Healthy Life Ad
Child

ကွန်ပျူတာအသုံးများသူတို့တွင် ဖြစ်တတ်သည့် မျက်စိဝန်ပိညောင်းညာခြင်း

ပါမောက္ခဦးတင်ဝင်း မျက်စိအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

ညနေပိုင်းလောက်မှာ လူငယ်လူရွယ်လေးတွေမျက်စိ လာပြတဲ့အခါ လက်တော့ပ်အိတ် လေးကိုင်ထားတယ်ဆိုရင် ဒါကကွန်ပျူတာအသုံးများပြီး မျက်စိညောင်းလို့ လာပြတယ်ဆိုတာ ဆရာတို့သိပါတယ်။ ဒီလိုအခြေအနေကြောင့် တစ်နေ့ကို လူလေးငါးခြောက်ယောက်လောက်တော့ လာပြလေ့ရှိပါတယ် . . .

မေး။ ။ ကွန်ပျူတာအသုံးများသူတွေက မျက်စိယားတယ်လို့ ပြောတတ်ပါတယ်။ ဖြစ်တတ်ပါသလား ဆရာ။

ဖြေ။ ။ ကွန်ပျူတာ အသုံးများလို့ မျက်စိယားတာတော့ မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာအသုံးများတဲ့ သူတွေမှာ အများဆုံးဖြစ်တာက မျက်စိဝန်ပိပြီး ညောင်းတာ (Eye Strain)ပဲ ဖြစ်ပါတယ်။

မျက်စိညောင်းတာမှာ အဓိက နားလည်ဖို့လိုတာက ကွန်ပျူတာမော်နီတာဆိုတာ မျက်လုံးက ကြည့်လိုက်ရင် အပေါင်း ၆၀ ဒီဂရီရှိတဲ့ မှန်ဘီလူး တစ်ခုပဲ။ ဒါကြောင့် မှန်ဘီလူးဆိုတဲ့အတွက် Focus ကျနေဖို့ လိုပါတယ်။ Focus ကျနေရင် ကြည့်လို့ ကောင်းတယ်။ ထိုင်ကတည်းက ထိုင်ခုံကို လိုသလို ရှေ့တိုးနောက်ဆုတ်လုပ်ပြီး ကွန်ပျုတာကို ကြည့်သင့်ပါတယ်။  စာလုံးအရွယ်အစားကြီးသွားရင် ကြီးသွားသလို၊ စာလုံးအရွယ်အစားသေးရင် သေးသွားသလို၊ အဖြူအမည်းဖြစ်ရင် ဖြစ်သလိုမျိုး အဆင်ပြေအောင် လိုသလို ညှိကြည့်ရမယ်။ ဒါကြောင့် ကွန်ပျူတာနဲ့ တွဲသုံးတဲ့ ထိုင်ခုံတွေက လိုသလို ညှိလို့ရတဲ့ ထိုင်ခုံမျိုးကို ကုမ္ပဏီအများစုက ထားလေ့ရှိပါတယ်။ အဲဒီလို ထိုင်ခုံမျိုးကိုပဲ ထားသင့်ပါတယ်။

မေး။ ။ ကွန်ပျူတာ အသုံးများရာက မျက်စိဝေဒနာရပြီး လာပြတဲ့ လူနာတွေ များပါသလား ဆရာ။

ဖြေ။ ။ အခုဆိုရင် ညနေပိုင်းလောက်မှာ လူငယ်လူရွယ်လေးတွေ မျက်စိလာပြတဲ့အခါ လက်တော့ပ်အိတ် လေးကိုင်ထားတယ်ဆိုရင် ဒါက ကွန်ပျူတာ အသုံးများပြီး မျက်စိညောင်းလို့လာပြတယ်ဆိုတာ ဆရာတို့ သိပါတယ်။ ဒီလိုအခြေအနေကြောင့် တစ်နေ့ကို လူလေးငါးခြောက်ယောက်လောက်တော့ လာပြလေ့ရှိပါတယ်။

သူတို့က ဘာပြောတတ်သလဲဆိုရင် “မျက်မှန် တပ်ချင်တယ်”ဆိုတာပဲ ဖြစ်ပါတယ်။ မျက်စိရှေ့မှာ အကာအကွယ် မျက်မှန်လေး တပ်လိုက်ရင် ကွန်ပျူတာ သုံးတဲ့အခါ အဆင်ပြေသွားလိမ့်မယ်လို့ သူတို့က ထင်နေကြပါတယ်။

ဆရာတို့ မျက်စိအထူးကုဆရာဝန်တွေ အများဆုံး ရင်ဆိုင်နေရတဲ့ ပြဿနာက ဆေးမျက်မှန်ဆိုတာပါပဲ။ တကယ်တော့ ဆေးမျက်မှန်ဆိုတာ ဘာမှ မဟုတ်ဘူး။ စီးပွားရေးသမားတွေ ညာပြီး ရောင်းနေကြတာပဲ ဖြစ်ပါတယ်။ လူတွေရဲ့ စိတ်ထဲမှာ မျက်စိညောင်းလို့ မျက်စိစမ်းသပ်လိုက်ရင် ပါဝါပါတဲ့ မျက်မှန်လေးရတဲ့အခါ ခဏတော့ ကျေနပ်သွားကြတယ်။ နောက်တော့ ပါဝါမကိုက်လို့ ပြန်ပြောင်းလိုက်၊ ကျေနပ်လိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒီလိုနဲ့ တစ်နှစ်လောက်လည်း ကြာရော မျက်မှန်လည်း ချွတ်လို့ မရတော့ဘူး။ မျက်မှန်တပ်မှ မြင်ရသလိုလို ဖြစ်လာပါတယ်။ တကယ်တော့လည်း မျက်မှန်ပါဝါရှိတာ မဟုတ်ပါဘူး။

မေး။ ။  မျက်စိညောင်းတာ မဖြစ်အောင် ကွန်ပျူတာသုံးရင် အချိန်ဘယ်လောက်ကြာကြာ သုံးနိုင်ပါသလဲ ဆရာ။

ဖြေ။ ။ မျက်စိက အဝေးကိုကြည့်ရင် သက်သာပါတယ်။ အနီးကိုကြည့်တဲ့အခါမှာ စုပြီးကြည့်ရတယ်။  မျက်စိက စုကြည့်နိုင်တဲ့အစွမ်း (Convergence Power) က ၂၀ မိနစ်ပဲရှိပါတယ်။ ဒါကြောင့် AAO (Ame­ri­can Academy Of Ophthalmology) က စည်းမျဉ်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။  ၂၀-၂၀-၂၀ (20 , 20 , 20) ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။ ဆိုလိုတာက အချိန် မိနစ် ၂၀ ကွန်ပျူတာသုံးပြီးတိုင်း ပေ ၂၀အကွာ အဝေးကို စက္ကန့် ၂၀ ကြာကြာ ငေးကြည့်ပေးပါလို့ ပြောတာ ဖြစ်ပါတယ်။

ဒီနေရာမှာ မေးစရာရှိတာက ကျွန်တော်သုံးနေတဲ့ ကွန်ပျူတာအခန်းက ငါးပေပဲရှိတော့ ဘယ်လိုလုပ်ပြီး ပေ ၂၀ အကွာကို ကြည့်ရမလဲဆိုပြီး မေးစရာရှိပါတယ်။ အဲဒီလိုဖြစ်နေရင်လည်း အကွာအဝေး ပေ ၂၀ကို ကာထားတဲ့ အုတ်နံရံ ဖောက်ပြီး မှန်းကြည့်ရပါမယ်။ ကွန်ပျူတာ သုံးရင်း မိနစ် ၂၀ ကြာတိုင်း ဒီလိုနားပေးတာက တကယ်တမ်းပြောရရင် ကျိုက်ထီးရိုးတောင်ကို တက်သလိုပါပဲ။ တောင်ခြေကနေ အပေါ်ကို ရောက်ဖို့ နားနားပြီး တက်ရသလိုပဲ ကွန်ပျူတာသုံးပြီး အလုပ်လုပ်တဲ့အခါမှာလည်း နားနားပြီး လုပ်ပေးရပါမယ်။ ဒါကို ပြတ်တောင်းပြတ်တောင်း အနားယူခြင်း (Intermittent Relaxation) လို့ ခေါ်ပါတယ်။

မေး။ ။  ကွန်ပျူတာသုံးရင် မျက်စိမညောင်းအောင် တခြား ဘယ်လို နည်းလမ်းနဲ့ ကာကွယ်နိုင်ပါသေးသလဲ ဆရာ။

ဖြေ။ ။  ဆရာတို့ စာဖတ်တဲ့အခါ စာရွက်က ဘာမှ အလင်းမပြန်ပါဘူး။ ဒါပေမဲ့ ကွန်ပျူတာသုံးတဲ့အခါ အလင်းပြန်ပါတယ်။ ဒီလိုအလင်း ပြန်တာကြောင့် မျက်စိညောင်းရတဲ့အတွက် အလင်းပြန်တာကို ရှောင်လွှဲနိုင်ဖို့ သင့်တော်တဲ့ နေရာမှာ Light Source တစ်ခုကို တပ်ထားပေးရပါမယ်။ ဒါဆိုရင် ကွန်ပျူတာသမားတွေ မျက်စိညောင်းတဲ့ ဒဏ်မရှိနိုင်တော့ပါဘူး။

Most Popular

Healthy Life Ad
To Top