Healthy Life Ad
Life Style

ဆုံးဖြတ်ချက်ပြတ်သားခဲ့လို့ ကင်ဆာကုသအောင်မြင်ခဲ့သူ ဒေါ်မြင့်မြင့်ဝေ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ယခုအခါ အသက် ၅၇ နှစ်ရှိပြီဖြစ်သည့် ဒေါ်မြင့်မြင့်ဝေသည် အသက် ၅၁နှစ်အရွယ်တွင် ရင်သားကင်ဆာ ဖြစ်မှန်း စတင်သိရှိခဲ့သည်။
“အန်တီ ၂၀၁၀ က ရင်သားကင်ဆာဖြစ်မှန်း စသိခဲ့ပါတယ်။

ရေချိုးရင်းနဲ့ ရင်သားကို စမ်းကြည့်လိုက်တော့ မာမာလေးဖြစ်နေတာကို စတွေ့ခဲ့ရတာပါ။ နောက်ပိုင်းမှ ပြန်စဉ်းစားကြည့်လိုက်တော့ အဲဒီတုန်းက အန်တီ ရင်သားမှာ စစ်စစ် စစ်စစ် ဖြစ်တာလေးတွေရှိတယ်၊ အဲဒီကို အန်တီ သတိမထားမိခဲ့ဘူး။ တစ်ခါတလေ ရင်သားမှာ စစ်စစ် စစ်စစ် ဖြစ်တယ်၊ တစ်ခါတလေကျတော့လည်း နို့သီးခေါင်းထိပ်ကနေ အရည်နောက်နောက်လေးတွေ ထွက်တာတွေ့တယ်၊ အဲဒါကိုလည်း အန်တီသတိမထားမိခဲ့သေးဘူး။ ရေချိုးရင်း လက်နဲ့စမ်းလို့တွေ့တဲ့ မာမာလေးကိုမှ အန်တီစပြီး သတိထားမိခဲ့တာပါ။ အဲဒီလို စသတိထားမိတာနဲ့ လိုအပ်တဲ့စစ်ဆေးမှုတွေကို ချက်ချင်းလုပ်ဖြစ်ခဲ့တာပါ”ဟု ဒေါ်မြင့်မြင့်ဝေက ရင်သားကင်ဆာအကျိတ် စတင်တွေ့ရှိခဲ့ပုံကို ပြောပြခဲ့သည်။

အချို့လူများက ရင်သားပြောင်းလဲမှု တစ်စုံတစ်ရာရှိသည့်အခါ တွေဝေခြင်း၊ ရှက်ရွံ့ခြင်း စသည်တို့ ဖြစ်နေသော်လည်း သားတစ်ဦးမိခင် ဒေါ်မြင့်မြင့်ဝေကမူ ရင်သားစစ်ဆေးမှုခံယူရန် ရှက်ရွံ့မှုနှင့်ကြောက်ရွံ့မှုတို့ အလျဉ်းမရှိခဲ့ပေ။ သို့ဖြစ်ရာ စစ်ဆေးမှုအရ ကင်ဆာဖြစ်နိုင်ကြောင်း အဖြေထွက်သည်နှင့် ခွဲစိတ် ဆရာဝန်ကြီးနှင့် တိုင်ပင်ကာ ဘယ်ဘက်ရင်သားကို ချက်ချင်းဖြတ်ထုတ်ခဲ့သူဖြစ်သည်။

“အန်တီ စမ်းမိတာက စနေနေ့ပေါ့၊ အန်တီပြမယ့် ခွဲစိတ်ဆရာဝန်ကြီးက အင်္ဂါနေ့မှ ထိုင်တယ်ဆိုလို့ စောင့်လိုက်တယ်၊ အင်္ဂါနေ့မှာ ဆရာဝန်နဲ့သွားပြလိုက်တယ်၊ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ဗုဒ္ဓဟူးနေ့မှာ ရင်သားဓာတ်မှန်ရိုက်တယ်၊ အဖြေအရ ရင်သားကင်ဆာဖြစ်နိုင်ခြေရှိတော့ ကြာသာပတေးနေ့မှာ ဘယ်ဘက်ရင်သားကို ခွဲထုတ်ပစ်လိုက်တယ်။ ဆရာက ခွဲမလားမေးတယ်၊ အန်တီက ခွဲမယ်လို့ ချက်ချင်းဖြေတယ်။ အန်တီက မတွေဝေတတ်ဘူး။ ဒါတောင် တွေ့တာနောက်ကျသွားလို့ ရင်သားကင်ဆာ အဆင့် (၃) ဖြစ်နေပါပြီ”ဟု ဒေါ်မြင့်မြင့်ဝေက သူ၏ရင်သားကင်ဆာကုသမှု အတွေ့အကြုံအကြောင်းကို ပြန်ပြောင်းပြောပြခဲ့သည်။

“အန်တီ ရင်သားကင်ဆာ ဖြစ်ဖြစ်ချင်းမှာ အမျိုးသားကလည်း မရှိတော့ဘူး၊ သားလေးကလည်း တစ်ယောက်တည်းဆိုတော့ သူ့တစ်မျက်နှာပဲ အန်တီမြင်တယ်၊ စောစောကုရင် စောစောကောင်းတယ် ဆိုတာလောက်ပဲ အန်တီသိတယ်၊ တခြားကျယ်ကျယ်ပြန့်ပြန့် ဗဟုသုတတော့မရှိပါဘူး။ သားလေးအတွက် ဒီရောဂါကို အမြန်ဆုံးကုလိုက်မယ်ဆိုပြီး ကံကိုတော့ အန်တီမသိနိုင်ဘူး၊ ကိုယ့်ဘက်က လုပ်စရာရှိတာလုပ်ဖို့ ဆုံးဖြတ်ရမှာကိုတော့ မြန်မြန်ဆုံးဖြတ်မယ်ဆိုတဲ့ စိတ်နဲ့ကုဖြစ်သွားတာပါ”

အန်တီဒေါ်မြင့်မြင့်ဝေသည် ရင်သားအကျိတ်ရှိမှန်း စသိသည့်နေ့မှ လေးရက်အတွင်းမှာပင် အကျိတ်ရှိသည့် ဘယ်ဘက်ရင်သားကို ခွဲစိတ်ကုသမှု ခံယူပြီးသည်နှင့် ကင်ဆာဆေးသွင်းကုထုံးကို ၁၆ ကြိမ်၊ ဓာတ်ရောင်ခြည် ကုသမှုကို ၂၅ ကြိမ်ယူခဲ့သည်။ နောက်ပိုင်းတွင် Tamoxifen ဆေးကို ငါးနှစ်ဆက်တိုက်သောက်သုံးခဲ့သလို ဆရာဝန်ချိန်းဆိုတိုင်းလည်း မပျက်မကွက် သွားပြလေ့ရှိကြောင်း သိရသည်။ “အရင်ကတော့ ဆရာဝန်နဲ့ တစ်လတစ်ခါ၊ သုံးလတစ်ခါ ပြရပြီး အခုနောက်ပိုင်း ခြောက်လတစ်ခါပဲ ပြရတော့တယ်”ဟု ဒေါ်မြင့်မြင့်ဝေက ဆိုသည်။

ဖခင်နှင့် ခင်ပွန်းဖြစ်သူက အစာဟောင်းအိမ် ကင်ဆာဖြစ်ပြီး ဆုံးပါးခဲ့သဖြင့် ကင်ဆာနှင့်ပတ်သက်သည့် ဗဟုသုတအနည်းငယ်ရှိနေခဲ့ကြောင်း အန်တီဒေါ်မြင့်မြင့်ဝေက ပြောပြသည်။ “လူအတော်များများက ရင်သားအကျိတ်ကို ခွဲတာ၊ စိတ်တာ၊ ဓာတ်ကင်တာ၊ ဆေးသွင်းတာတွေ မလုပ်ဘဲ တခြားကုထုံးတွေ လုပ်ပါ့လား၊ ဘာညာ အကြံပေးကြပါတယ်။ အန်တီ တစ်ခုမှ မလုပ်ပါဘူး။ သုတေသနလုပ်ပြီးသား အနောက်တိုင်း နည်းရှိနေတာပဲဆိုပြီး ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပဲကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့တာပါ . . .

ဆေးကုပြီးချိန်မှာလည်း အန်တီက ဆေးသွင်းတဲ့အတွေ့အကြုံ၊ ဓာတ်ကင်တဲ့ အတွေ့အကြုံတွေကို နီးစပ်တဲ့သူမှန်သမျှ ပြောပြဖြစ်တယ်၊ ဆေးသွင်းရမှာကို များသောအားဖြင့် ကြောက်ကြတယ်၊ အန်တီက မကြောက်ခဲ့ဘူး။ အဲဒီအချိန်မှာ အစားအသောက် ပျက်တာကလွဲရင် လူဘာမှမဖြစ်ဘူး၊ အန်တီ ဒီနေ့ ဆေးသွင်းပြီးတာနဲ့ နောက်နေ့ ကားမောင်းပြီး သွားလာနေတာပဲ။ တစ်ရက်မှ ခွေနေရတယ်ဆိုတာမျိုး မရှိပါဘူး။

ဆေးသွင်းတဲ့နေ့အထိ စားလို့ကောင်းနေသေးတယ်၊ နောက်နေ့တွေမှာတော့ စားလို့မကောင်းတော့ဘူး . . အဲဒီလောက်ပဲ ဖြစ်ပါတယ်။ အန်တီဆေးသွင်းတဲ့ တစ်လျှောက်လုံးမှာ သွေးဖြူဥနည်းတာပဲရှိတယ်။ ဆေးသွင်းတဲ့ ၁၆ ကြိမ်လုံး တစ်ကြိမ်မှ အိပ်ရာထဲမှာ နားနေခဲ့တယ်ဆိုတာမရှိပါဘူး၊ အန်တီ စိတ်ဓာတ်မာတာ လည်းပါမယ် ထင်ပါတယ်”ဟု ဒေါ်မြင့်မြင့်ဝေက ဆိုသည်။ အရင်က ကျောင်းဆရာမ၊ Guide စသဖြင့် အလုပ်လုပ်ခဲ့သည့် ဒေါ်မြင့်မြင့်ဝေသည် ရင်သားကင်ဆာဖြစ်ချိန် အသက် ၅၁ နှစ်တွင် အလုပ်မလုပ်ဘဲ အနားယူနေခဲ့ပြီဖြစ်ပြီး သားဖြစ်သူကမူ အဌမတန်းတွင် ပညာသင်ယူနေဆဲဖြစ်ကြောင်း သိရသည်။

“ကံကောင်းတာကအန်တီ့ကို ကူညီပေးတဲ့သူ များပါတယ်။ ကလေးတာဝန်ရှိပေမယ့် ကလေးကို ကြည့်ရှုစောင့်ရှောက်ပေးမယ့်သူရှိတော့ အန်တီ နောက်ဆံတင်းစရာမလိုဘဲ ဆေးကုသွားနိုင်တယ်၊ နောက်ကြောင်း ပူပင်ရတာမျိုးမရှိဘူး၊ မောင်နှမတွေက ကူညီကြသလို အတူတူနေတဲ့ တူမလေးကလည်း သိပ်ကို အားထားရတယ်၊ အဲဒါတွေကြောင့် အန်တီဆေးကုသမှု ခံယူရာမှာ စိတ်ပေါ့ပါးခဲ့ရတယ် . .ကင် ဆာဝေဒနာသည်အတွက် ဒီလိုဆွေမျိုးမိသင်္ဂဟတွေ ရဲ့ ကူညီထောက်ပံ့မှုက အားဆေးတစ်ခွက်ပါပဲ” ဟု အန်တီဒေါ်မြင့်မြင့်ဝေက ပြောပြခဲ့သည်။

ရင်သားကင်ဆာမဖြစ်မီက နေထိုင်စားသောက်မှု ပုံစံနှင့်ပတ်သက်ပြီး ဒေါ်မြင့်မြင့်ဝေက-
“အရင်ကလည်း မနက်တိုင်း လမ်းလျှောက်တယ်၊ GYM ကစားပါတယ်၊ ဖြစ်ချင်တော့လည်း ဖြစ်လာတာပါပဲ။ အန်တီဘာကြောင့် ရင်သားကင်ဆာ ဖြစ်သလဲဆိုတာ မပြောတတ်ပါဘူး”ဟု ဆိုပြီး ရင်သားကင်ဆာ ကုသပြီးနောက်ပိုင်းတွင် ပြောင်းလဲလာသည့် ကျန်းမာရေး စောင့်ရှောက်မှုပုံစံနှင့် ပတ်သက်၍ –

“အချိုမှုန့်မစားဘူး၊ အဆီလျှော့စားတယ်၊ သကြားလျှော့စားတယ်၊ ဆန်ဆိုလည်း ဆန်ကြမ်းစားတယ်၊ ထမင်းကြိုက်တဲ့အတွက် ထမင်းများများစားတာကို လျှော့ရတယ်၊ မနက်တိုင်း လမ်းလျှောက်တယ် . . .

မျက်စိမှိတ်ပြီး သရဏံဂုံ သုံးပါးရွတ်လိုက်ရင် စိတ်သက်သာမှု အရမ်းရှိတယ်၊ အန်တီ့အကျင့်ပဲ . . ဘယ်သူနဲ့ စကားပြောပြော မျက်စိမှိတ်ပြီး သရဏဂုံသုံးပါးရွတ်လိုက်ရင် စိတ်ထဲမှာ အေးချမ်းမှုရှိသွားတယ် . . .

ရောဂါဖြစ်လို့ ဘာသာရေးကို ထူးပြီး မလုပ်ခဲ့ပါဘူး။ တရားထိုင်ရင် ကျန်းမာရေးကောင်းတယ်လို့ ကြားဖူးပါတယ်။ ဒါပေမဲ့ အန်တီ အဲဒါမျိုး မလုပ်ဖြစ်ခဲ့ပါဘူး။ အန်တီ့စိတ်က မျက်စိမှိတ်ပြီး သရဏဂုံသုံး ပါးရွတ်လိုက်ရင် စိတ်သက်သာမှုအရမ်းရှိတယ်၊ အန်တီ့အကျင့်ပဲ . . ဘယ်သူနဲ့ စကားပြောပြော မျက်စိမှိတ်ပြီး သရဏံဂုံသုံးပါးရွတ်လိုက်ရင် စိတ်ထဲမှာအေးချမ်းမှု ရှိသွားတယ်၊ မျက်လုံးဖွင့်ပြီး ဘုရားစာရွတ်တာထက် မျက်စိမှိတ်ပြီး ဘုရားစာရွတ်ဖြစ်တယ်၊ အဲဒါမှ အန်တီ့စိတ် သက်သာရာရသွားတယ်”ဟု သူ၏ နေထိုင် စားသောက်မှုပုံစံအကြောင်းကို ပြောပြခဲ့ပါသည်။

ရင်သားကင်ဆာ ကုသအောင်မြင်ရခြင်းအကြောင်းနှင့် ကင်ဆာကုပြီး ခြောက်နှစ်ကြာသည်အထိ ကျန်းမာသွက်လက်စွာ သွားလာနေနိုင်ရခြင်း အကြောင်းတို့ကို အန်တီဒေါ်မြင့်မြင့်ဝေက ယခုလို ပြောပြခဲ့သည်။ “မကြောက်တတ်တာ၊ မရှက်တတ်တာက ရင်သားကင်ဆာ ပျောက်ကင်းရတဲ့ အားသာချက်တွေ ဖြစ်မယ်ထင်တာပါပဲ၊ သားလေးရှိတော့ စိုးရိမ်စိတ်ရှိပေမယ့် တစ်ချိန်လုံး ဒီရောဂါကြီးဖြစ်နေပြီလို့ တွေးမနေဘူး။ အန်တီ သွားလာနေတာပဲ။ လုပ်စရာရှိတာ လုပ်နေတာပဲ . . .

ရင်သားအကျိတ်ဖြစ်ရင် မရှက်ကြပါနဲ့၊ စစ်လိုက်မှ ကင်ဆာဖြစ်နေမှဖြင့်ဆိုပြီးလည်း မကြောက်ကြပါနဲ့၊ ပြစရာရှိတာ မြန်မြန်ပြပြီး ကုသင့်တာကိုကုလိုက်ပါ . . ဒါဆို အသက်အန္တရာယ်မဖြစ်ဘဲ ကျန်းမာနေပါလိမ့်မယ် . . .

အန်တီက ရင်သားအကျိတ်ပြရမှာတို့၊ ကင်ဆာဖြစ်တာကို ပြောပြရမှာတို့ . . . အဲဒီလိုမျိုးတွေ မရှက်တတ်ဘူး၊ ရှက်စရာမဟုတ်ဘူးလို့လည်း အန်တီယူဆတယ်၊ အခုလည်း မိန်းကလေးတွေ တွေ့တိုင်း အန်တီပြောပြတယ်၊ အင်္ကျီသွားဝယ်လို့ စမ်းဝတ်ကြည့်ရင်လည်း အန်တီရင်သားကင်ဆာ ဖြစ်ထားလို့ ခွဲစိတ်ကုသမှု ခံယူထားတယ်၊ အဲဒီအတွက် လက်မောင်းက မညီဘူး၊ အင်္ကျီဝတ်ကြည့်တဲ့အခါ အဆင်ပြေတာရှိသလို မပြေတာရှိတဲ့အတွက် အန်တီပြောပြဖြစ်ပါတယ်။

သူငယ်ချင်း မောင်နှမ အပေါင်းအသင်းအားလုံးကိုလည်း ကိုယ်ရဲ့ ရင်သားကင်ဆာ ကုသမှု အတွေ့အကြုံအားလုံးကို ပြောပြတယ်။ အန်တီက ပေါ့ပေါ့ပါးပါးပဲ ရင်ဆိုင်ခဲ့တော့ တခြားသူတွေလည်း ကိုယ့်ကိုကြည့်ပြီး ကင်ဆာဆိုတာ ရှက်စရာ၊ ကြောက်စရာမဟုတ်ဘူး၊ ဆုံးဖြတ်စရာရှိတာ မြန်မြန်ဆုံးဖြတ်ပြီး ကုသလိုက်ရင် ပျောက်တယ်ဆိုပြီး ဖြစ်သွားကြတာပေါ့။

မိန်းကလေးတွေဆိုရင်လည်း ရင်သားအကျိတ်ဖြစ်ရင် မရှက်ကြပါနဲ့၊ စစ်လိုက်မှ ကင်ဆာဖြစ်နေမှဖြင့် ဆိုပြီးလည်း မကြောက်ကြပါနဲ့၊ ပြစရာရှိတာ မြန်မြန်ပြပြီး ကုသင့်တာကို ကုလိုက်ပါ . . ဒါဆို အသက် အန္တရာယ်မဖြစ်ဘဲ ကျန်းမာနေပါလိမ့်မယ်’ဟု အန်တီဒေါ်မြင့်မြင့်ဝေက သူ့အတွေ့အကြုံနှင့်စပ်လျဉ်းပြီး ကင်ဆာအတွက် စိုးကြောက်နေသူအားလုံးကို အားပေးစကား ပြောကြားလိုက်ပါသည်။

Most Popular

Healthy Life Ad
To Top