Healthy Life Ad
International

ခြေလက် မပါသည့် ကလေး ပါးစပ်နဲ့စာရေး မေးစေ့နဲ့ ကွန်ပျူတာဂိမ်းဆော့

၊ မိုးမင်းထွန်း ၊

မွေးကတည်းက ခြေလက်မပါတဲ့ ၁၁နှစ်အရွယ် အင်ဒိုနီးရှားကလေးငယ်လေးဟာ သဘာဝတရားက အခွင့်အရေးနည်းနည်းသာ ပေးထားပေမယ့် သူကတော့ ဖြုံနေမှာ မဟုတ်ပါဘူး။

တိုင်ရိုဆက်ထရီရိုက ထိန်းချုပ်ခလုတ်ကိုမေးစေ့နဲ့ ထိန်းရင်း ပလေးစတေရှင် ဂိမ်းကစားကာပျော်ပျော်နေတတ်ပါတယ်။ ဂိမ်းစွဲနေတဲ့ တိုင်ရိုကအခွင့်သာတိုင်း ဂိမ်းကစားနေလေ့ရှိပြီး စာသင်ချိန်ရောက်မှသာ ရပ်နားလေ့ရှိပါတယ်။

ပါးစပ်ထဲ ခဲတံထည့်ကာ စာရေးတတ်တဲ့ တိုင်ရိုက အတန်းဖော်တွေနည်းတူ စာရေးနိုင်ပါတယ်။ဒုတိယတန်းသာရှိသေးပေမယ့် စတုတ္ထတန်း သင်္ချာပုစ္ဆာတွေတောင် တွက်နိုင်တယ်လို့ တိုင်ရိုရဲ့ကျောင်းအုပ်က ပြောပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းပါးခြင်းနဲ့ ခန္ဓာကိုယ်မသန်စွမ်းမှုကြောင့် အစပိုင်းမှာ ရုန်းကန်ခဲ့ရပေမယ့် တိုင်ရိုရဲ့အရှုံးမပေးတတ်တဲ့စိတ်နဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ စရိုက်ကြောင့် အခုအခါ ပုံမှန်ကျောင်းတက်နိုင်ပြီဖြစ်သလို ဆရာတွေ၊ ကျောင်းသားတွေကြားမှာ အချစ်တော်တစ်ယောက် ဖြစ်လို့နေပါပြီ။

တခြားကလေး ၄ ယောက်ကို ပုံမှန်မွေးဖွားနိုင်ခဲ့ပေမယ့် တိုင်ရိုမှာသာ ချို့ယွင်းချက်ရှိခဲ့ကြောင်း သူ့မိခင်က ပြောပါတယ်။ တိုင်ရိုကိုစောင့်ရှောက်ရတဲ့ အလုပ်ဟာ အချိန်ပြည့်ဖြစ်ပြီးကိုယ်လက်သန့်စင်ပေးတာကနေ အစာကျွေး၊အဝတ်ဆင်တာအထိ မပြတ်ပြုစုပေးရပါတယ်။ အရင်က အစိုးရထောက်ပံ့ငွေရရှိပေမယ့် အခုအခါ နောက်ထပ်ထောက်ပံ့ခြင်းမရှိတော့ဘူးလို့ မိသားစုကဆိုပါတယ်။

တိုင်ရိုတက်ရောက်နေတဲ့ အထူးစောင့်ရှောက်ရေးကျောင်းက ကျောင်းချိန်အတွင်း ကလေးကို စောင့်ရှောက်ပေးကာ မနက်တိုင်းဆိုင်ကယ်နဲ့ ကျောင်းလိုက်ပို့ပေးရပြီး အဲဒီမှာ သင်္ချာနဲ့ဘာသာရေးစာပေတွေကို သင်ယူနေတယ်လို့ သိရပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top