Healthy Life Ad
Women

ရာသီလာစဉ် ခံစားရသော ဝေဒနာများကို ပိုဆိုးစေသည့် အရာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အမျိုးသမီးအများစုအတွက် ရာသီလာတာက ပျော်စရာကိစ္စမဟုတ်ပါဘူး။ ရာသီသွေးဆင်းတာ၊ အဝတ်အစားတွေမှာ သွေးစွန်းတာ၊ လစဉ် အမျိုးသမီးသုံးပစ္စည်းကို မကြာခဏလဲရတာ စတာတွေ အပြင် ဗိုက်အောင့်တာ၊ စိတ်တိုဒေါသထွက်တာ စတဲ့ ဝေဒနာတွေလည်း ခံစားရတတ်ပါတယ်။ ဒီဝေဒနာတွေကို ပိုဆိုးစေတဲ့ အချက်တွေရှိပါတယ်။

– စိတ်ဖိစီးမှု များလွန်းခြင်း

စိတ်ဖိစီးမှုများတာက ကမ္ဘာပေါ်မှာ အဆိုးဆုံးအရာပါ။ စိတ်ဖိစီးမှုကြောင့် ရောဂါဝေဒနာများစွာကို လက်ယက်ခေါ်သလို ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် မိန်းကလေးတွေအတွက် ရာသီစက်ဝန်းကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကော်တီစောဟော်မုန်း ထွက်ရှိတဲ့အတွက် ရာသီစက်ဝန်းကို ပိုထိခိုက်စေတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို ကြာကြာခံစားနေရရင် ရာသီလာတဲ့အခါ ဗိုက်နာတဲ့ဝေဒနာကို ပိုခံစားရတတ်ပါတယ်။ စိတ်အပန်းဖြေပြီး နေထိုင်ပါ။ ဖြစ်နိုင်ရင် တစ်နေ့မှာ နာရီအနည်းငယ်လောက် စိတ်ဖြေလျှော့ပြီး အေးချမ်းအောင် ကြိုးစားကြည့်သင့်ပါတယ်။

– အိပ်ရေးပျက်ခြင်း

အရွယ်ရောက်သူတွေမှာပျမ်းမျှလိုအပ်တဲ့ အိပ်ချိန်က ရှစ်နာရီ ဖြစ်ပါတယ်။ လုံလောက်တဲ့ အိပ်ချိန် မရှိရင်အိပ်ရေးပျက်ပြီး ရာသီလာတဲ့ စက်ဝန်းကိုက မောက်ကမ ဖြစ်စေနိုင်ပါတယ်။ ရာသီစက်ဝန်းနီးကပ်ချိန်မှာ ညဘက် မအိပ်ဘဲ နေ့ဘက်ကျမှ အိပ်တာမျိုးလို အပြောင်းအလဲ မလုပ်ပါနဲ့။ အဲဒီလို အိပ်ချိန်ပုံမှန်မဟုတ်တာက ရာသီလာစဉ်အတွင်း ဗိုက်အောင့်တာနဲ့ မအီမသာ ဖြစ်တာတို့ကို ပိုဆိုးစေနိုင်ပါတယ်။

– ကဖင်းစွဲလမ်းနေခြင်း

တချို့လူတွေက တစ်နေ့မှာ ကော်ဖီလေးခွက် ကနေ ခြောက်ခွက်အတွင်း မသောက်ရ မနေနိုင်အောင် ကဖင်းဓာတ်ကို စွဲလမ်းနေတတ်ကြပါတယ်။ အဲဒီအခါ ကိုယ်တွင်းစနစ်ထဲက ဖင်းဓာတ်များလွန်းပြီး ရာသီအကြိုဝေဒနာကို ပိုဆိုးစေတတ်ပါတယ်။ ကဖင်းဓာတ်ကလိုတာထက် ပိုများလွန်းနေရင် ရာသီ လာချိန်အတွင်းခံစားရတဲ့ ပူပင်သောကများတာ၊ အိပ်မပျော်တာ၊ စိတ်ဂနာမငြိမ်ဖြစ်တာ၊ စိတ်တက် လိုက်ကျလိုက် ဖြစ်တာတို့ကို ပိုဆိုးစေနိုင်ပါတယ်။ ကော်ဖီကြိုက်သူတွေအနေနဲ့ တစ်နေ့မှာကဖင်းဓာတ်ပါတဲ့ အရည်ကို တစ်ခွက်-နှစ်ခွက်လောက် သောက်နိုင်ပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top