Healthy Life Ad
Life Style

မျက်စိသူငယ်အိမ်စောင်းခြင်းဟု လူပြောများသည့် ဆလင်ဒါပါဝါအကြောင်း သိကောင်းစရာ

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

မေး. အရပ်ထဲမှာပြောနေကြတဲ့ မျက်စိသူငယ်အိမ် စောင်းတယ်ဆိုတာ ဘာကိုဆိုလိုတာပါလဲဆရာ။

ဖြေ. မျက်စိသူငယ်အိမ်စောင်းတယ်ဆိုတဲ့ စကားက ဆရာဝန်တွေပြောတဲ့ စကားမဟုတ်ပါဘူး။ သူငယ်အိမ်စောင်းတယ်ဆိုပြီး လူနာတွေက မျက်စိအထူးကု ဆရာဝန်တွေဆီ လာပြကြပါတယ်။ သူတို့က ဆလင်ဒါပါဝါရှိတာကို သူငယ်အိမ်စောင်းတယ်လို့ မှားပြောကြတာဖြစ်ပါတယ်။ တချို့ကျတော့လည်း မျက်စိဆရာဝန်က စမ်းသပ်စစ်ဆေးပြီး ဆလင်ဒါပါဝါရှိနေရင် ဆလင်ဒါပါဝါဆိုတာက မြန်မာမှုပြုဖို့ခက်နေတော့ “ခင်ဗျား မျက်လုံးမှာ ဆလင်ဒါပါဝါရှိနေတယ်”လို့ ပြောလိုက်တာကို လူနာတချို့က ဆလင်ဒါပါဝါကို နားမလည်တော့ သူငယ်အိမ်စောင်းတယ်လို့ ထင်သွားတာပါ။

သူငယ်အိမ်ဆိုတာ Pupil လို့ခေါ်တော့ သူငယ်အိမ်စောင်းတယ် ဆိုရင် Pupil စောင်းတယ်လို့ ပြောသလိုဖြစ်နေပါတယ်။ တကယ်တော့ Pupil က မစောင်းပါဘူး။ တချို့လူနာတွေက သူငယ်အိမ်စောင်းတယ်ဆိုပြီး ဆရာဝန်ဆီလာပေမယ့် သူဖြစ်နေတာက မျက်စိစွေနေတာပါ။ မျက်စိစွေတာကို (Squint) လို့ ခေါ်ပါတယ်။

မေး. ဆလင်ဒါပါဝါရှိတာက ဘာကြောင့်ဖြစ်ရတာပါ လဲဆရာ။

ဖြေ. ဆလင်ဒါပါဝါရှိတာက မျက်ကြည်လွှာအခုံးအခွက် (Cornea Curvature) မညီလို့ ဖြစ်တာပါ။ အဲဒီလို မညီဘူးဆိုတာကလည်း သဘာဝက ပေးတာပါပဲ။ သိသာအောင် ပြောရမယ်ဆိုရင် ကလေးတစ်ယောက်က အရပ်ပုပုနဲ့ မွေးလာတယ်၊ ဒါမှမဟုတ် အရပ်ရှည်ရှည်နဲ့ မွေးလာတယ်။ အဲဒီလို ကွာခြားသလိုမျိုးပဲ မျက်ကြည်လွှာ အခုံးအခွက် မညီတာက မွေးရာပါအကြောင်း အချက်အလက်တွေကြောင့် မညီတာဖြစ်ပါတယ်။

တချို့ကျတော့လည်း မျက်ကြည်လွှာ (Cornea)မှာ ရောဂါတစ်ခုခုဝင်သွားပြီး အမာရွတ် (Scar) ထင်သွားတယ်။ အဲဒီလို အမာရွတ်ထင်သွားတာကြောင့် အမာရွတ်ရှိတဲ့ မျက်ကြည်လွှာအခြမ်းက ကျုံ့သွားတယ်။ ဒီလိုဖြစ်သွားတာကြောင့်လည်း မျက်ကြည်လွှာ အခုံးအခွက်ကမညီတော့ဘဲ ဆလင် ဒါပါဝါရှိသွားပါတယ်။ ဆလင်ဒါပါဝါရှိတဲ့သူ အများစုကတော့ ရောဂါကြောင့်မဟုတ်ဘဲ မွေးရာပါအနေ အထားကြောင့် မျက်ကြည်လွှာအခုံးအခွက်မညီဘဲ ဖြစ်ရတာပါ။

မေး.ဆလင်ဒါပါဝါရှိတာက ဘာကြောင့်ဖြစ်ရတာပါလဲဆရာ။

ဖြေ. လူတွေ မျက်စိမှုန်ရတဲ့အကြောင်းတွေ အများကြီးရှိပါတယ်။ မှုန်တဲ့အကြောင်းတွေ အများကြီးအနက် တစ်ခုက Refractive Error လို့ ခေါ်တဲ့ မျက်မှန်လိုတာကြောင့်ပါ။ မျက်မှန်လိုရတဲ့အကြောင်းနှစ်ခု ရှိပါတယ်။ အဝေးမှုန်တာနဲ့ အနီးမှုန်တာကြောင့်ပါ။ အဲဒီမှာ မျက်ကြည်လွှာ (Cornea) ရဲ့ ၃၆၀ ဒီဂရီ အခုံးအခွက်မညီလို့ ဆလင်ဒါပါဝါရှိတာပါ။ မျက်မှန်ပါဝါမရှိဘဲ ဆလင်ဒါပါဝါရှိတာမျိုးလည်း ရှိပါတယ်။ ဆလင်ဒါပါဝါရှိတာက လူနာရဲ့မျက်လုံးကို ထိခိုက်လောက်အောင် ကွယ်နိုင်တဲ့ အန္တရာယ်မျိုးလည်း မဟုတ်ပါဘူး။

ဆလင်ဒါပါဝါရှိတဲ့သူတွေက ကောင်းကောင်းမြင်ရအောင် မျက်လုံးကို မှေးပြီး၊ ကုပ်ပြီး ကြည့်ရတယ်။ အားစိုက်ကြည့်ရင်မြင်ရတာကြောင့် အားစိုက်စိုက်ပြီး ကြည့်နေဖြစ်ပါတယ် . . .

မေး. ဆလင်ဒါပါဝါနဲ့ ပတ်သက်တဲ့ အယူအဆမှားတွေရှိရင် ရှင်းပြပေးပါဦးဆရာ။

ဖြေ. ဆလင်ဒါပါဝါရှိတာကိုမျက်မှန်မတပ်ရင် မျက်စိစွေသွားတတ်တယ်လို့ လူအများထင်နေကြတယ်။ ဒါက မမှန်ပါဘူး။ မျက်မှန်ရောင်းချင်တဲ့သူတွေက မျက်မှန်ရောင်းရအောင် ခြောက်လှန့်ပြီးပြောတဲ့ စကားမျိုးပါပဲ။ ဒီစကားကို လူနာတွေက အမှန်လို့ထင်ပြီး ကြောက်လို့ မျက်မှန်ကို တပ်ကြပါတယ်။

မျက်စိမှုန်တဲ့အကြောင်းကလည်း ရောဂါကြောင့် မှုန်တာရှိသလို ရောဂါကြောင့် မဟုတ်ဘဲ ရိုးရိုးအကြောင်းကြောင့် မှုန်တာလည်း ရှိပါတယ်။ ရောဂါကြောင့် မဟုတ်ဘဲ မှုန်တာဆိုရင် မျက်မှန်မတပ်လည်း ဘာမှမဖြစ်ပါဘူး။ ကောင်းကောင်း မမြင်ရရုံပဲရှိမယ်။ ဥပမာပြောရရင် ဆရာ့မျက်လုံးက ပါဝါအနုတ်လေး ရှိတယ်။ ဆရာ ကောင်းကောင်းမြင်ရအောင် မျက်မှန်တပ်တဲ့သဘောပဲ။ ဆိုလိုတာက ခြေထောက်ထော့နဲ့ထော့နဲ့ သွားနေရတာကြောင့် တုတ်ကောက်နဲ့လျှောက်တဲ့ သဘောပဲ။

တုတ်ကောက် မပါဘဲ လမ်းလျှောက်လည်း ဘာမှတော့မဖြစ်ပါဘူး။ ထော့နဲ့ထော့နဲ့ လျှောက်ရတာကြာလာတဲ့အခါမှာ ခြေထောက်တွေ ညောင်းလာရုံပါပဲ။ မျက်မှန်ဆိုတာကလည်း အဲဒီအတိုင်းပါပဲ။ မျက်မှန်မတပ်ဘဲနေရင်လည်း ကောင်းကောင်း မမြင်ရရုံဘဲရှိမယ်၊ ဘာမှမဖြစ်ဘူး။ အားစိုက်ပြီးကြည့်ရတာကြောင့် မျက်စိတော့ညောင်းတာပေါ့။ တစ်ခါတလေကျရင် ခေါင်းကိုက်မယ်၊ ဇက်ကြောတက်မယ်။ ဆလင်ဒါပါဝါရှိတဲ့သူတွေက ကောင်းကောင်းမြင်ရအောင် မျက်လုံးကို မှေးပြီး၊ ကုပ်ပြီး ကြည့်ရတယ်။ အားစိုက်ကြည့်ရင် မြင်ရတာကြောင့် အားစိုက်စိုက်ပြီး ကြည့်နေဖြစ်ပါတယ်။

သူ့မသိစိတ်က မျက်စိကို အားစိုက်ပြီး ကြည့်လိုက်ရင် မြင်ရတယ်ဆိုတာ သိနေလို့ အားစိုက်ပြီး ကြည့်နေတာ။ ဒါကြောင့် တစ်ခုခုကို ကြည့်တိုင်း မျက်စိက မှေးနေတာပါ။ဒီလို ကြည့်တာကြာလာတဲ့အခါ မျက်စိကြွက်သားတွေက ညောင်းနေတတ်တယ်။ ဒါကြောင့် မျက်ရိုးကိုက်တယ်၊ ဇက်ကြောတက်တယ်၊ ခေါင်းကိုက်တယ်။ အဲဒီလို ဇက်ကြောတက်၊ ခေါင်းကိုက်တာက ဆလင်ဒါပါဝါ မျက်မှန်တပ်လိုက်ရင် သက်သာသွားတတ်ပါတယ်။ အဲဒီလို ဝေဒနာတွေ မဖြစ်တော့ပါဘူး။

မေး. လူတွေအနေနဲ့ မိမိရဲ့မျက်စိမှာ ဆလင်ဒါပါဝါ ရှိတယ်ဆိုတာကို ဘယ်လိုသိနိုင်ပါသလဲဆရာ။

ဖြေ. ဆလင်ဒါပါဝါရှိတဲ့သူတွေက မျက်မှောင်ကုပ်ပြီး ကြည့်ရတယ်။ မျက်စိကို မှေးပြီး ကြည့်တဲ့အကျင့်လည်း ရှိတယ်။ သူ့ဘာသာလည်း မျက်စိကို အာရုံစိုက်ပြီး ကြည့်နေရတယ်ဆိုတာသိတယ်။ ပတ်ဝန်းကျင်ကလည်း အဘိုးကြီးလိုပဲ၊ အဘွားကြီးလိုပဲ စသဖြင့် ပြောကြတယ်။ အဲဒီလို ကြည့်တာ ကြာလာတဲ့အခါမှာ မျက်လုံးကြွက်သားတွေက ကျုံ့နေရတာကြောင့် မျက်စိက ကြာတော့ ညောင်းလာတယ်။ ဇက်ကြောတက်လာတယ်။

မျက်စိညောင်းတဲ့ဒဏ်နဲ့ ဇက်ကြောတက်တဲ့ ဒဏ်တွေကို သူတို့က မခံနိုင်တာကြောင့် မျက်စိဆရာဝန် ဒါမှမဟုတ် ဦးနှောက်နဲ့ အာရုံကြောဆရာဝန်ဆီသွားပြကြတယ်။ ဦးနှောက်နဲ့ အာရုံကြောဆရာဝန်တွေက စမ်းသပ်ကြည့်လိုက်လို့ ဦးနှောက်အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါမဟုတ်ဘူးလို့ သိတာနဲ့ မျက်မှန်များလိုလို့လားဆိုပြီး ဆရာတို့ဆီ လွှဲပေးတတ်ပါတယ်။ ဆရာတို့ဆီ ရောက်လာတဲ့ လူနာတွေကို မျက်စိစမ်းလိုက်တဲ့အခါမှာ ဆလင်ဒါပါဝါရှိတယ်ဆိုတာကို တွေ့ပါတယ်။

Most Popular

Healthy Life Ad
To Top