Healthy Life Ad
Life Style

ဘောလုံးပွဲများကို အိပ်ရေးပျက်ခံ ကြည့်ရှုသူတို့အား ကျန်းမာရေးဆိုးကျိုးများ သတိပြုကြရန် တိုက်တွန်း

မိုးမင်းထွန်း

အာရှနိုင်ငံများမှ ဘောလုံးပရိသတ် သန်းပေါင်းများစွာဟာ အချိန်မတူညီမှုကြောင့် ဥရောပနိုင်ငံများမှ ဘောလုံးပြိုင်ပွဲတွေကို အိပ်ရေးပျက်ခံပြီး ကြည့်ရှုနေကြပါတယ်။

အိပ်ရေးမဝတာကြောင့် ခန္ဓာကိုယ်ဟာ တစ်နေကုန် လေးလံထိုင်းမှိုင်းကာ အကဲဖြတ်ချက်တွေ၊ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းတွေနဲ့ အတွက်အချက်ပိုင်းဆိုင်ရာတွေမှာ အလွဲလွဲအချော်အချော်ဖြစ်စေနိုင်တယ်လို့ တန်တောက်ဆင်းဆေးရုံမှ အိပ်စက်မှုရောဂါဆိုင်ရာအကြီးတန်း အကြံပေးဒေါက်တာချောင်ယော်ခီယန်က ပြောပါတယ်။

အိပ်ရေးမဝတာကြောင့် ခံနိုင်ရည်အား ကျဆင်းပြီး မောပန်းလွယ်တယ်လို့ သူကဆိုပါတယ်။ စက်တွေနဲ့ အချိန်ကိုက်တိတိကျကျအလုပ်လုပ်ရတဲ့ ဘတ်စကားဒရိုင်ဘာတွေ၊ လေယာဉ်မှူးတွေအနေနဲ့ ပိုမို သတိထားသင့်တယ်လို့ သူကပြောပါတယ်။

တန်တောက်ဆင်းဆေးရုံ အစာအိမ်အူလမ်းကြောင်းဌာနမှ ဒေါက်တာရာအိုက လူတွေရဲ့ ခန္ဓာကိုယ်အစာချက်နှုန်းဟာ ညမှာ ကျဆင်းသွားတယ်လို့ ပြောပါတယ်။ ဒီဖြစ်စဉ်က အင်ဆူလင်ပမာဏ ထိန်းညှိခြင်းမှာ အရေးကြီးကာ ညမှာအင်ဆူလင်အဆင့် လျော့နည်းအောင်ပြုလုပ်ပေးပါတယ်။ ဘောလုံးပွဲကြည့်ရင်း ညဉ့်နက်မှ အစာစားတာက အင်ဆူလင်နည်းပါးမှုကြောင့် ကောင်းကောင်းအစာမချက်နိုင်တော့ဘဲ သွေးတွင်းဂလူးကို့စ် များပြားစေပါတယ်။ ဒါက ကိုယ်အလေးချိန်တက်တာနဲ့ ဆီးချိုဖြစ်စေမှုကို အားပေးတယ်လို့ ရှင်းပြပါတယ်။ ဘောလုံးပွဲအားပေးရင်း စိတ်လှုပ်ရှားတာကလည်း စိတ်ဖိစီးမှုနဲ့ မောပန်းမှုတို့ကိုဖြစ်စေတယ်လို့ ဆိုပါတယ်။

စွမ်းဆောင်ရည်ပြည့်ဖို့အတွက် လူတစ်ယောက်ဟာ တစ်နေ့အိပ်ချိန် ၇ နာရီလိုအပ်ကြောင်းနဲ့ အိပ်ရေးပျက်ပြီးတိုင်း ပုံမှန်အိပ်စက်မှု ပုံစံပြန်ရဖို့ နှစ်ပတ်ခန့်ကြာမြင့်တတ်ကြောင်း သတိပေးပါတယ်။ ညဉ့်နက်မှ အစာစားတာကိုရှောင်ကြဉ်ဖို့နဲ့ ရေဓာတ်ပြည့်ဝနေအောင် ပြုလုပ်ဖို့လိုအပ်ကြောင်း ဒေါက်တာရာအိုကလည်း သတိပေးထား ပါတယ်။
Ref; CNA

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top