Healthy Life Ad
Life Style

သင်အကြိုက်ဆုံး ဆံပင်ပုံစံက သင့်အကြောင်းပြောပြနေပါတယ်

ကိုထက်

သင်အကြိုက်နှစ်သက်ဆုံး အရာတွေကိုကြည့်ပြီး သင်ရဲ့စိတ်နေသဘောထားကို ခန့်မှန်းပြောဆိုနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အခုတစ်ပတ်မှာ ဘယ်လိုဆံပင်ဒီဇိုင်းပုံစံကို ကြိုက်နှစ်သက်တဲ့ မိန်းကလေးက ဘယ်လိုစိတ်နေသဘောထားရှိတယ်ဆိုတာ လေ့လာထားတဲ့ စစ်တမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။


ဆံပင်အရှည်ထားရတာကို အကြိုက်ဆုံးဆိုရင် သင်က စိတ်ခံစားချက်ကို ဦးစားပေးသူပါ
အမျိုးသမီးအများစုက ဆံပင်အရှည်ထားတာက သူတို့ကို ပိုပြီးဆွဲဆောင်မှုရှိနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဆံပင်ရှည်ထားသူတွေဟာ အများအားဖြင့် ရှေးရိုးစွဲတတ်လေ့ရှိကြပါတယ်။ စိတ်ခံစားချက်ကို အလေးပေးသူတွေဖြစ်ပြီး မိမိစိတ်ကို မိမိကောင်းစွာ ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်။ စိတ်ကူးယဉ်ဆန်တတ်ပြီး တီထွင်ဖန်တီးနိုင်စွမ်းလည်းရှိကြပါတယ်။ ဆံပင်ကိုရှည်နိုင်သမျှရှည်အောင် ထားတတ်ကြသူတွေဟာ ယေဘုယျအားဖြင့် ပြသနာတစ်စုံတစ်ရာ ကြုံတဲ့အခါမှာ စိတ်အရမ်းရှုပ်ထွေးသွားတတ်ကြတဲ့အတွက် အရင်ဆုံး စိတ်အေးအေးထားဖို့လိုပါတယ်။


ဒီဇိုင်းဆန်းဆန်း ဆံပင်စတိုင်ကို အကြိုက်ဆုံးဆိုရင် သင်က မိမိကိုယ်ကိုယ်ယုံကြည်မှုရှိသူပါ
အချိန်တွေပေးပြီး ခေတ်နဲ့အညီ ဒီဇိုင်းတွေ အရောင်တွေနဲ့ ဆံပင်ကိုပြင်ဆင်ထားသူတွေဟာ ကြီးပွားအောင်မြင်လိုသူတွေ ဖြစ်ကြပါတယ်။ သူများတွေရဲ့ ဝေဖန်မှုတွေကို ဂရုစိုက်နေခြင်းမရှိဘဲ ကိုယ်ယုံကြည်ရာလမ်းကိုသာ လျှောက်လေ့ရှိကြပါတယ်။ အများအားဖြင့် ဆန်းသစ်တီထွင်လိုတဲ့ စိတ်မျိုးရှိပါတယ်။ စွန့်စားရတာကို သဘောကျသူပါ။ စူးစမ်းလေ့လာတတ်ပြီး ဘယ်လိုပဲစိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့နေပါစေ၊ စိတ်ကိုပျော်အောင် နေတတ်သူတွေဖြစ်ကြပါတယ်။ ဖြစ်ပေါ်လာတဲ့ ပြသနာတွေကို တုန်လှုပ်မှုမရှိဘဲ တည်တည်ငြိမ်စဉ်းစားပြီးမှ ဖြေရှင်းတတ်သူတွေဖြစ်ကြပါတယ်။


ဆံပင်အဖြောင့်ထားရတာကို အကြိုက်ဆုံးဆိုရင် သင်က တည်တည်ကြည်ကြည်နေတတ်သူပါ
နဂိုဖြောင့်နေတာပဲဖြစ်ဖြစ်၊ ဆံပင်အကောက်ကို ဖြောင့်ထားတာပဲဖြစ်ဖြစ် ဆံပင်အဖြောင့်ထားရတာကို သဘောကျသူတွေဟာ ဘဝကို လေးလေးနက်နက်နေလိုသူတွေဖြစ်ကြပါတယ်။ တည်ကြည်ဖြောင့်မတ်တဲ့ စိတ်ထားရှိကြပြီး အပေါင်းအသင်းတွေရဲ့ ယုံကြည်စိတ်ချမှုကို ခံရသူတွေဖြစ်ကြပါတယ်။ ရှည်လျားဖြောင်းစင်းတဲ့ ဆံပင်က သန်မာခြင်းကို ကိုယ်စားပြုနေပါတယ်။ တိကျမှန်ကန်ခြင်းက တစ်ခါတစ်ရံ သက်ညှာမှု မရှိတဲ့သူအဖြစ် အမြင်မှားခံရနိုင်တာကို ထည့်တွေးဖို့လိုအပ်ပါတယ်။


ဆံပင်အကောက်ထားရတာကို အကြိုက်ဆုံးဆိုရင် သင်က ပျော်ပျော်နေတတ်သူပါ
လှိုင်းတွန့်သေးသေးလေးတွေ ဒါမှမဟုတ် အကောက်ကြီးကြီးတွေ ကောက်ထားရတာကို သဘောကျသူတွေဟာ ကြင်နာသနားတတ်ကြပြီး နွေးထွေးတဲ့ စိတ်သဘောထားရှိကြပါတယ်။ ပျော်ပျော်နေတတ်ပြီး ဖြတ်ဖြတ်လတ်လတ်ပုံစံရှိကြပါတယ်။ ဆံပင်ကောက်ကောက်လေးတွေနဲ့ ကောင်မလေးတွေဟာ သဘောထားကြီးကြပါတယ်။ ဦးဆောင်နိုင်စွမ်းရှိသူ၊ အချစ်ကြီးသူဖြစ်ပေမယ့် အကြောင်းအရာ တစ်ခုထဲအပေါ်မှာ အချိန်အကြာကြီး အာရုံမစိုက်ထားနိုင်ကြပါဘူး။ လူအများကြားမှာ ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တတ်ကြပါတယ်။


ဆံပင်အတိုထားရတာကို အကြိုက်ဆုံးဆိုရင် သင်က လက်တွေ့ကျသူပါ
ဆံပင်အတိုထားတတ်တဲ့ မိန်းကလေးတွေဟာ ဖြတ်ထိုးဉာဏ် ကောင်းသူတွေဖြစ်ကြပါတယ်။ အတွေးအခေါ်သမားကောင်းတွေဖြစ်ကြပြီး တိကျသူတွေဖြစ်ပါတယ်။ လက်တွေ့တိကျသေချာတဲ့ အရာတွေကိုသာ ယုံကြည်တန်ဖိုးထားလေ့ရှိပါတယ်။ မလိုအပ်ဘဲ ရေးကြီးခွင်ကျယ်လုပ်တာမျိုးကို သဘောမကျကြပါဘူး။ စိတ်လည်း သိပ်မရှည်တတ်ကြပါဘူး။ ယှဉ်ပြိုင်လိုစိတ်ရှိပြီး ဇွဲရှိသူတွေလည်း ဖြစ်ကြပါတယ်။ မိမိနဲ့ စိတ်သဘောထား တိုက်ဆိုင်သူတွေကိုသာ ပေါင်းသင်းလိုကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီးအင်အား ပြည့်ဝသူတွေဖြစ်ကြပါတယ်။


ဆံထုံး ထုံးထားရတာကို အကြိုက်ဆုံးဆိုရင် သင်က ဖော်ရွေနွေးထွေးတတ်သူပါ
ရှေးရိုးဆန်တဲ့ ပုံစံတွေ ဒါမှမဟုတ် ဆံထုံးထုံးထားတဲ့ ပုံစံတွေကိုသဘောကျသူတွေဟာ သနားကြင်နာတတ်သူတွေဖြစ်ကြပါတယ်။ ပေးကမ်းရက်ရောလေ့ရှိပါတယ်။ ခံစားရလွယ်တတ်ကြပါတယ်။ သူများကိုကူညီရတာ၊ စောင့်ရှောက်ရတာကို ပျော်ရွှင်နေတတ်သူတွေများပါတယ်။ အရာရာကို အကောင်းဘက်က ကြည့်ပေးတတ်ပြီး စိတ်ကူးယဉ်တတ်ကြသူတွေလည်း ဖြစ်ပါတယ်။ ခရီးသွားရတာကို သဘောကျပြီး အမြဲလို ရွှင်လန်းတက်ကြွစွာ နေတတ်သူတွေပါ။ မာနကိုချိုးနှိမ်ထားလေ့ရှိပြီး မိမိကိုယ်ကိုယ် တန်ဖိုးထားသူတွေလည်းဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top