Healthy Life Ad
Life Style

ဆီးချိုလူနာတို့ ထည့်သွင်း စဉ်းစားရမည့် အချက်များ

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်

မေး။ ။  ဆီးချိုသမားတွေမှာ အများဆုံး လွဲမှားတတ်တဲ့အရာတွေကို သိပါရစေ ဆရာ။

ဖြေ။ ။ အများဆုံး လွဲမှားတဲ့အချက်တွေကတော့ ဆေးတွေကို ရပ်လိုက်တာတို့၊ လျှော့သောက်ကြတာတို့တွေဖြစ်တာ များပါတယ်။ တစ်ခါတလေ အင်္ဂလိပ်ဆေးတွေ အကုန်ရပ်လိုက်ပြီးတော့ ဆေးမြီးတိုတွေ သောက်တာလည်းရှိပါတယ်။

တစ်ခါတလေ ပျားမီးစွဲရွက်တွေသောက်တယ်၊ သကြားမကိုက်ရွက်တွေ သောက်နေတာလည်း ရှိပါတယ်။ ဒီပျားမီးစွဲရွက်တွေ၊ သကြားမကိုက်ရွက်တွေ သောက်လို့ရပါသလားလို့ မေးရင် ဆရာတို့ အတွေ့အကြုံအရတော့ အဲဒီအရွက်တွေသောက်ရင် ဆီးချိုကျပါတယ်။ ဒါပေမဲ့ ဆရာတို့က လူနာကို ဆေးကုသတဲ့အခါမှာ ဆီးချိုကျရုံ တစ်ခုတည်းမကဘဲ အသက်ရှည်အောင်ပါ ဆေးပေးရပါတယ်။ အခု ဆရာတို့တစ်တွေ သောက်သုံးခိုင်းနေတဲ့ နိုင်ငံခြားဆေးတွေကတော့ အကုန်းစမ်းသပ်ပြီးသားတွေပါ။ နိုင်ငံခြားဆေးတွေကို သောက်ရင် ဆီးချိုလည်း ကျတယ်၊ အသက်လည်းရှည်တယ်၊ သေသေချာချာ စမ်းသပ်ထားတာဖြစ်တဲ့အတွက် သေချာပါတယ်။ ဒီဆေးမြီးတိုတစ်ခွက်သောက်လိုက်ရင် ဆီးချိုက ဘယ်လောက်ကျသွားလည်း မသိနိုင်ပါဘူး။ သူတို့ကို ရေရှည်စမ်းသပ်ထားတာလည်း မရှိပါဘူး။ ဆရာတို့ကတော့ လူနာကို ကိုယ့်သဘောပါလို့ပဲ ပြောပါတယ်။

နိုင်ငံခြားဆေးတစ်လုံးသောက်လိုက်ရင် ဆီးချိုဘယ်လောက်ကျသွားမလဲဆိုတာ ဆရာတို့ အကြမ်းဖျင်းသိပါတယ်။ ဒီအရွက်တစ်ရွက်ကို သောက်လိုက်ရင် ဆီးချို ဘယ်လောက်ကျသွားမလဲ မသိပါဘူး။ ဆီးချိုတော့ ကျပါတယ်၊ ဒါပေမဲ့ ဘယ်လောက်ကျမယ်၊ ဘာတွေဖြစ်နိုင်လဲ ဆိုတာလည်း မသိ။ ကိုယ့်အယူအဆနဲ့ ကိုယ်ဆေးမြီးတိုတွေ၊ တရုတ်ဆေးတွေ သောက်တာဟာဆီးချိုကျချင် ကျမယ်၊ ဒါပေမဲ့ ကိုယ့်အသက်ကိုတော့အပ်ထားတာနဲ့ အတူတူပါပဲ။ ဆီးချိုထိန်းချုပ်မှု (Control) မကောင်းရင် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တတ်ပါတယ်။ ခြေထောက်ဖြတ်ရတာ၊ မျက်စိမမြင်ရတော့တာတွေအထိ ဖြစ်တတ်ပါတယ်။

မေး။ ။ ဆီးချိုသမားတွေ စားသောက်ရာမှာ သတိပြုသင့်တဲ့ အချက်တွေရှိရင်လည်း သိပါရစေ ဆရာ။

ဖြေ။ ။ ဆီးချိုသမားတွေအတွက် အရေးကြီးတဲ့ အချက်တစ်ခုကတော့ အစားအသောက်ပါပဲ။

အကြမ်းဖျင်းအားဖြင့် ဆီးချိုသမားတွေမှာ ကြိုက်သလောက်စားလို့ရတဲ့ အစားအစာဆိုရင် ဟင်းသီးဟင်းရွက်တွေရယ်၊ အသားတွေ၊ ငါးတွေရယ်ကို ကြိုက်သလောက်စားလို့ရပါတယ်။ ဆီပြန်ဟင်းစားလို့ ရပါတယ်။ ဆန်၊ ဂျုံ၊ ခေါက်ဆွဲကို အသင့်အတင့်စားလို့ရပါတယ်။

ဘယ်လိုဆန်ကိုပဲစားပါလို့တော့မပြောပါဘူး။ ဒါပေမဲ့လုံးတီးဆန်က အကောင်းဆုံးဖြစ်ပါတယ်။ ဘက်စမာတီဆိုတဲ့ ဆန်ကိုလည်း ဆီးချိုမတက်ဘူးဆိုပြီးစားနေကျဆိုပေမယ့် သူလည်းတက်ပါတယ်။ ဆန်အမျိုးအစားနဲ့စာရင် ဆန်ပမာဏနဲ့ ပိုဆိုင်မယ်လို့ ပြောလို့ရပါတယ်။ အနောက်တစ်ခုက ရေခန်းချက်တာနဲ့ ရေငှဲ့ချက်တာ ဘယ်လိုချက်ရမလဲဆိုရင် ဆရာတို့ကတော့ မလိုဘူးလို့ပဲ ဖြေပါတယ်။ နည်းနည်းလေးတော့ ကွဲပြားမှုရှိပေမယ့် မထူးခြားပါဘူး။ ဆန်ပမာဏအပေါ်ပဲ မူတည်ပါတယ်။ ဆီးချိုတက်ရင် ထမင်းလျှော့စားပါ။ဆီးချိုတက်လို့ ချာပါတီနဲ့ ပြောင်းစားမယ်ဆိုလည်းမထူးပါဘူး။အသီးတွေစားမယ်ဆိုလည်း အရမ်းချိုတဲ့အသီးနဲ့ အရမ်းမချိုတဲ့ အသီးမှာ အရမ်းမချိုတဲ့ အသီးတွေကို စားလို့ရပါတယ်။ အရမ်းမချိုတဲ့ သစ်တော်သီးတို့၊ပန်းသီးတို့စားလို့ရပါတယ်။ အရမ်းချိုတဲ့ အသီးတွေဖြစ်တဲ့ သရက်သီးတို့၊ ဒူးရင်းသီးတို့ စားမယ့်အချိန်မှာတော့ ဆီးချိုတက်နေရင် မစားပါနဲ့၊ ဆီးချိုမတက်ရင်တော့ စားလို့ရပါတယ်။ တစ်သက်လုံး မစားရဘူးဆိုတဲ့ အစာ ဘာမှမရှိပါဘူး။

 

မေး။ ။ဆီးချိုသမားတွေကအတွက် သီးသန့် စားရမယ့် အစားအသောက်တွေ ရှိပါသလား ဆရာ။

ဖြေ။ ။ ဆီးချိုသမားတွေ သီးသန့်စားရမယ်ဆိုတဲ့ အစားအသောက်လည်းမရှိပါဘူး။ ချိုတဲ့အရည်တွေ၊ အစားအသောက်တွေ မှန်သမျှကိုလည်း ဆီးချိုမတက်ရင် စားသောက်လို့ရပါတယ်။ ဆီးချိုတက်နေရင်တော့ မစားသောက်ပါနဲ့။ တချို့အစားအသောက်တွေမှာ ဆီးချိုသကြား ထည့်သောက်ရင် ပိုကောင်းပါတယ်။

နောက်ပြဿနာတစ်ခုက ကော်ဖီမစ်ပါ။ ဆီးချိုသမားတွေ သောက်တဲ့ကော်ဖီမစ်၊ ကွေကာအုတ်ဆို ပြီး ရောင်းနေတာတွေ ရှိပါတယ်။ ဒါတွေကိုလေ့လာတဲ့အခါမှာ အဲဒါတွေကလည်း ဆီးချိုတက်တာကိုလေ့လာစမ်းသပ်မှုအရ တွေ့ပါတယ်။ အဲဒီကော်ဖီတွေ သောက်မယ့်အစား ကော်ဖီကိုအကျရည်ဖျော်ပြီး နွားနို့၊ နို့စိမ်းနဲ့ ဃသ်နန ြအေနနဲ့ ဆီးချိုသကြားနဲ့ တွဲသောက်ရပါတယ်။ ဆိုင်ကနေ သောက်ချင်ရင် နို့စိမ်းတီးသောက်ပါ။ နို့ဆီ မထည့်ရဘူး၊ သကြားမထည့်ရပါဘူး။ တစ်နေ့ သုံးခွက်လောက် သောက်လို့ ရပါတယ်။

ဆရာက ဖရဲသီး ၅၀ ဂရမ်ရယ်၊ လိမ္မော်သီး ၅၀ ဂရမ်ရယ်ကို လူတစ်ယောက်တည်းကိုပဲ ကျွေးပါတယ်။ ကျွေးပြီးရင် နှစ်နာရီကြာမှာ ပြန်တိုင်းမယ်၊ အဲဒီမှာ သွေးတွင်းသကြားဓာတ်ကို ပြန်တိုင်းပါမယ်။ အဲဒီမှာ ဘယ်အသီးစားရင် ဆီးချို ဘယ်လောက်တက်သွားလဲ ဆိုတာကိုလေ့လာပြီး ဆီးချိုတက်နှုန်းများတဲ့ အသီးတွေနဲ့ နည်းတဲ့အသီးတွေဆိုပြီးတော့ ခွဲခြားထားပါတယ်။ ဒီလိုခွဲခြားထားပေမယ့်လည်းလူနာကချိုတဲ့ အသီးတွေကို စားချင်နေတယ်၊ ဆီးချိုတိုင်းကြည့်လို့ တက်မနေရင်စားခိုင်းတယ်။ စစ်ကြည့်လို့ ဆီးချိုကောင်းရင် ခွင့်ပြုပါတယ်။ ရေခဲမုန့်လည်းကျွေးပါတယ်။ ဆီးချိုသမားတွေကို မှာချင်တာကတော့ မစားရတဲ့ အစာဆိုတာ မရှိပါဘူး။ ဒါပေမဲ့ကိုယ့်ဂဏန်းတွေကိုကိုယ်သိပါ။ ချိုတဲ့အရာ မှန်သမျှကို ဆီးချိုတက်နေရင် မစားပါနဲ့။ မတက်ရင် စားပါ။

မေး။ ။ ဆီးချိုသမားတွေဖျားတဲ့အခါ အစားအသောက်နဲ့ ပတ်သက်ပြီး ဘယ်လို သတိထားသင့်ပါသလဲဆရာ။

ဖြေ။ ။ ဆီးချိုသမားတွေမှာ လွဲမှားတတ်တာ နောက်တစ်ခုက ဆီးချိုသမားတွေ ဖျားတဲ့အခါမှာ ဘာမှမစားတော့ဘူး။ ဘာမှမစားတော့တဲ့အတွက် ဆီးချိုဆေး တွေကို ရပ်ပစ်လိုက်ပါတယ်။ အဲဒါ မှားပါတယ်။ ဘာလို့မှားလဲဆိုရင် အဖျားရှိတဲ့အတွက် ဆီးချိုသမားမှာစိတ်ဖိစီးမှုဝင်သွားပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးတွင်း သကြားဓာတ်က ပိုတက်လာပါတယ်။ အဲဒီအချိန်မှာ ဆီးချိုဆေးကို ရပ်လိုက်တဲ့အတွက်ကြောင့်သွေးတွင်း သကြားဓာတ်တွေ မထိန်းနိုင်တော့ဘဲဒုက္ခ ရောက်နိုင်ပါတယ်။

မေး။ ။ ဆီးချိုသမားတစ်ယောက် ဆရာတို့ဆီရောက်လာတဲ့အခါ ဘယ်လို အချက်တွေကို အဓိက စစ်ဆေးပေးလေ့ရှိပါသလဲ ဆရာ။

ဖြေ။ ။ ဆီးချိုသမားတစ်ယောက်က ဆရာတို့ဆီ ရောက်လာပြီဆိုတာနဲ့ အချက်တွေ စဉ်းစားရပါတယ်။
နံပါတ်တစ်အနေနဲ့ သူဆေးမှန်မှန် သောက်ရဲ့လားလို့စစ်ရပါတယ်။

နံပါတ် ၂ က သူဆေးတွေကို လျှော့သောက်နေသလားလို့လည်း စစ်ပါတယ်။ လူနာတွေမှာဆီးချို အရမ်းကျသွားမှာစိုးတဲ့ စိတ်ကလည်း ရှိနေတာကိုတွေ့ရတဲ့အတွက် ဆေးကို လျှော့သောက်နေတာတွေလည်း ရှိပါတယ်၊

နံပါတ် ၃ ကတော့ အစားအသောက်ကို စစ်ရပါတယ်။ ဆီးချိုတက်ရင် ၁၀ဝ မှာ ၇၀ ရာခိုင်နှုန်းကအစားအသောက်ကြောင့် ဖြစ်ကြတာပါ။

နံပါတ် ၄ က ဆီးချိုတက်စေတဲ့ဆေးတွေသောက်နေတာ၊ ထိုးနေတာရှိလားလို့ စစ်ရပါတယ်။ အများဆုံးသောက်နေ၊ ထိုးနေတဲ့ ဆေးတွေကတော့ စပ်ဆေးတွေပါပဲ။ လူတွေက အဆစ်အမျက်ကိုက်လို့ စပ်ဆေးတွေ သောက်ပါတယ်၊ အဲဒီဆေးတွေထဲမှာ စတီးရွိုက်တွေပါတယ်။ ရင်တွေကျပ်လို့သောက်တယ်၊ မြန်မာဆေးတချို့ကို အကိုက်အခဲပျောက်ဆေးတွေအနေနဲ့ သောက်တယ်။ အဲဒီအထဲမှာ စတီးရွိုက်တွေပါတယ်။ အဲဒါတွေ ပါတဲ့အတွက် မျက်နှာကလည်း အမ်းလာပြီး ဆီးချိုတွေ တက်လာတာကို တွေ့ရပါတယ်။နောက်ပြီး စိတ်ဖိစီးမှုတွေများရင်လည်း ဆီးချိုတွေ တက်တယ်။ ဥပမာဆို ဆီးချိုသမား လေဖြတ်တာမျိုး၊ ဆီးချိုသမား ဖျားတာမျိုးဆိုရင် ဆီးချိုကအရမ်း တက်သွားပါတယ်။ ဆီးချိုသမားတစ်ယောက်

ဆီးချိုကို ကောင်းကောင်း Control မရရင် အဲဒီအချက်တွေ အကုန်လုံးစစ်ရပါတယ်။ အဲဒီအချက်တွေကို အကုန်လိုက်နာလို့မှ Control မရရင်တော့ သူကရောဂါသက်တမ်းကြာလာလို့ ခန္ဓာကိုယ်ထဲက အင်ဆူလင်ထုတ်တဲ့ ဆဲလ်တွေအရမ်းနည်းလာလို့လည်းဖြစ်နိုင်ပါတယ်။

[Unicode version]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top