Healthy Life Ad
International

နာဆာက အင်္ဂါဂြိုလ်သို့ လူစေလွှတ်ရန်အတွက် ကယ်လီအမြွှာညီအစ်ကိုအားလက်တွေ့စမ်းသပ်

၊ မိုးမင်းထွန်း ၊

စကော့ကယ်လီနဲ့ မာ့ခ်ကယ်လီ အမြွှာညီအစ်ကိုဟာ အင်္ဂါဂြိုလ်သို့ လူစေလွှတ်ဖို့ ကြိုးပမ်းမှုအဖြစ် နာဆာရဲ့လက်တွေ့စမ်းသပ်ခြင်းမှာ ပါဝင်နေကြပါတယ်။

စကော့က အမေရိကန်စံချိန်ချိုးကာ နိုင်ငံတကာ အာကာသစခန်းမှာ ၃၄၂ ရက်ကြာနေထိုင်ခဲ့ပြီး ဒီအပတ်မှာ ကမ္ဘာမြေကို ပြန်လည်ရောက် ရှိလာခဲ့တာပါ။

အာကာသစခန်းမှာ ဆွဲအားမဲ့မှုကြောင့် သူဟာ အရပ် ၂ လက်မနီးပါး ရှည်လာခဲ့ပြီး ကမ္ဘာမြေကို ပြန်ရောက်လာချိန်မှာ ကမ္ဘာ့ဆွဲအားကြောင့် မူရင်းအရပ်အမောင်းကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။

နာဆာသိပ္ပံပညာရှင်တွေက စကော့နဲ့ ကမ္ဘာမြေမှာကျန်ရစ်ခဲ့တဲ့ မာ့ခ်တို့ကို နှိုင်းယှဉ်ပြီး အာကာသမှာ နေထိုင်တာက လူတွေကို ဘယ်လိုသက်ရောက်စေတယ်ဆိုတာကို လေ့လာခဲ့ကြတာပါ။

လေ့လာမှုကို တစ်နှစ်ပတ်လုံးလုပ်ဆောင်ခဲ့ကြပြီး စကော့က သူရဲ့သွေးနမူနာပုံစံကို ကမ္ဘာမြေသို့ ပုံမှန်ပြန်ပို့ခဲ့ပါတယ်။ ပညာရှင်တွေက သူ့ ဆဲလ်တွေရဲ့ ပြောင်းလဲမှုတွေကို လက်တွေ့လေ့လာနိုင်ခဲ့ကြပါတယ်။ မာ့ခ်ကလည်း သူရဲ့သွေးနမူနာပုံစံတွေကို ပညာရှင်တွေကို ပေးအပ်ခဲ့တယ် လို့ဆိုပါတယ်။ ၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူတို့ အမြွှာညီအစ်ကိုဟာ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကိုလည်း ဖြေဆိုခဲ့ရပါတယ်။

အမေရိကန်တစ်ဝှမ်းအဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ ဒီလေ့လာမှုမှာ စုစုပေါင်းအမျိုးအစား ၁၀ မျိုးရှိတယ်လို့ သိရပါတယ်။

ဆွဲငင်အားမဲ့မှု၊ ရေဒီယိုသတ္တိကြွခြင်း မြင့်မားမှုနဲ့ အာကာသပတ်ဝန်းကျင်အပြောင်းအလဲတို့က အသက်ကြီးခြင်း၊ မျိုးဗီဇအပြောင်းအလဲနဲ့ ကိုယ်ခံအားဆိုင်ရာ လုပ်ဆောင်ချက်တွေကို ဘယ်လိုသက်ရောက်စေတယ်ဆိုတာကို လေ့လာ ခဲ့ကြပါတယ်။

အာကာသအတွင်းနေထိုင်စဉ် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲကိုလည်း လေ့လာခဲ့ကြပါ တယ်။ သွေးစီးဆင်းမှုနဲ့ အမြင်အာရုံဆိုင်ရာပြဿနာတွေကိုလည်း လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

“အာကာသထဲမှာ နေထိုင်တဲ့အခါ ဆွဲငင် အားမရှိတော့ပါဘူး။ ခန္ဓာကိုယ်တွင်း အရည်တွေဟာ ဦးခေါင်းဆီကို ဆန်တက်ကြပြီး အာကာသ ယာဉ်မှူးတွေအတွက် ပြဿနာတွေကို ဖြစ်စေပါ တယ်”လို့ ဒီလေ့လာမှုမှာပါဝင်တဲ့ ယူစီစန်ဒီဂိုမှ မျိုးဗီဇပညာရှင် ဘရိုင်ဒါရာနာက ပြောပါတယ်။

လေ့လာမှုတွေက အာကာသအတွင်း ရှည်ကြာစွာ နေထိုင်တာကြောင့် ဖြစ်လာနိုင်တဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း အကျိုးသက်ရောက်မှုတွေကို ဦးတည်လေ့လာတယ်လို့ဆိုပါတယ်။ နာဆာဟာ ၂၀၃၀ ကျော်နှစ်တွေမှာ အင်္ဂါဂြိုလ်သို့ လူလိုက်ပါမယ့် အာကာသယာဉ် လွှတ်တင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ အင်္ဂါဂြိုလ်သို့ရောက်ရှိဖို့ အသွားအပြန် ၉ လ ဝန်းကျင်စီခန့်ကြာရှည်မှာဖြစ်ပါတယ်။

(Ref; RT)

Most Popular

Healthy Life Ad
To Top