Healthy Life Ad
Health Tips

မျက်ကွင်းညိုခြင်း ကင်းဝေးစေဖို့ . . .

၊ လရိပ်မေ ၊

အမျိုးသမီးအများစုမှာ မျက်ကွင်းညိုတာက အဖြစ်များပါတယ်။ အိပ်ရေးပျက်တာ၊ ပင်ပန်းတာနဲ့ ကျန်းမာရေးမကောင်းတာတွေကြောင့် မျက်ကွင်းညိုတတ်သလို မျိုးရိုးကြောင့်လည်း မျက်ကွင်းညိုတတ်ပါတယ်။ မျက်ကွင်းညိုတဲ့အခါ ကိုယ်ရဲ့အလှအပအပေါ် ယုံကြည်မှု နည်းသွားတတ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ရှိရင်းစွဲအသက်ထက် ပိုကြီးနေတယ်လို့ ထင်ရတတ်ပါတယ်။ မျက်ဝန်းအောက်က အသားအရေကပါးလာပြီး ခြောက်တာကြောင့် ညိုတာက သိသာထင်ရှားရတာဖြစ်ပါတယ်။

မျက်ကွင်းညိုစေသော အကြောင်းများ

မျက်ကွင်းညိုတာက ကော်ဖီများများသောက်လို့၊ အိပ်ရေးပျက်လို့၊ ပင်ပန်းနွမ်းနယ်လို့၊ သွေးအားနည်းလို့ ဖြစ်တတ်တယ်ဆိုပြီး ကျွမ်းကျင်သူတွေကဆိုပါတယ်။ မျက်ကွင်းညိုစေတဲ့ တခြားအချက်တွေကတော့ အလုပ်ချိန်ကြာကြာလုပ်ရတာ၊ နှာခေါင်းမြှေးပိုးဝင်တာ၊ ရာသီလာစဉ် အတောအတွင်း ဟော်မုန်းအပြောင်းအလဲဖြစ်တာ၊ ကိုယ်ဝန်ဆောင်တာနဲ့ သွေးဆုံးတာ စတဲ့အချက်တွေကြောင့်ဖြစ်တတ်ပြီး အသားအရေက ဖျော့တော့ကာ သွေးကြောတွေက ပိုပြီးသိသာထင်ရှားနေတတ်ပါတယ်။ ဒါတွေအပြင် ဆေးဝါးကုထုံးတချို့ကြောင့်လည်း သွေးကြောတွေကျယ်လာပြီး မျက်ဝန်းအောက်မှာရှိတဲ့ အရေပြား အစိတ်အပိုင်းဆီကို သွေးရောက်ရှိမှုများကာ မျက်ကွင်းညိုတတ်ပါတယ်။

မျက်ကွင်းညိုခြင်း သက်သာစေရန်

မျက်ကွင်းညိုတာကို သင့်အနေနဲ့ အလွယ်တကူ ထိန်းချုပ်နိုင်ပါတယ်။

သင်ကညဘက်မှာ ညဉ့်နက်တဲ့အထိ အပြင်မှာလည်တတ်သူလား၊ ဒါမှမဟုတ် အလုပ်ကနေ နောက်ကျမှ ပြန်လာရသူလား။ ဒီလိုဖြစ်နေရင် တတ်နိုင်သမျှ အိမ်ကိုစောစောပြန်ရောက်အောင်ကြိုးစားပြီး စောစောအိပ်ရာဝင်သင့်ပါတယ်။

သင်ကအပြင်ထွက်ပြီး နေရောင်အောက်မှာ အလုပ်လုပ်ရသူဖြစ်နေရင် နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အသားအရေ (အထူးသဖြင့် မျက်ဝန်းတစ်ဝိုက်အရေပြား)ကနေ ရောင်ခြယ်ပစ္စည်းထုတ်လုပ်မှုများပြီး ညိုမည်းစေပါတယ်။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာ စားတာနဲ့ မရှိမဖြစ် အာဟာရဓာတ်တွေ ချို့တဲ့တာကလည်း မျက်ဝန်းအောက်က အရေပြားကို အရောင်ပြောင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။

မျက်ကွင်းညိုစေတဲ့ တချို့အချက်တွေကိုတော့ သင့်အနေနဲ့ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ သင်ရဲ့ဆွေမျိုးသားချင်းတွေ၊ မိဘတွေကမျက်ကွင်းညိုပြီး မျက်ဝန်းအောက်က အရေပြားပါးနေရင် ဒါမှမဟုတ် ယားယံတာလို ဓာတ်မတည့်မှု ဖြစ်တတ်တဲ့အခြေအနေရှိရင် သင့်မှာလည်း မျက်ကွင်းညိုနိုင်ခြေရှိပါတယ်။
နောက်တစ်ချက်အနေနဲ့ အသက်အရွယ်ကြီးတာကလည်း မျက်ကွင်းညိုနိုင်ခြေကို မြင့်မားစေပါတယ်။ အသက်ကြီးလာလေလေ၊ မျက်ဝန်းအောက်က အရေပြားက ခြောက်သွေ့လာပြီး အရေးကြောင်းပိုထင် လွယ်လာလေလေပါပဲ။

မျက်ကွင်းညိုခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ . . .

(၁) တစ်နေ့မှာ အိပ်ချိန် ခုနစ်နာရီ- ရှစ်နာရီလောက် အချိန်ပေးကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူပါ။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်မျှတနေစေဖို့ အချိန်မှန်မှန် အိပ်ရာဝင်သင့်ပါတယ်။

(၂) အာလူးသီးအစိမ်း ဒါမှမဟုတ် ပန်းသီးအစိမ်းကို ပါးပါးလှီးပြီး တစ်ရက်ခြားတစ်ကြိမ် အချိန် ၁၅ မိနစ်ခန့် မျက်ဝန်းတစ်ဝိုက်ကပ်ပေးပါ။ မျက်ဝန်းကိုအပန်းပြေစေပြီး မျက်စိညောင်းတာ သက်သာစေပါတယ်။

(၃) လက်ဖက်အိတ်ခပ်နွေးနွေး ဒါမှမဟုတ် ခပ်အေးအေးကို မျက်ဝန်းအောက်မှာ ၁၀မိနစ်ခန့် တင်ထားပေးပါ။

(၄) အေးနေတဲ့ သခွားသီးအရည်ထဲကို ဝါဂွမ်းစနှစ်ပြီး မျက်လုံးပေါ်မှာ အချိန် ၁၅ မိနစ်ခန့်ကပ်ပေးပါ။

(၅) မအိပ်ခင်မှာ သံလွင်ဆီ ဒါမှမဟုတ် ဗာဒံစေ့ဆီလိမ်းပြီး မျက်ဝန်းကို နှိပ်ပေးပါ။

(၆) မျက်ဝန်းတစ်ဝိုက်အရေပြားကို ဗီတာမင်အီးနဲ့ ဗီတာမင်ကေပါတဲ့ အဆီလိမ်းပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top