Healthy Life Ad
Life Style

သူတစ်ပါးကို ပေးဆပ်တော့မယ်ဆိုရင် . . .

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ် )

လူအများစုဟာ မိဘမဲ့ကလေးကျောင်းတွေမှာ မကြာခဏ လှူတတ်ပါတယ်။ ကျွန်မလည်း လှူဖူးပါတယ်။ ကလေးတွေကိုချစ်တဲ့ စိတ်ရယ်၊ မိဘမဲ့လေးတွေမို့ သနားတဲ့ စိတ်ရယ်နဲ့ပေါ့ . . နောက်ဆုံးလှူတဲ့ တစ်ခေါက်ကဆိုရင် ကျွန်မတူလေးနှစ်ယောက်ကိုပါ သူတို့နဲ့ရွယ်တူ မိဘမဲ့ကလေးတွေကို ပဲနို့နဲ့ပေါင်မုန့်လေးတွေ ပေးခိုင်းခဲ့တယ်။ ကျွန်မစိတ်ထဲမှာတော့ ကျွန်မတူလေးတွေဟာ ပေးဆပ်ခြင်းရဲ့ ပီတိ၊ မျှဝေခြင်းရဲ့ ကြည်နူးမှုကို ခံစားတတ်သွားရင် သူတို့ဘဝတစ်လျှောက်လုံး ကိုယ့်ထက်ချို့တဲ့တဲ့သူတွေကို ဖေးမစာနာတတ်သွားမယ်ပေါ့ . . တူလေးတွေ လှူတဲ့အခါ ဓာတ်ပုံတွေရိုက်ပေးမိတယ်၊ ဒါပေမဲ့ဖေ့စ်ဘွတ်ခ်ပေါ်တော့ မတင်ခဲ့မိပါဘူး . . ဓာတ်ပုံထဲမှာ ကျွန်မတူလေးတွေက သူတစ်ပါးကို ပေးရတဲ့အတွက် ပြုံးပျော်ကြည်နူးလို့ပေါ့ .

အဲဒီဓာတ်ပုံတွေကို သူတို့တစ်နှစ်ထက် တစ်နှစ်ကြီးလာတဲ့အခါ ပြန်ပြပြီး “ အဲဒီလို လှူချင်ရင် မုန့်ဖိုးတွေစု . . မလိုအပ်တဲ့ အရုပ်တွေ လျှောက်မဝယ်နဲ့” စသဖြင့် ပြောပြမိတယ်။
တူလေးတွေ လှူတဲ့ပုံတွေကို ကြည့်တိုင်း ကျွန်မရော တူလေးတွေပါ တူလေးတွေဆီပဲ အကြည့်ရောက်ပါတယ် . . တစ်ဖက်က လက်ခံရယူတဲ့ ကလေးတွေရဲ့ ပုံတွေကို ကြည့်မိသလား၊ မကြည့်မိသလား . . အမှတ်မဲ့ပါပဲ . .

_ _ _ _ _ _

ဒီနေ့တော့ ကျွန်မ မသန်စွမ်းပေမယ့် ဘွဲ့ရတဲ့အထိ ပညာသင်ယူနိုင်တဲ့ လူတစ်ယောက်နဲ့ ဆုံပါတယ်။ သူက မိဘမဲ့တစ်ယောက်ပါ။
“ အစ်ကို ဒီလို ဘွဲ့ရတဲ့အထိ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်မှာ အခက်ခဲဆုံး ဖြတ်ကျော်ခဲ့ရတဲ့ စိတ်ခံစားချက်က ဘာဖြစ်မလဲ”လို့ ကျွန်မ မေးကြည့်မိလိုက်ပါတယ်။

သူက ဖြေပါတယ်။
“ သိမ်ငယ်စိတ်ပါ”တဲ့။
“ ကျွန်တော်က မိဘမဲ့ဆိုတော့ ဘုန်းကြီးကျောင်းတစ်ခုမှာ ကြီးပြင်းခဲ့ရပါတယ်။ အဲဒီကျောင်းမှာ အလှူရှင်တွေလာပြီဆိုရင် ကျွန်တော်တို့တွေတန်းစီပြီး အလှူရှင်တွေပေးတဲ့ မုန့်တွေ၊ အအေးတွေကို ယူရပါတယ်။ အလှူရှင်တွေကတော့ စေတနာနဲ့ ပေးပေမယ့် ကျွန်တော် အင်မတန် သိမ်ငယ်ပါတယ်။ ကျွန်တော် ဘုန်းကြီး ရိုက်မှာစိုးလို့ တန်းစီခဲ့ရတာပါ၊ ကျွန်တော် အဲဒီမုန့်တွေကို လုံးဝမယူချင်ပါဘူး၊ အဆိုးဆုံးက အလှူရှင် မိသားစုထဲမှာ ကိုယ်နဲ့ ရွယ်တူကလေးတွေများပါခဲ့ရင်လေ . . (သူ့မျက်နှာက အတော်ဆွေးမြေ့သွားတဲ့ ပုံနဲ့ပါ) ကျွန်တော် အဲဒီ့သိမ်ငယ်စိတ်ကို ရင်ဆိုင်ကျော်လွှားခဲ့တာ အခက်ခဲဆုံးပဲဗျာ”တဲ့ . .

သူ့စကားဆုံးတော့ ကျွန်မ တော်တော်မျက် နှာပူသွားပါတယ်။ သူက ဆက်ပြောသေးတယ်။
“ အဲဒီတုန်းက ဖေ့စ်ဘွတ်ခ်မပေါ်သေးလို့ တော်သေးတာပေါ့ဗျာ၊ အခုခေတ်မှာ အဲဒီလှူတဲ့ပုံတွေကို ဖေ့စ်ဘွတ်ခ်မှာ တွေ့တိုင်း မိဘမဲ့ကလေးတွေကိုယ်စား ကျွန်တော် စိတ်မကောင်းဘူးဗျာ”

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top