Healthy Life Ad
International

မသန်စွမ်း တောင်းရမ်းစားသောက်မှုဘဝကိုစွန့်ပြီး ပန်းချီဆရာအဖြစ် ရှင်သန်လာခဲ့သူ

၊ ကိုထက် ၊

တရုတ်နိုင်ငံ အင်တာနက်လူမှုကွန်ရက် သုံးစွဲသူတွေအကြား တရုတ်အမျိုးသား မသန်စွမ်းတောင်းရမ်းစားသောက်သူတစ်ယောက်ကို လူအများစိတ်ဝင်စားလျက်ရှိပါတယ်။

တိုင်ချမ်းယင်ဆိုတဲ့ ၃၀ အရွယ်ရှိ အမျိုးသားဟာ လမ်းမလျှောက်နိုင်တဲ့ မသန်စွမ်းဖြစ်ပြီး တရုတ်နိုင်ငံ၊ ချောင်ကွင်းမျိုးလေးမှာ တောင်းရမ်းစားသောက်နေရသူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်မှာ သူ့ကို ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ခေါ်ယူပြီး စောင့်ရှောက်မှုပေးထားပါတယ်။ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးနဲ့ ခင်မင်တဲ့ ပန်းချီဆရာတစ်ယောက်က တိုင်ချမ်းယင်ကို ပန်းချီဆွဲသင်ပေးပြီး ကိုယ့်ဘာသာ ရှာဖွေစားသောက်နိုင်စေဖို့ ကူညီပေးခဲ့ပါတယ်။

အစိုးရရဲ့ ထောက်ပံ့ကြေးအနည်းငယ်လေးကို အသုံးပြုပြီး တိုင်ချမ်းယင်ဟာ သူ့ရဲ့ပန်းချီပညာကို တိုးတက်အောင် ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ တိုင်ရဲ့ မိဘတွေက အသက် ၃၀ ကျော်မှ ပန်းချီဆွဲသင်နေတာက ဘာမှအကျိုးရှိမှာမဟုတ်ကြောင်းပြောပြီး မသန်စွမ်းသူဖြစ်တဲ့အတွက် တောင်းရမ်းစားသောက်လို့ ဘယ်သူမှ အပြစ်ပြောမှာမဟုတ်ကြောင်း ပြောဆိုခဲ့ကြပါသေးတယ်။ ဒါပေမဲ့ တိုင်ဟာ ပန်းချီပညာကိုပဲ ကြိုးစားသင်ယူလေ့လာခဲ့ပြီး ၂၀၁၅ အားလပ်ရက်တစ်ရက်၊ သူ့လက်ထဲမှာ တရုတ်ငွေ ၃ ယွမ်သာရှိတော့တဲ့အချိန်မှာ သူ့အတွက် အခက်ခဲဆုံးအချိန်တွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သူတောင်းရမ်းစားသောက်ချိန် လမ်းကြိုလမ်းကြားထဲမှာ နေထိုင်ခဲ့စဉ်က အမြင်တွေကို စိတ်ကူးကွန့်ပြီးဆွဲထားတဲ့ သစ်သားအိမ်ဟောင်းနဲ့ လမ်းကြားပုံတွေကို လူအများသဘောကျခဲ့ရာက သူ့ပန်းချီကားတချို့ စတင်ရောင်းချနိုင်ခဲ့ပါတယ်။ အခုဆိုရင် တိုင်ဟာ တိုက်ခန်းတစ်ခန်းငှားထားပြီး ကိုယ်ပိုင်ပန်းချီပြခန်းလေး ပြုလုပ်ထားနေပါပြီ။ လူတွေကလည်း သူ့ပန်းချီတွေကို လာရောက်ကြည့်ရှုကြပြီး သဘောကျနှစ်သက်ကြကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top