Healthy Life Ad
Health Tips

တချို့နေ့တွေမှာ မိတ်ကပ်မလိမ်းဘဲနေရင် ဘယ်လိုကောင်းကျိုးတွေရနိုင်သလဲ . . .

၊ လရိပ်မေ ၊

မိတ်ကပ်မလိမ်းထားတဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်ကို ပိုသဘောကျတယ်လို့ အမျိုးသားအတော်များများဆီက ကြားဖူးပါတယ်။ မိတ်ကပ်လိမ်းလေ့ရှိတဲ့ အမျိုးသမီးတွေကျတော့လည်း မိတ်ကပ်မလိမ်းရင် လှမှာမဟုတ်ဘူးလို့ ထင်နေတတ်ပါတယ်။ မျက်နှာပေါ်ကို အရောင်တင်လိုက်မှ ပိုယုံကြည်မှုရှိပြီး ပိုကြည့်ကောင်းတယ်လို့ ခံစားနေတတ်ပါတယ်။ အိမ်မှာပဲနေတဲ့ တချို့ရက်တွေမှာ မိတ်ကပ်မလိမ်းဘဲနေရင် လွပ်လပ်ပေါ့ပါးနေပါလိမ့်မယ်။

– အနားရစေပါတယ်
မိတ်ကပ်မလိမ်းတဲ့အခါ အသားအရေက အနားရသွားပါတယ်။ ညဘက်မိတ်ကပ်တွေဖျက်ပြီး မျက်နှာသစ်ရင် မျက်နှာအေးပြီး သင့်စိတ်ရောကိုယ်ပါ ပိုအနားရသွားသလိုပါပဲ။ အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါ အစိတ်အပိုင်းဖြစ်လို့ ရေချိုးပြီး ဘာမိတ်ကပ်မှမလိမ်းဘဲ အနားယူကြည့်ပါ။ အရေပြားက အနားရပြီး ပေါ့ပါးနေပါလိမ့်မယ်။ နေရောင်အောက်ထွက်မယ်ဆိုရင်တော့ နေကာခရင်မ်လိမ်းပါ။

– စိတ်ကြည်လင်စေပါတယ်
မိတ်ကပ်လိမ်းထားတဲ့အခါ နှုတ်ခမ်းနီစွန်းပေနေသလား၊ မိတ်ကပ်ကွက်နေသလား၊ အဆီပြန်နေသလား စသဖြင့် စိတ်ပူနေရပါတယ်။ မိတ်ကပ်မလိမ်းတဲ့အခါ မျက်နှာကိုဓာတုပစ္စည်း ထိတွေ့မှုနည်းပြီး စိတ်ပါကြည်လင်နေတတ်ပါတယ်။

– မိတ်ကပ်ကုန်၊ အချိန်ကုန် သက်သာစေပါတယ်
အိမ်မှာနေတဲ့အခါ မိတ်ကပ်မလိမ်းဘဲနေကြည့်ပါ။ သင်တစ်နေ့တစ်နေ့ မိတ်ကပ်လိမ်းဖို့ ပေးနေရတဲ့အချိန် ဘယ်လောက်ကြာမှန်း သိလာပါလိမ့်မယ်။

– ပိုယုံကြည်မှု ရှိစေပါတယ်
မိတ်ကပ်မပါဘဲ ကိုယ့်ပင်ကိုအလှကို ခံစားကြည့်လိုက်ပါ။ မှန်ကြည့်တဲ့အခါ ကိုယ့်မျက်နှာပေါ်က အလှဆုံးအပိုင်းကို အရင်ဆုံးကြည့်လိုက်ပါ။ ဒါဆိုရင် မျက်နှာပြောင်နဲ့လည်း ကြည့်ကောင်းတာပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာပါလိမ့်မယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top