Healthy Life Ad
Life Style

လူအများရှေ့ စကားပြောရမှာ ကြောက်တယ် . . .

ဒေါက်တာဦးအုန်းကျော်
(စိတ်ကျန်းမာရေး ဆရာဝန်ကြီး- အငြိမ်းစား)

မေး။ ။ ကျွန်မက ကုမ္ပဏီတစ်ခုက အကြီးအကဲပါ။ ကျွန်မအနေနဲ့ လူတွေရှေ့ထွက်ပြီး စကားပြောချင်ပါတယ်။ ဒါပေမဲ့ မပြောရဲဘူး ဆရာ။ အသံတုန်မှာကိုလည်း ကြောက်တယ်။ မတ်တပ်ရပ်ဖို့ ပြင်လိုက်ရင်ကို ဒူးတုန်မိတယ်ဆရာ။ ဒါနဲ့ အဲဒီလို စကားထွက်ပြောဖို့ အခါအခွင့်သင့်တိုင်း ကျွန်မကိုယ့်ထက် ရာထူးငယ်သူကိုပဲ အဲဒီအခွင့်အရေး ပေးနေမိပါတယ်။ ကျွန်မသူများတွေလို ရဲရဲရင့်ရင့်နဲ့သတ္တိရှိတဲ့ စကားပြောကောင်းသူဖြစ်ချင်ပါတယ်။ ကျွန်မ ဘယ်လိုလုပ်သင့်ပါသလဲ။ ကျွန်မက ဘာဖြစ်လို့ သူတကာထက် ပိုကြောက်နေရတာပါလဲ ဆရာ။
ခင်လမင်း၊ မန္တလေးမြို့။

ဖြေ။ ။ ကြောက်စိတ်၊ စိုးရိမ်စိတ်လွန်ကဲတဲ့ ဝေဒနာအမျိုးမျိုး ရှိပါတယ်။ “ လူကြောက်ဝေဒနာ (Social Anxiety Disorder^Social Phobia )ဟာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လူကြောက်ဝေဒနာမှာ အဓိကကျတဲ့ အခြေခံချို့ယွင်းချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့- “ လူတွေက မိမိကို လေ့လာကြည့်ရှုဝေဖန်နေကြတယ်လို့ တွေးပြီး ကြောက်နေတဲ့ စိတ်၊ လူတွေက မိမိကို အပြစ်တင်ရှုံ့ချမှာကို တွေးပြီးကြောက်နေတဲ့ စိတ်၊ လူတွေရှေ့မှာ အရှက်တကွဲဖြစ်အောင် ပြောဆိုလုပ်ကိုင်မိမှာကို တွေးပြီး ကြောက်နေတဲ့စိတ်”တို့ ဖြစ်ပါတယ်။ အဲဒီလို ကြိုတင်ပြီး ကြောက်ရွံ့နေတဲ့ အတွေးစိတ်တွေကြောင့် ဝေဒနာရှင် မသွားချင်၊ မလုပ်ချင်၊ မတွေ့ချင်တဲ့ အခြေအနေတွေ ရှိလာပါတယ်။

လူကြောက်ဝေဒနာရှင် ရှောင်ရှားသည့် အခြေအနေများ
အထက်မှာ ဖော်ပြခဲ့တဲ့ အခြေခံချို့ယွင်းချက်တွေကြောင့် လူကြောက်ဝေဒနာရှင် ရှောင်ရှားလိုတဲ့ အခြေအနေတွေကတော့ လူတွေနဲ့ မိတ်ဖွဲ့စကားပြောခြင်း၊လူစုထဲမှာ အလာပသလ္လာပ ပြောဆိုရခြင်း၊ အထက်အရာရှိလူကြီးတွေနဲ့ တွေ့ဆုံပြောဆိုရခြင်း၊ တယ်လီဖုန်း စတင်ဆက်သွယ်ပြောဆိုခြင်း၊ လူတွေရှေ့မှာ စာရေးရခြင်း၊ လူအများရှေ့မှာ အစားအစာ စားသောက်ရခြင်း၊ အလှူပွဲ၊ ပါတီပွဲတွေကို တက်ရောက်ရခြင်း၊ အစည်းအဝေးထဲမှာ မိမိသဘောထားကို ပြောဆိုရခြင်း၊ လူအများရှေ့တွင် စကားပြောရခြင်း၊ ဇာတ်ခုံပေါ်မှာ သီဆိုကပြရခြင်းတို့ ဖြစ်ပါတယ်။

လူအများရှေ့ စကားပြောရမှာ ကြောက်လွန်းတာနဲ့ ဇာတ်ခုံပေါ် သီဆိုကပြရမှာကို ကြောက်လွန်းတာကို “ ပြောဆို လုပ်ကိုင် ပြသရန် အကြောက်လွန် စိတ်”( Performance Anxiety)လို့ ခေါ်ပါတယ်။ အဲဒီလို ကြောက်စိတ်မျိုးဟာ “ လူကြောက်ဝေဒနာ ” ရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ တခြား လူကြောက်ဝေဒနာလက္ခဏာတွေ သိသိသာသာ မရှိပေမယ့် ပြောဆိုလုပ်ကိုင်ပြသဖို့ အကြောက်လွန်စိတ် ရှိသူတွေကိုလည်း တွေ့ရှိရပါတယ်။

လူကြောက်ဝေဒနာရှိသူ ခံစားရသည့် ခန္ဓာကိုယ်လက္ခဏာများ

လူကြောက်ဝေဒနာရှင်ဟာ မိမိကြောက်တဲ့အခြေအနေနဲ့ ရင်ဆိုင်ရရင် အန္တရာယ်နဲ့ အမှန်တကယ် ရင်ဆိုင်နေရသလို တုန့်ပြန်လာပါတယ်။ ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကတော့ မျက်နှာနီရဲလာခြင်း၊ ရှက်သွေးဖြန်းခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူမဝခြင်း၊ ဗိုက်နာခြင်း၊ ပျို့ချင်အန်ချင်သလို ခံစားရခြင်း၊ နှလုံးတုန် ရင်ခုန်ခြင်း၊ ချွေးစီးပြန်ခြင်း၊ ခြေလက်တုန် တုန်ယင်ယင်ဖြစ်ခြင်း၊ စကားထစ်ခြင်း၊ အသံတုန်ခါခြင်း၊ မူးဝေလဲကျခြင်းတို့ ဖြစ်ပါတယ်။

လူကြောက်ဝေဒနာနှင့် ကိုယ်ရည်ကိုယ်သွေး
ပြည်သူလူထုအတွင်းမှာ ၃၀ ရာခိုင်နှုန်းကျော်ဟာ လူမှုဆက်ဆံရေးမှာ အနည်းငယ်ကနေ အတော်အတန် ကြောက်စိတ်၊ စိုးရိမ်စိတ်၊ ရှက်စိတ် ရှိပါတယ်။ လူ ၁၀ဝ မှာ နှစ်ယောက်၊ သုံးယောက်ကတော့ လူကြောက်ဝေဒနာ ခံစားနေရကြောင်း သိရပါတယ်။

လူကြောက်ဝေဒနာ ဖြစ်ပေါ်ဖို့ အလားအလာများတဲ့ ကိုယ်ရည်ကိုယ်သွေးလက္ခဏာတွေကတော့ အရှက်ကြီးခြင်း၊ မိမိရဲ့ စိတ်ခံစားမှုနဲ့ သဘောထား အယူအဆတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် မပြောလိုခြင်း၊ မိမိကိုယ်ကိုယ် အထင်အမြင်သေးခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းပါးခြင်း၊ တခြားသူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ကျွမ်းကျင်လိမ္မာမှု (Social Skill^ Communication Skill) အားနည်းခြင်းတို့ ဖြစ်ပါတယ်။

လူကြောက်ဝေဒနာ သက်သာစေရန်
လူကြောက်ဝေဒနာဟာ ရှက်တတ်တဲ့ အကျင့်နဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဒါကြောင့် ဝေဒနာ လုံးဝပျောက်ကင်းသွားအောင် ကုသဖို့ မရည်ရွယ်ပါဘူး။ အခုဆောင်းပါးမှာ “ ပြောဆိုလုပ်ကိုင်ပြသရန် အကြောက်လွန်စိတ် ”သက်သာစေတဲ့ကုသနည်းနဲ့ လူကြောက်ဝေဒနာ ကုသနည်းတချို့ကို ဖော်ပြပါမယ်။



လူအများရှေ့ စကားပြောရမှာ ကြောက်လွန်းရင်

(၁) ရင်ဆိုင်တွေ့ပါ၊ ရှောင်မပြေးပါနှင့်
အလှူပွဲ၊ ပါတီပွဲ၊ စကားပြောပွဲအတွက် ဖိတ်စာရရင် ကြိုတင်ပြီး စိုးရိမ်ကြောင့်ကြစိတ်တွေ ပေါ်လာပါလိမ့်မယ်။ အဲဒီစိတ်တွေ အရှိန်တက်လာရင် နောက်ဆုံးကျတော့ မသွားတော့ဖို့ ဆုံးဖြတ်မိပါလိမ့်မယ်။ အဲဒီလို အလေ့အကျင့်ကို ရှောင်ရပါမယ်။

(၂) ဟောပြောရမည့် အကြောင်းအရာကို ကြိုတင်ပြင်ဆင်ပါ
လူတွေရှေ့စကားပြောရမှာကိုတွေးပြီး ကြောက်နေမယ့်အစား မိမိပြောဆိုလိုတဲ့ အချက်အလက်တွေကို ကြိုတင်စုဆောင်းပါ၊ ရေးချကြည့်ပါ၊ ပြန်လည်တည်းဖြတ်စစ်ဆေးကြည့်ပါ။ အဲဒီလို ပြင်ဆင်ထားရင် စိတ်ထဲမှာ ပိုမိုရဲတင်းလာပါလိမ့်မယ်။ သင်ခန်းစာကို ကြေအောင်ကျက်ထားတဲ့ ကျောင်းသားဟာ စာမေးပွဲခန်းထဲဝင်ရမှာ မကြောက်သလိုပါပဲ။

(၃) အကြိမ်ကြိမ် လေ့ကျင့်ပါ

မိမိရေးထားတဲ့ စာတမ်းကို မိမိဘာသာ အသံထွက်ပြီး ဖတ်ကြည့်ပါ။ ပရိသတ်ရှေ့မှာ စကားပြောနေသလို ပြောကြည့်ပါ။ အကြိမ်ကြိမ် ကြိုးစားရင် အသားကျလာပါလိမ့်မယ်။

(၄) ပွဲမဝင်မီ အပြင်မှာ လေ့ကျင့်ပါ
အိမ်သူအိမ်သား မိတ်ဆွေသူငယ်ချင်းတွေရှေ့မှာ မိမိရဲ့ စာတမ်းကို စကားပြောသလို ဖတ်ကြည့်ပါ။ သူတို့ကို သူစိမ်းပရိသတ်လို သဘောထားပြီး လေ့ကျင့်ပါ။ ပျော်စရာ စကားဝိုင်းလို သဘောထားပြီး လေ့ကျင့်ပါ။

(၅) ပွဲဝင်မယ့်နေ့မှာ ဘာလုပ်သင့်သလဲ

ဟောပြောပွဲ ပြုလုပ်ရမယ့်နေ့မှာ အဆာမခံပါ နဲ့။ တဝကြီး မစားပါနဲ့။ မိမိနဲ့ သင့်တော်တဲ့ အစားအစာကို လုံလောက်ရုံပဲ စားထားပါ။ အစာအိမ် ငြိမ်သက်ပြီး သွေးထဲမှာ သကြားဓာတ် ပုံမှန်အဆင့်ရှိနေဖို့ လိုပါတယ်။ ကော်ဖီ မသောက်သင့်ပါဘူး။

ပွဲမဝင်ခင် ကြောက်စိတ်ဝင်နေတာကြောင့် ရန်သူနဲ့ ရင်ဆိုင်နေရသလို ခန္ဓာကိုယ်က တုန့်ပြန်နေပါတယ်။ မလိုအပ်ဘဲ သွေးထဲမှာ အက်ဒရီနယ်လင်ဓာတ် (Adrenalin)တွေများနေတယ်၊ ခြေလက်တွေကို လှုပ်ရှားပေးပြီး တစ်နေရာထဲမှာ ဖြည်းဖြည်း ခုန်ပေးလိုက်ရင် ကြောက်စိတ်သက်သာလာပါလိမ့်မယ်။ အက်ဒရီနယ်လင်ဓာတ်ရဲ့ အာနိသင်ကို လျော့စေတဲ့ ဆေး (ဥပမာ-Propranolol)ကို အသုံးပြုနိုင်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပါ။

(၆) ပရိသတ်ရှေ့ရောက်တဲ့အခါ . . .
အသက်ပြင်းပြင်းနဲ့ ဖြည်းဖြည်းရှူပြီး ပရိသတ်ကို ကြည့်ပါ။ မိမိရဲ့ မိတ်ဆွေကို ကြည့်ပြီး ပြောရင် အားတက်လာနိုင်ပါတယ်။ မိမိကြောက်စိတ်ကို သတိထားမနေပါနဲ့။ ပြောရမယ့် အကြောင်းအရာကိုပဲ အာရုံပြုပါ။ မှားသွားမှာကို ကြိုတင်ပြီး စိုးရိမ်မနေပါနဲ့။ မှားသွားလည်း ဘာဖြစ်လဲ၊ လူတိုင်း မှားတတ်ကြတာပဲလို့ သဘောထား။အဲဒါ စိတ်ပညာရှင်တွေ ပေးတဲ့ အကြံဉာဏ် တွေ ဖြစ်ပါတယ်။

လူကြောက်ဝေဒနာကုထုံးများ
(က) လူကြောက်ဝေဒနာကြောင့် လူမှုရေး၊ အလုပ်အကိုင်နဲ့ စီးပွားရေးမှာ ထိခိုက်လာရင် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အသုံးပြုတဲ့ ဆေးတွေကတော့ စိတ်ကျရောဂါကုသဆေးနဲ့ စိတ်ငြိမ်ဆေးတွေ ဖြစ်ပါတယ်။ စိတ်ကျရောဂါ ကုသဆေးတွေထဲမှာ Paro­xetine ၊ Sertralineeနဲ့ Venlafaxineတွေကို အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲ ရေးအဖွဲ့ (US-FDA)က ထောက်ခံထားပါတယ်။ စိတ်ငြိမ်ဆေးတွေထဲမှာ Alprazolam? Clonaze-pam eJY Buspirone တို့ကို အသုံးများပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်သလို အသုံးပြုနိုင်ပါတယ်။

(ခ) စိတ်ကုထုံးကုနည်း အမျိုးမျိုးရှိပါတယ်။ တွေးတောဆင်ခြင်အပြုအမူကုထုံးတွေ ဖြစ်ပါတယ်။ ဥပမာ- မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးခြင်း၊ အပျက်သဘော တွေးတောဆင်ခြင်တတ်ခြင်းတို့ကို ပြောင်းလဲပေးတဲ့ ကုထုံး၊ ကြောက်တဲ့ အခြေအနေ ပတ်ဝန်းကျင်ကို “ရိုးသွား”အောင် လေ့ကျင့်ပေးတဲ့ ကုထုံး၊ “ပြောဆိုဆက်ဆံရာမှာ လိမ္မာကျွမ်းကျင်မှု သင်တန်း”(Social Skill Training) စတာတွေ ဖြစ်ပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top