Healthy Life Ad
Q & A

ကံမကောင်းဘူးပြောတဲ့ မှဲ့ ဖျက်သင့်သလား . . .

မေး။ ။ ကျွန်မ မျက်လုံးအောက်မှာ မှဲ့ရှိနေလို့ပါ။ အဲဒီလိုနေရာက မှဲ့ကို တချို့က ကံမကောင်းဘူး ဆိုပြီး ဖျက်ပစ်လေ့ရှိပါတယ်။ အဲဒီလို လုပ်သင့်ပါသလားရှင့်။

နီလာနွယ်၊ သင်္ဃန်းကျွန်း။

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် အရေပြားအထူးကု ဆရာဝန်ကြီး၊ (မြောက်ဥက္ကလာပဆေးရုံကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ တချို့က မျက်လုံးအောက်က မှဲ့ကို ကံမကောင်း ဘူးလို့ယူဆတယ်။ ကံကောင်းတယ်ဆိုတဲ့ မှဲ့ကိုလည်း နေရာသတ်မှတ်ပြီး ပြောတတ်ကြပါတယ်။ ဆရာမတို့ကတော့ မှဲ့ကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ မှဲ့၊ ထိခိုက်ဒဏ်ရာ မကြာခဏရတတ်တဲ့မှဲ့၊ ကြီးလွန်းတဲ့ မှဲ့၊ နေပူထိခံနေရတဲ့ မှဲ့တွေကို ကံကောင်းတယ်လို့ မထင်ပါဘူး။ အဲဒီလို မှဲ့တွေကိုပဲ ဖယ်သင့်တယ်လို့ ထင်ပါတယ်။ မှဲ့ရဲ့နေရာ၊ အရောင်၊ အရွယ်ပြောင်းလဲ ပုံတွေက အရေးကြီးလှပါတယ်။

မှဲ့ပြာက အထဲနက်ပြီး စိုးရိမ်ရပါတယ်။ အသက် ၅၀ ကျော်အရွယ်မှာပေါက်တဲ့ မှဲ့ဆိုရင် ပိုပြီး သတိထားရပါမယ်။ အလှဖျက်ရင် ဖယ်သင့်ပါတယ်။ အရုပ်ဆိုးနေတဲ့ မှဲ့ဆိုရင်လည်း ဖယ်သင့်ပါတယ်။ ခြေထောက်မှာ ရှိတဲ့ မှဲ့တွေကိုလည်း ဖယ်သင့်ပါတယ်။ အသားဖြူသူတွေနဲ့ နေလောင်ဒဏ်မခံနိုင်သူတွေ မှဲ့ဖယ်သင့်ပါတယ်။

နေရာအရ မျက်နှာ၊ နား၊ နှာခေါင်း စတဲ့ နေရာမှာ မှဲ့ရှိရင် နေပူထိမယ်၊ ပြောင်းလဲမယ်၊ မြင်သာတဲ့နေရာမှာ သိပ်ကြီးရင် ကြွက်နို့နဲ့တူလို့ စိတ်ညစ်ရမယ်၊ အဝတ်အစားပွတ်ပြီး ပွန်းတဲ့ နေရာ၊ မုတ်ဆိတ်ရိတ်ဓား မကြာခဏထိခိုက်လို့ ဒဏ်ရာရတဲ့ နေရာတွေမှာရှိတဲ့ မှဲ့တွေဆိုရင် ဖယ်ဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top