Healthy Life Ad
International

ဂင်းနက်စ်စံချိန်ဆုရှင် ကမ္ဘာ့အသက်အကြီးဆုံး ဒေါင်းရောဂါစုဝေဒနာရှင်က ၇၆ နှစ်ပြည့် မွေးနေ့ကျင်းပ

မိုးမင်းထွန်း (23.2.16)

ဒေါင်းရောဂါစု (Down Syndrome) ဝေဒနာရှင်တွေရဲ့ ဘဝသက်တမ်း ပျမ်းမျှ ၁၂နှစ်သာရှိတဲ့ အချိန်က သူ့ကို မွေးဖွားခဲ့တာပါ။ ဒါပေမဲ့ အသက် ၇၆ နှစ်ကြာတဲ့နောက်မှာ စောင့်ရှောက်ရေး ဂေဟာမှာနေထိုင်တဲ့ ကန်နီခရစ်ချ်က မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်ကို မှုတ်လိုက်ပါတယ်။

တရားဝင် ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိ ဒေါင်းရောဂါစုဝေဒနာရှင် အမျိုးသားဖြစ်သူခရစ်ချ်ကို ၁၉၄၀ ခုနှစ်က အမြွှာအစ်မဖြစ်သူ ဒေါ်ရိုသီနဲ့အတူ မွေးဖွားခဲ့ပါတယ်။ မွေးမွေးချင်း ငြိမ်နေခဲ့တာကြောင့် ဆရာဝန်တွေက အသေလေး မွေးလာခဲ့တယ်လို့ ယူဆခံခဲ့ရပါသေးတယ်။ ၁၉၄၀ ကျော်ကာလတွေက ဒီလိုဝေဒနာရှင်တွေဟာ ဆယ်ကျော်သက်အရွယ် ကျော်လွန်အောင် အသက်မရှင်နိုင်ခဲ့ကြပါဘူး။

ခရစ်ချ်ကတော့ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ ချစ်ခင်စောင့်ရှောက်မှုကြောင့် အသက်ရှည်နိုင်ခဲ့ပါတယ်။
၂၀ဝ၈ ခုနှစ်က ဂင်းနက်စ်စံချိန်ဆုကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။ ဆုရရှိပြီး နောက်ထပ် ၈ နှစ်ကြာပြီး နောက်မှာလည်း ခရစ်ချ်ဟာ သန်စွမ်းကျန်းမာလျက် ရှိနေပါတယ်။ ဂေဟာဝန်ထမ်းတွေက သူ့ကို လူကြီး လူကောင်းဆန်ပြီး ချစ်စရာကောင်းသူလို့ ချီးမွမ်းခဲ့ ကြပါတယ်။

“သူက စကား သိပ်မပြောနိုင်ပါဘူး။ ဒါပေမဲ့ သူက စကားပြောရတာကြိုက်ပါတယ်။ ဟာသဉာဏ် ရှိပြီး ရယ်ရတာကိုကြိုက်တယ်။ သတင်းစာကြည့်တတ်ပြီး သူရဲ့ဟာမိုနီကာလေးကို မှုတ်နေတတ်ပါတယ်။ ကျွန်တော်တို့အားလုံး သူ့ကို ချစ်ကြတယ်”လို့ ဂေဟာမန်နေဂျာက ပြောပြပါတယ်။
ဒေါင်းရောဂါစုဝေဒနာရှင်အနေနဲ့ အသက်အကြီးဆုံးဖြစ်ခဲ့သူက အမေရိကန်ပြည်ထောင်စုမှ ဘာ့ဟိုးဘရုဖြစ်ပြီး အသက် ၈၀ နှစ်အထိ နေထိုင်ခဲ့ကာ ၂၀၁၂ ခုနှစ်က ကွယ်လွန်ခဲ့ပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံး ဝေဒနာရှင် သက်ရှိအမျိုးသမီးကတော့ အမေရိကန်ပြည်ထောင်စုမှ အသက် ၇၃ နှစ်အရွယ် ဒေါ်လီဂရစ်ဆန်ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top