Healthy Life Ad
Life Style

ဆံပင်အရောင်ဆိုးတော့မယ်ဆိုရင် . . .

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ယေဘုယျအားဖြင့် လူတွေ ဆံပင်အရောင်ဆိုးတယ်ဆိုတာက ရှိရင်းစွဲအလှထက် ပိုမိုလှပသွားလိုတာကြောင့် ဖြစ်ပါတယ်။ ဆံပင်အရောင်ဆိုးတာကြောင့် အသွင်ပြောင်းကာ ပိုကြည့်ကောင်းလာသလို ပဲ ဆိုးတဲ့အရောင်နဲ့ မလိုက်ဖက်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် ဆံပင်အရောင်မဆိုးခင် သိထားသင့်တဲ့ ဆံပင်အရောင်ဆိုးခြင်းရဲ ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို ရေးသားလိုက်ရပါတယ်။

ဆံပင်အရောင်ဆိုးခြင်း၏ ကောင်းကျိုးများ

• ဆံပင်အရောင်ပြောင်းသွားတာကြောင့် စိတ်ခံစားချက်ပြောင်းလဲသွားပြီး ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်လည်း မြင့်တက်လာပါတယ်။

• မည်းနက်တဲ့ဆံပင်ကို ရွှေဝါရောင်၊ အညိုနုရောင် စတဲ့ ဆံပင်အရောင်တွေ ဆိုးလိုက်တာကြောင့် ရုပ်ရည်ကို ပိုမိုနုပျိုသွားစေပါတယ်။

• ဆံပင်အရောင်ဆိုးတာကြောင့် သင့်အသွင်အပြင်ကို ပိုမိုကြည့်ကောင်းလာစေပါတယ်။ အရင်ကတည်းက အသွင်ပုံစံတစ်မျိုးတည်း ဖြစ်နေရင် သင့်ဘဝနဲ့ သင့်စိတ်ခံစားမှု သိသိသာသာပြောင်းလဲသွားစေဖို့ ဆံပင်အရောင်တစ်မျိုး ဆိုးပေးသင့်ပါတယ်။

• ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ ဆံပင်အရောင်ကို ဆိုးပေးတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေပါတယ်။ သင်နဲ့လိုက်ဖက်တဲ့ ဆံပင်အရောင်ကြောင့် အသားအရေကို ပိုမိုဝင်းပလာစေနိုင်ပါတယ်။

ဆံပင်အရောင်ဆိုးခြင်း၏ ဆိုးကျိုးများ

• ဆံပင်အရောင်ကို မကြာခဏ ဆိုးလေလေ၊ ဆံပင်သားကျန်းမာရေး အခြေအနေပိုဆိုးလာလေလေ ဖြစ်တတ်ပါတယ်။

• ဆံပင်ဆေးဆိုးတိုင်း ဆံပင်သားထိခိုက်နေပါတယ်။ အရင်က ဆံပင်ဆိုးဆေးတချို ့မှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတချို ့ကြောင့် ကင်ဆာနဲ့ တခြားကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ဖွယ်ရှိကြောင်း လေ့လာမှုတွေက ဆိုထားပါတယ်။ ဒါက မသေချာဘူးဆိုပေမယ့် ဆံပင်ဆိုးဆေးအများစုဟာ လူတွေကို ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်တွေကို ဆေးမဆိုးခင် မိမိနဲ့ ဓာတ်မတည့်မှု ရှိ၊ မရှိ သိအောင် စမ်းသပ်ကြည့်ဖို့ လိုပါတယ်။

• ဆံပင်ဆိုးဆေးကို အညွှန်းအတိုင်း စနစ်တကျမသုံးရင် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဖြစ်နိုင်ခြေအများဆုံးဆိုးကျိုးကတော့ ဦးရေပြားမှာ အဖုအပိမ့်ထတာ၊ နီရဲတာ၊ ယားယံတာနဲ့ ဆံပင်ကျွတ်တာတို့ပဲ ဖြစ်ကြပါတယ်။

• ဆံပင်ဆေးဆိုးတာကြောင့် ဖြစ်တတ်တဲ့ ဆိုးကျိုးတစ်ခုက ဆံသားရဲ ့ ပင်ကိုတောက်ပမှုနဲ့ သန်စွမ်းမှု လျော့ကျသွားတာပဲ ဖြစ်ပါတယ်။ ဆံပင်ဆိုးဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် ဆံပင်သားရဲ ့ ခိုင်ခံ့သန်စွမ်းမှု တဖြည်းဖြည်းအားနည်းလာပြီး ဆံပင်အရောင် နွမ်းနယ်ခြောက်သွေ့လာပါတယ်။

• ဆံပင်အရောင်ကို မကြာခဏ ဆိုးတဲ့သူတွေမှာ ဆံပင်တွေကျဲပါးလာတတ်ပါတယ်။

• ဆံပင်ဆိုးဆေးအရောင်က မျက်ခုံးအရောင်နဲ့ ဟန်ချက်ညီမျှမှုမရှိဘဲ ကွဲပြားလွန်းနေရင် ကြည့်ရဆိုးစေပါတယ်။ ဥပမာ- ဆံပင်က ဝါဖျော့လွန်းနေပြီး မျက်ခုံးက မည်းနက်လွန်းတာမျိုးပါ။

ဆံပင်အရောင်ဆိုးရာတွင် ဆံပင်သားမထိခိုက်စေရန်

ဆံပင်အရောင်ဆိုးရာမှာ ဆံသားမထိအောင် ဘယ်လိုဆိုးရမလဲဆိုတာ သိဖို့အရေးကြီးပါတယ်။ အခုအခါမှာ အပင်ထွက် အဆီအနှစ်တွေလို သဘာဝပစ္စည်းတွေနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ ဆံပင်ဆိုးဆေးတွေလည်း ရှိပါတယ်။ ဒါတွေကို အညွှန်းအတိုင်း စနစ်တကျဆိုးပေးရင် ဆံပင်သားထိခိုက်မှုဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။

• အရောင်ဆိုးထားတဲ့ဆံပင်ကို ခေါင်းလျှော်တိုင်း ကွန်ဒီရှင်နာကို သုံးပေးပါ။ ဖြစ်နိုင်ရင် တစ်လတစ်ကြိမ် ပေါင်းတင်ပေးပါ။

Most Popular

Healthy Life Ad
To Top