Healthy Life Ad
Life Style

နားတည်ဆောက်ပုံနှင့် အလုပ်လုပ်ပုံ

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါ ပညာဌာန၊ ဆေးတက္ကသိုလ်-၁)၊ ရန်ကုန်

ကျွန်မတို့ဆေးရုံမှာ ဆေးပညာစဉ်ဆက်မပြတ် သင်ကြားရေးအစီအစဉ်အရ အထူးကုဆရာဝန်တွေက အလှည့်ကျဟောပြောရပါတယ်။ ဒီနေ့တော့ ကျွန်မ အလှည့်ပေါ့။ ပြောရတဲ့အချိန်က ထမင်းစားပြီး နေ့လည် (၂) နာရီဆိုတော့ နားထောင်တဲ့သူတွေ အိပ်မငိုက်အောင်၊ ကိုယ်ပြောပြချင်တာလေးတွေ သိသွားအောင် ကြိုးစားပြီးပြင်ဆင်ရပါတယ်။ ကျွန်မက နား၊ နှာခေါင်း လည်ချောင်းအထူးကုဆိုတော့ နားအကြောင်း ပြောမယ်လို့ စိတ်ကူးမိပါတယ်။

ကျွန်မတို့ရဲ့နားတွေကို လက်ရာမြောက်လှတဲ့ ပန်းပုဆရာတစ်ယောက်ကများ ထုဆစ်ထားသလား လို့ ထင်မှတ်မှားလောက်ပါတယ်။ ဒါပေမဲ့ နားလည်လွယ်အောင်တော့ ရှင်းပြရပါတယ်။တည်ဆောက်ထားပုံတွေ သိမှ နားရဲ့လုပ်ဆောင်ပုံတွေကို သိမှာလေ။

နားမှာ အပိုင်း သုံးပိုင်း ရှိပါတယ်။ အပြင်နား၊ အလယ်နားနဲ့ အတွင်းနားတွေပေါ့။

အပြင်နားမှာလည်း နားရွက်ရယ်၊ အပြင်နား တူးမြောင်းရယ်ရှိပြီး တူးမြောင်းအဆုံးမှာ နားစည် ရှိတယ်။ နားစည်ရဲ့အတွင်းဘက်ကတော့ အလယ်နားပေါ့။ အလယ်နားထဲမှာအရိုးနုလေး သုံးခုဟာ နားစည်နဲ့ အတွင်းနားကို တံတားလေးလို ဆက်ထားပေးတယ်။ သောတအာရုံ ရရှိခံစားနိုင်အောင် အသံလှိုင်းတွေကို သယ်ဆောင်ပေးတယ်။ အလယ်နားနဲ့ နှာခေါင်းအနောက်ဘက်နေရာ (postnasal space) ကို ပြွန်လေးတစ်ခုက ဆက်သွယ်ပေးထားတယ်။ သူ အလုပ်ကောင်းကောင်းမလုပ်ရင် အလယ်နားမှာ ဖိအားမညီမျှတာတွေဖြစ်ပြီး ရောဂါဖြစ်နိုင်တယ်။ နောက်ပိုင်းကျတော့ အသေးစိတ်ရေးပါမယ်။ ပြွန် လေးရဲ့နာမည်က Eustachian Tube တဲ့။ အလယ် နားအနောက်ဘက်မှာ မလွယ်ပေါက်လေး တစ်ခုရှိတယ်။ သူ့နာမည်ကတဲ့။ သူက အလယ် Aditus နားနဲ့နားနောက်က အရိုး Mastoid ကို ဆက်သွယ်ပေးထားတယ်။

သောတာရုံ ခံစားရဖို့မလွယ်လှပါဘူး။ ကျွန်မတို့တွေဟာ ကိုယ့်မှာရှိနေတော့ သိပ်တန်ဖိုးရှိတယ်လို့ မထင်ကြပေမယ့် အဲဒီအရာတစ်ခုခုဆုံးရှုံးသွားတော့မှ တန်ဖိုးကို နားလည်တတ်ကြပါတယ်။ အကြားအာရုံ ဆုံးရှုံးတဲ့အခါ ထိခိုက်ရတာ၊ ခံစားရတာ အများကြီးပါပဲ . . .

ကျွန်မက ဆေးတက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသားတွေကို စာသင်ရင် နားလည်လွယ် အောင်အလယ်နားရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်က ဆက်သွယ်တာတွေကို ကလေးတွေရဲ့ ဆွေမျိုးတွေနဲ့ ဥပမာပေးပြီး သင်ပါတယ်။ အရှေ့ဘက်က ပြွန်လေးကတော့ အဖေ့ဘက်က အမျိုး၊ အနောက်ဘက်က အရိုးလေးကတော့ အမေ့ဘက်ကအမျိုးပေါ့။ အခုလည်း အဲဒီလိုပဲရှင်းပြပါတယ်။ ပုံနဲ့ပြတာဆိုတော့ မျက်စိထဲမှာ စွဲသွားတာပေါ့။

အတွင်းနားကတော့ တော်တော်ရှုပ်ထွေးတာပါ။ အာရုံခံဆဲလ်တွေရှိတဲ့ နေရာဆိုတော့လည်း ရှုပ်တာပေါ့နော်။ နားဆိုတာကလည်း အကြားအာရုံတစ်ခုတည်း အလုပ်လုပ်တာမဟုတ်ပါဘူး။ဟန်ချက်ထိန်းတဲ့ နေရာမှာလည်းပါတာဆိုတော့ ပိုရှုပ်တာပေါ့။ ရှင်းအောင်ပြောရရင်တော့ အကြားနဲ့ ဆိုင်တဲ့အပိုင်းမှာ ခရုပုံအစိတ်အပိုင်းပါပြီး ဟန်ချက်ထိန်းတဲ့အပိုင်းမှာ ဒိုးနပ်တစ်ခြမ်းပြတ် သုံးခုရယ်၊ နောက်ထပ်အပိုင်းလေး နှစ်ခုရယ်ပါတယ်။ အဲဒီအပိုင်း နှစ်ပိုင်းစလုံးမှာ အာရုံခံဆံချည်မျှင်ဆဲလ်လေးတွေ ရှိတယ်။ အကြား အာရုံနဲ့ဆိုင်တာရယ်၊ ဟန်ချက်ထိန်းတာနဲ့ဆိုင်တာရယ်ပေါ့။ အဲဒီဆံချည်မျှင်ဆဲလ်လေးတွေကို သက်ဆိုင်ရာ အာရုံကြောတွေက ဆက်သွယ်ထားတယ်။အဲဒီအာရုံကြောတွေကနေ နောက်ဆုံး သက်ဆိုင်ရာ ဦးနှောက်အပိုင်းကိုရောက်ပြီး အာရုံခံစားရတာ ဖြစ်ပါတယ်။ ဒီလိုခရီးရှည်ကြီးကို သွားရတဲ့အတွက် တစ်နေရာရာမှာ ချို့ယွင်းရင် အကြားအာရုံလျော့နည်းတာ၊ ဟန်ချက် မထိန်းနိုင်တာ၊ ချာချာလည်မူးတာတွေ ဖြစ်နိုင်ပါတယ်။

နားကြားရပုံလေးကိုလည်း ဗဟုသုတရအောင် ပြောပြချင်ပါတယ်။ ကျွန်မတို့အသံကြားရဖို့ ပထမဆုံးလိုတာကတော့ အသံထွက်စေတဲ့ အကြောင်းတရား (Source) လိုပါတယ်။ အကြောင်းတရားရှိမှ အကျိုးရှိမှာဖြစ်ပါတယ်။ ကျွန်မတို့စကားပြောရင် ကျွန်မတို့ရဲ့ အသံအိုးတွေပေါ့။ နားစမ်းသပ်တဲ့အခါ မှာသုံးတဲ့ ခက်ရင်းခွလည်းပါတာပေါ့။ အဲဒီအကြောင်းတရားကလည်း ဒီအတိုင်းနေရင် အသံမကြားရဘူး။ သူတို့ တုန်ခါမှ ဥပမာစကားပြောမယ်၊ ခက်ရင်းခွကို ရိုက်ခတ်လိုက်မယ်ဆိုမှ အသံလှိုင်း တွေထွက်လာမှာပါ။ အသံလှိုင်းတွေက ရေတို့၊ လေတို့စတဲ့ ကြားခံနယ်တွေကိုဖြတ်ပြီး နားကိုရောက်ပါတယ်။ အပြင်နားမှာရှိတဲ့ နားရွက်က အသံလှိုင်း တွေကိုစုစည်းပြီး အပြင်နားတူးမြောင်းတစ်လျှောက် ဖြတ်လာစေပြီး နားစည်ကိုရိုက်ခတ်ပါတယ်။ စည်ကို တီးရင်တုန်ခါသလို၊ နားစည်လည်းတုန်ခါပါတယ်။ နားစည်တုန်တဲ့အခါ နားစည်မှာကပ်နေတဲ့ အလယ် နားအရိုးကပါ လှုပ်ရပါတယ်။ အလယ်နားအရိုးသုံးခုဟာ တစ်ခုနဲ့တစ်ခုဆက်နေပြီး နားစည်နဲ့အတွင်းနားကို တံတားလေးလို ဆက်သွယ်ထားတာမို့ အရိုးသုံးခုဆက်တိုက် လှုပ်လိုက်တာ အတွင်းနားထဲက အရည်တွေ လှုပ်ရှားလာရပါတယ်။ အဲဒီအခါ ဆံချည်မျှင်ဆဲလ်တွေမှာ ပြောင်းလဲမှုတွေဖြစ်ပြီး နောက်ဆုံး အာရုံကြောတွေက အဆင့်ဆင့်တက်သွားလိုက်တာ အကြားအာရုံနဲ့ဆိုင်တဲ့နေရာကို ရောက်ပြီး အသံကြားရတာ ဖြစ်ပါတယ်။

သောတာရုံ ခံစားရဖို့ မလွယ်လှပါဘူး။ ကျွန်မတို့တွေဟာ ကိုယ့်မှာရှိနေတော့ သိပ်တန်ဖိုးရှိတယ်လို့ မထင်ကြပေမယ့် အဲဒီအရာတစ်ခုခု ဆုံးရှုံးသွားတော့မှ တန်ဖိုးကို နားလည်တတ်ကြပါတယ်။ အကြားအာရုံ ဆုံးရှုံးတဲ့အခါ ထိခိုက်ရတာ၊ ခံစားရတာ အများကြီး ပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top