Healthy Life Ad
International

ဗြိတိန်၏သက်တမ်းအရှည်ဆုံး သူနာပြုဆရာမကြီး လုပ်သက် နှစ် ၆၀ကြာပြီးနောက် အနားယူရန် အစီအစဉ်မရှိသေး

ဗြိတိန်နိုင်ငံရဲ့ လုပ်သက်အကြာဆုံး သူနာပြုဆရာမကြီး ဂျန်းနီတာနာဟာ လုပ်သက် နှစ် ၆၀ သက်တမ်းကို ရောက်ရှိခဲ့ပါတယ်။ အသက် ၇၆ နှစ် အရွယ်ရှိပြီဖြစ်ပေမယ့်လည်း နောက်ထပ် ၁၀ နှစ်လောက် ဆက်လက်အလုပ်လုပ်ဖို့ မျှော်လင့်ထားပါတယ်။ သူက အလုပ်သင်သူနာပြုစာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့ပြီး အသက် ၁၆နှစ်မှာအလုပ် ဝင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး လူနာတွေကို ပြုစုနေခဲ့ပါတယ်။ သေဆုံးသွားတဲ့ လူနာတွေရဲ့ ကြေကွဲစရာအဖြစ်တွေကို ကိုယ်တိုင်တွေ့ကြုံခဲ့ပြီး အသက်ပေါင်းများစွာကိုလည်း ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကလေးနှစ်ယောက်ရှိပြီး အိမ်ထောင်သက် နှစ် ၅၀ ရှိပြီလို့ သိရပါတယ်။

ဒီနေ့မှာတော့ တာနာက သူနာပြုဆရာမအဖြစ် တစ်ပတ် နာရီ ၂၀ နဲ့ ၃၀ ကြား အလုပ်လုပ်နေတုန်း ရှိနေပါသေးတယ်။ အလုပ်စဝင်ချိန် ၁၉၅၆ ခုနှစ်က တာနာဟာ တစ်ပတ် စတာလင်ပေါင် ၇ ပေါင်သာ ရရှိခဲ့ပါတယ်။ ဆရာဝန်တွေက ဝါ့ဒ်ထဲမှာ ဆေးလိပ်သောက်ကြပြီး အလုပ်သင်သူနာပြုတွေက သန့်ရှင်းရေးလုပ်ကြရပါတယ်။ အဲဒီတုန်းက အမျိုးသား သူနာပြုမရှိသေးဘူးလို့ ဆိုပါတယ်။ ကွန်ပျူတာစနစ်တွေ မရှိသေးဘဲ လူနာတွေရဲ့ဆေးမှတ်တမ်းတွေကို အလွတ်မှတ်ရတယ်လို့ သိရပါတယ်။ ဆေးကိရိယာတွေကို ရေနွေးကန်တွေထဲမှာ ပိုးသတ်ရတယ်လို့ တာနာက ပြန်ပြောပြပါတယ်။

သူနာပြုအဖြစ် ဒီလိုအကြာကြီး အလုပ်လုပ်ရတာ ကံကောင်းတယ်လို့ တာနာက ပြောပါတယ်။ခင်ပွန်းရဲ့ဖေးမမှု၊ ချစ်စရာကောင်းတဲ့ မိတ်ဆွေတွေနဲ့ ကျန်းမာရေးကောင်းမွန်တာကြောင့် အလုပ်ကိုဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်တာလို့လည်း ပြောပါတယ်။

“ကျွန်မက စိတ်လှုပ်ရှားတတ်တဲ့လူမျိုးမဟုတ်ပါဘူး။ ကျွန်မကို ဒေါသထွက်အောင်လုပ်ဖို့ အတော်ခက်ပါတယ်။ ဒီလိုစိတ်ရှည်မှုကပဲ အလုပ်မှာ အဆင်ပြေစေတာ”လို့ တာနာက ပြောပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး တန်ဖိုးအထားဆုံးက လူနာတွေဆီက ကျေးဇူးတင်စကားပြောခံရတဲ့ အချိန်လို့လည်း သူက ဆိုပါတယ်။

Most Popular

Healthy Life Ad
To Top