကြောင်း သိရသည်။ အစကတည်းက ဓာတ်ကင်ရမှာကို အန်တီက ကြောက်တယ်လေ၊ အဲဒါနဲ့ ကင်ဆာဆေးသွင်း ကုသမှုမှာမှ အိန္ဒိယကင်ဆာဆေး၊ ကိုရီးယားကင်ဆာဆေးနဲ့ အီတလီကင်ဆာဆေးဆိုပြီး သုံးမျိုးရှိတဲ့အထဲ အကောင်းဆုံးဖြစ်တဲ့ အီတလီကင်ဆာဆေးကိုပဲ ရွေးလိုက်ပါတယ်။

အစပိုင်းမှာ Taxel နဲ့ Carboplatin ဆေးတွေ စသွင်းတယ်။ ခြောက်ကြိမ်တောင် သွင်းခဲ့တယ်။ အဲဒီမှာ ဗိုက်ကရေဖျဉ်းတက်လာတာနဲ့ ရက် ၂၀ တစ်ခါ ဖောက်ထုတ်ရတယ်၊ အဆုတ်က ရေကိုလည်း ဖောက်ရတယ်။ ရေဖောက်ထုတ်တဲ့အချိန်မှာ ရေချည်းပဲမပါဘူး၊ သွေးအနှစ်တွေလည်းပါတယ်၊ အဲဒီအချိန်မှာ သွေးအား ပြန်စစ်လိုက်တိုင်း တအားကျသွားပါတယ်။ အဲဒီအခါ သွေးပြန်သွင်းရတယ်။

ရေနှစ်ခါဖောက်ပြီး ကင်ဆာဆေးတစ်ခါသွင်းရတယ်။ ပြောရရင် ရက် ၂၀ တစ်ခါ ရေဖောက်ပြီး ရက် ၄၀ တစ်ခါ ကင်ဆာဆေးသွင်းရပါတယ်။
နောက်ပိုင်းကျတော့ ကင်ဆာဆေးအမျိုးအစား နောက်တစ်မျိုးဖြစ်တဲ့ Mesna ၊ Iffofomite နဲ့ Epidocide တွေကို နောက်ထပ်သုံးကြိမ် သွင်းရတယ်။ ကြားထဲမှာ ရေဖောက်ထုတ်ရတဲ့အခါလည်းရှိတယ်၊ ဆေးပြန်သွင်းရတဲ့အခါလည်းရှိတယ်၊ တစ်ခါတလေ ရေဖောက်ထုတ်ပြီး တစ်ခါတည်း ဆေးပြန်သွင်းရတာတွေလည်းရှိတယ်။

နောက်ဆုံးကျတော့ တတိယ ကင်ဆာဆေး အမျိုးအစားဖြစ်တဲ့ Doxe Taxel ကို သုံးကြိမ်သွင်းရတယ်။ အဲဒီလိုသွင်းတော့လည်း ရေကမကျဘဲ ရေဖျင်းစွဲလိုက်၊ ပြန်ဖောက်ထုတ်လိုက်၊ သွေးသွင်းလိုက်နဲ့ လည်နေတယ်။ အဲဒီလို ကုနေရတာက တစ်နှစ်ကျော်လောက် ဖြစ်သွားတယ်။

နောက်ဆုံး ရေခမ်းအောင်ဆိုပြီး Bleomycin ဆိုတဲ့ဆေးသွင်းရပါတယ်။ အဲဒီဆေးကို နှစ်ပတ်တစ်ခါ၊ သုံးပတ်တစ်ခါ သွင်းပေမယ့် ရေမခမ်းဘူး။ အဲဒါနဲ့ တာဝန်ယူကုသပေးနေတဲ့ ကင်ဆာဆရာဝန်ကြီးကို တိုင်ပင်တော့ သူကလည်း အန်တီ့မောင်လေးကို ပြန်ခေါ်သွားဖို့ပြောပါတယ်၊ လက်လျှော့လိုက်တဲ့ သဘောပါပဲ”ဟု အန်တီဒေါ်နွယ်နွယ်ဝင်းက ကင်ဆာဆေးသွင်းကုသမှု ခံယူခဲ့ပုံ အဆင့်ဆင့်နှင့် နောက်ဆုံးလက်လျှော့ခဲ့ရသည့် အဖြစ်အပျက်တို့ကို ပြန်ပြောင်းပြောပြခဲ့သည်။

၈၀ ကျော် အမေကလည်း အဲဒီတုန်းက သက်ရှိထင် ရှားရှိသေးတော့ ‘ငါ တစ်ခုခု ဖြစ်သွားရင် အမေ့ကို ဘယ်သူကြည့်မလဲ’ဆိုတဲ့ စိတ်ပူမှုကြီးက ရှိနေခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ‘အသည်း၊ ကျောက်ကပ်၊ နှလုံး စတဲ့ အင်္ဂါအစိတ်အပိုင်းတွေက ကောင်းသေးတယ်၊ အဲဒီတော့ ခွဲရင် ဘာမှဖြစ်စရာအကြောင်း မရှိဘူး’ဆိုပြီး မောင်လေးကလည်း အားပေးတယ်။

“လုပ်စရာလမ်းက မရှိတော့တာနဲ့ နောက်ဆုံးခွဲမှ ဖြစ်တော့မယ်လို့ စဉ်းစားပြီး ခွဲစိတ်ကုသနိုင်တဲ့ ဆရာဝန်တွေ လိုက်ရှာတယ်။ အဲဒီမှာ အန်တီတို့နဲ့လည်း ရင်းနှီးပြီး အရင်က တိုက်တစ်ခုတည်း နေဖူးတဲ့ ဆရာပါမောက္ခဦးဦးကျော်နဲ့ ဆရာပါမောက္ခဦးသိန်းမြင့် သူတို့ညီအစ်ကိုနဲ့ သွားတိုင်ပင်ပါတယ်။ သူတို့ကခွဲဖို့ တိုက်တွန်းပေမယ့် အန်တီ့စိတ်ထဲမှာ ကြောက်နေခဲ့တယ်။ ၈၀ ကျော် အမေကလည်း အဲဒီတုန်းက သက်ရှိထင်ရှားရှိသေးတော့ “ငါ တစ်ခုခုဖြစ်သွားရင် အမေ့ကို ဘယ်သူကြည့်မလဲ”ဆိုတဲ့ စိတ်ပူမှုကြီးက ရှိနေခဲ့တယ်။

ဒါပေမဲ့ အဲဒီအချိန်မှာ ‘အသည်း၊ ကျောက်ကပ်၊ နှလုံး စတဲ့ အင်္ဂါအစိတ်အပိုင်းတွေက ကောင်းသေးတယ်၊ အဲဒီတော့ ခွဲရင် ဘာမှဖြစ်စရာ အကြောင်းမရှိဘူး’ဆိုပြီး မောင်လေးကလည်း အားပေးတယ်။ အန်တီက အစပိုင်းမှာ မခွဲချင်လို့ ငိုယိုနေသေးတယ်။ နောက်ဆုံးကျတော့ အားလုံးကဝိုင်းဝန်းအားပေးတိုက်တွန်းနေတာနဲ့ ခွဲစိတ်ကုသဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ ဆရာပါမောက္ခဦး ဦးကျော်နဲ့ ပါမောက္ခဦးသိန်းမြင့်သူတို့က ချက်ချင်းခွဲစိတ်ကုသပေးခဲ့ပါတယ်”ဟု ဒေါ်နွယ်နွယ်ဝင်းက ဆိုသည်။

ခွဲစိတ်ချိန်က ၂၀ဝ၉ စက်တင်ဘာလဖြစ်ပြီး ယင်းမတိုင်မီ ကင်ဆာဆေးသွင်းကုသမှုအတွက် ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ၂၃ ကြိမ်ခန့်၊ ပုဂ္ဂလိက ဆေးခန်းတစ်ခုသို့ ၁၁ကြိမ်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ “ဆရာ ပါမောက္ခဦးဦးကျော်နဲ့ ဆရာပါမောက္ခ ဦးသိန်းမြင့်သူတို့ ဦးဆောင်တဲ့အဖွဲ့က အာရှတော်ဝင်ဆေးရုံမှာ ခွဲပေးတယ်။ ညရှစ်နာရီလောက်က ခွဲတာ ၁၁ နာရီကျော်ကျော်လောက်မှ ပြီးပါတယ်။ မေ့ဆေးနဲ့ပဲ ခွဲစိတ်ပေးတာ ဖြစ်ပါတယ်။ ခွဲပြီးချိန်မှာလည်း အဖျားမရှိသလို နောက်ပိုင်းလည်း အဖျားမတက်ခဲ့ပါဘူး”ဟု ဒေါ်နွယ်နွယ်ဝင်းက ဆိုသည်။

သားဥအိမ်တင်မက သားအိမ်၊ အူအတက်တို့ကိုပါ တစ်ပါတည်း ခွဲစိတ်ကုသမှု ပေးခဲ့ပြီးနောက် တပင်တိုင်မြနန်းဆေးနှင့် Alfafa ဆေးတို့ကိုသာ ပေးခဲ့ကြောင်း၊ Depo(Depo-Provera) ထိုးဆေးကို သုံးလတစ်ကြိမ် ပေးခဲ့ကြောင်းသိရသည်။ “စစချင်းမှာတော့ အားနည်းနေသေးတယ်။ ၂၀၁၁ လောက်မှာ ထူထူထောင်ထောင် ပြန်ဖြစ်လာပြီး ပုံမှန်အနေအထား ဖြစ်လာပါတယ်။ နောက်ပိုင်း ဆီးသွားရ အဆင်မပြေတာလေးဖြစ်တော့ ကျောက်ကပ်တစ်ဖက် အလုပ်မလုပ်တော့ဘူးလို့ တွေ့ရပါတယ်။ အဲဒါ ကင်ဆာဆေးသွင်းတဲ့ အကြိမ်ရေကများလွန်းလို့ အဲဒါရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်မယ်လို့ ထင်တာပါပဲ။

အဲဒီအတွက် ဆီးနှင့်ကျောက်ကပ်အထူးကု ဆရာဝန်တစ်ဦးဆီ သွားပြသေးတယ်။ Stent ထည့်ဖို့ လုပ်ပေမယ့်ကျောက်ကပ်တစ်ဖက်က Stent တောင် ထည့်လို့ မရတော့ပါဘူး”ဟု ဒေါ်နွယ်နွယ်ဝင်းက ဆိုသည်။ ယခုအခါ အသက် ၅၈ နှစ်ရှိပြီဖြစ်သည့် အန်တီဒေါ်နွယ်နွယ်ဝင်းသည် မိခင်ကွယ်လွန်ပြီးနောက် မောင်ဖြစ်သူဦးဇော်ဝင်းနှင့်အတူ နေထိုင်ရင်း ရသမျှအချိန်များကို ကုသိုလ်ကောင်းမှုတို့ဖြင့်သာ ဖြတ်သန်းနေသူ ဖြစ်သည်။

ကင်ဆာဖြစ်ပြီးနောက် တစ်နေကုန် တရားထိုင်ခြင်း၊ တရားနာခြင်း၊ ပဌာန်းဒေသနာတော် ရွတ်ဖတ်ခြင်း၊ ဆွမ်းလောင်းခြင်း စသည့် ကုသိုလ်ကောင်းမှုများဖြင့်သာ အချိန်ကုန်လွန်စေသည့် အန်တီဒေါ် နွယ်နွယ်ဝင်းက-

“ကင်ဆာဖြစ်တယ်ဆိုတော့ ငါ့မှာ အကုသိုလ် ဝဋ်ကြွေးလေး ပါလာတယ်၊ အဲဒီအတွက် ရသမျှအချိန်တိုင်း ကုသိုလ်ကောင်းမှုကို ရသမျှ လုပ်ရမယ်လို့ ဆင်ခြင်လိုက်ပါတယ်။ နေ့တိုင်း မနက် ၅ နာရီ ၄၅ မိနစ်ဆိုရင် ဆူးလေဘုရားမှာ ဆွမ်းတော်ကပ်တယ်၊ ပြီးတော့ တရားထိုင်တယ်၊ မနက် ၇ နာရီကျော်ကျော်လောက် ဈေးသွားပြီး မောင်လေးစားဖို့ ချက်ပြုတ်တယ်၊ တစ်နေ့လုံး အချိန်ရရင် ရသလို တရားနာတယ်၊ တရားထိုင်ပါတယ်၊ အပျော်အပါးကို မမက်ဘူး။ စိတ်ထဲမှာ ဘုရား၊ တရားကိုပဲ ဦးစားပေး လုပ်ဆောင်ဖြစ်ပါတယ်”ဟု တစ်နေ့တာလှုပ်ရှားမှုကို ပြောပြခဲ့သည်။

နောက်ပိုင်းတွင် တစ်နှစ်တစ်ခါ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ခဲ့ရာ အသေးအမွှားပြဿနာမှလွဲ၍ ဆေးစစ်ချက် ကောင်းမွန်ကြောင်း သိရသည်။ “ဆရာကြီးတွေ ညွှန်လိုက်တဲ့အတိုင်း သက်သတ်လွတ်စားပါတယ်။ အန်တီက ငယ်ငယ်ကတည်းက ဆိတ်သား၊ ဝက်သား၊ အမဲသား မစားခဲ့ပါဘူး။ လေထိုးစေမယ့် အစာတွေကိုတော့ ရှောင်ရပါတယ်။ အထူးသဖြင့် အစားအသောက် ဆင်ခြင်ရပါတယ်။ အရင်ကတည်းက ဝမ်းချုပ်တတ်တော့ ကြက်ဆူဆီကို လက်ဖက်စားဇွန်းလေးနဲ့ နည်းနည်းသောက်တယ်၊ ပြီးတော့ ကင်ပွန်းချဉ်ရွက်ကို Blender (မွှေစက်)နဲ့မွှေပြီး အရည်ညှစ်သောက်ပါတယ်။ ပန်းသီးဖျော်ရည်လည်း သောက်ပါတယ်။ အဲဒီအတွက် ဝမ်းလည်းမှန်သွားတယ်”ဟု ပြောပြခဲ့ပြီး-

ကင်ဆာဝေဒနာ ခံစားနေရသူတို့အား-
“အန်တီဆိုရင် ကင်ဆာဆေးအကြိမ်ကြိမ်သွင်းပြီး မအောင်မြင်ခဲ့တဲ့အတွက် ခွဲလည်း မထူးပါဘူးလို့ အကုန်လုံးက ထင်ခဲ့ကြတာ။ အခုလို ပြန်ကောင်းလာတော့ အားလုံးက အံ့အားသင့်သွားခဲ့ကြတယ်။ အန်တီလည်း ကြောက်ပါတယ်၊ ခွဲရမှာလည်းကြောက်တယ်၊ ဒါပေမဲ့ မောင်လေးက အားအပြည့်နဲ့ အားပေးတော့ အန်တီအားရှိသွားခဲ့ပါတယ်။ ကင်ဆာမဖြစ်ခင်ကနဲ့စာရင် ဖြစ်ပြီးနောက်ပိုင်းမှာ အစားအသောက်အနေအထိုင်ကို ပိုဆင်ခြင်ဖြစ်သွားပါတယ်။ ဘာသာတရားကို ပိုလိုက်စားဖြစ်သွားပါတယ်။ ဘဝ၀ဋ်ကြွေးအကြောင်းတရားပါလာလို့ ကင်ဆာဖြစ်ခဲ့တယ်၊ နေမကောင်းနေတုန်းမှာလည်း ရအောင်ဆွမ်းလောင်းတယ်၊ ကုသိုလ်စိတ်က အရမ်းပြင်းပြတယ်၊ အဲဒီလိုကုသိုလ်ကို အမြဲမပြတ် လုပ်လိုက်တဲ့အတွက် ပြန်ကျန်းမာလာတယ်လို့ ယူဆပါတယ်။

တကယ်လို့ ကင်ဆာဆိုတာ သိလိုက်ရင် အရင်ဆုံး ခွဲစရာရှိတာ ခွဲလိုက်ပါ၊ ကိုယ်ကလည်း တခြား ရောဂါတွေကင်းစင်ပြီး ခွဲလို့ရမယ့် အခြေအနေဆိုရင် မြန်မြန်ခွဲလိုက်ပါ၊ ပြီးတော့မှ အစားအသောက် ဆင်ခြင်ပါ၊ အနေအထိုင် ဆင်ခြင်ပါ၊ ပြီးတော့ တရားအားထုတ်ပါလို့ မှာချင်ပါတယ် . . .

သားဥအိမ်ကင်ဆာဖြစ်ပြီလို့ သိတာနဲ့ တခြား ရောဂါတွေလည်းမရှိဘဲ ကျန်းမာရေးကကောင်းနေတယ်ဆိုရင် အမြန်ဆုံးသာ ခွဲလိုက်ပါလို့ အကြံပြုချင်ပါတယ်။
ကင်ဆာဖြစ်လို့ ဘာမှအားမငယ်ပါနဲ့၊ အနာသိရင် ဆေးရှိပါတယ်။ ခန္ဓာကိုလည်း ဝေဒနာ အနိစ္စဆိုပြီး ရှူပေးပါ၊ တကယ်လို့ ကင်ဆာဆိုတာ သိလိုက်ရင် အရင်ဆုံး ခွဲစရာရှိတာ ခွဲလိုက်ပါ၊ ကိုယ်ကလည်း တခြားရောဂါတွေ ကင်းစင်ပြီး ခွဲလို့ရမယ့် အခြေအနေဆိုရင် မြန်မြန်ခွဲလိုက်ပါ၊ ပြီးတော့မှ အစားအသောက်ဆင်ခြင်ပါ၊ အနေ အထိုင်ဆင်ခြင်ပါ၊ ပြီးတော့ တရားအားထုတ်ပါလို့ မှာချင်ပါတယ်။ အန်တီဆိုရင် ကျောက်ကပ်တစ်ဖက် မကောင်းပေမယ့် အခု ပုံမှန်နေလို့ ကောင်းနေတာပဲ၊ ကင်ဆာဆေးကြောင့် ဆံပင်တွေ ကျွတ်ကုန်ပေမယ့် အခု အကုန်ပြန်ပေါက်လာပါတယ်”ဟု အားပေးစကားပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top