Healthy Life Ad
Life Style

ရင်သားကင်ဆာအကြောင်း သိကောင်းစရာ

ပါမောက္ခဒေါ်ရင်ရင်ထွန်း (ဥက္ကဌ၊ ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း)

မေး။ ။ ရင်သားကင်ဆာအကြောင်း သိပါရစေဆရာမ။
ဖြေ။ ။ ရင်သားအတွင်းက ဆဲလ်တွေပုံသဏ္ဌာန်ပြောင်းလဲရာမှ ရင်သားကင်ဆာစတင် ဖြစ်ပေါ်လာပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလမှာထုတ်ပြန်တဲ့ သတင်းမှတ်တမ်းတွေအရ ၂၀၁၂ခုနှစ်က အမျိုးသမီးတွေမှာ ရင်သားကင်ဆာရောဂါဟာ ကမ္ဘာတစ်ဝန်းလုံးမှာ အဖြစ်အများဆုံး၊ သေဆုံးမှုအများဆုံးရောဂါဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီလိုဖြစ်ရတာက တွေ့တာ နောက်ကျလို့၊ နောက်ကျတော့ ကုရခက်သွားလို့ စတဲ့ အကြောင်းတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရင်သား ကင်ဆာရောဂါက အဖြစ်အများဆုံး ရောဂါပဲဖြစ်ပါတယ်။ တစ်ချိန်တုန်းကတော့ သားအိမ်ခေါင်းကင်ဆာက အဖြစ်အများဆုံးဖြစ်ခဲ့ပေမယ့် အခုတော့ရင်သားကင်ဆာက အဖြစ်အများဆုံးဖြစ်သွားပါတယ်။

မေး။ ။ ရင်သားကင်ဆာကြောင့် သေဆုံးမှုနှုန်းကို ဘယ်လို လျှော့ချနိုင်ပါသလဲ ဆရာမ။
ဖြေ။ ။ ရင်သားကင်ဆာရောဂါကို ကြိုတင်ကာကွယ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ရောဂါကို စောစောစီးစီး တွေ့ရှိတာကသာ အကောင်းဆုံးကာကွယ်နည်း ဖြစ်ပါတယ်။ စောစောရှာဖွေတွေ့ရှိရင် ရင်သားကင်ဆာကြောင့် သေဆုံးမှုကို လျှော့ချနိုင်မှာပါ။ စောစောစီးစီးတွေ့ရှိတာ၊ ရောဂါအဆင့်နုချိန် (အဆင့် ၁၊၂)မှာတွေ့ရှိတာ၊ တွေ့ရှိတာနဲ့ သက်ဆိုင်ရာဆရာဝန်ထံ အချိန်မီလွှဲပြောင်းကုသစေတာ၊ လူနာကလည်း ရောဂါရှာဖွေဆေးကုသမှုကို ထိရောက်တဲ့ အထိခံယူတာ စတဲ့ အချက်တွေက ရင်သားကင်ဆာကြောင့် သေဆုံးနှုန်းကို လျှော့ချနိုင်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။

မေး။ ။ ရင်သားကင်ဆာက မျိုးရိုးဗီဇနဲ့ဘယ်လိုဆက်စပ်နေပါသလဲ ဆရာမ။
ဖြေ။ ။ ရင်သားကင်ဆာက မျိုးရိုးဗီဇနဲ့ ဆက်စပ်နေပါတယ်။ မျိုးရိုးဗီဇ HER2(Human Epidermal Growth Factor Receptor 2) က ရင်သားကင်ဆာဆဲလ်ပွားများစေတာနဲ့ ပါဝင်ပတ်သက်နေလို့ ရင်သားကင်ဆာမျိုးရိုးရှိရင် အဓိက စစ်ဆေးသင့်တာ ဖြစ်ပါတယ်။ ရင်သားကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီး ငါးဦးအနက် တစ်ဦးက HRE2 မျိုးရိုးဗီဇများနေတာကို တွေ့ရပါတယ်။

မေး။ ။ ရင်သားကင်ဆာ ဖြစ်စေနိုင်တဲ့ အချက်တွေကို သိပါရစေ ဆရာမ။
ဖြေ။ ။ အသက်ကြီးလာတာနဲ့အမျှ ရင်သားကင်ဆာဖြစ်နိုင်ခြေကများလာပါတယ်။ အမေ၊ ညီမ၊ အဒေါ်အရင်း စတဲ့ ဆွေမျိုးအရင်းတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဆွေမျိုးအရင်းတွေမှာ တစ်ဦးထက်ပိုဖြစ်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုမြင့်တက်လာပါတယ်။ မျိုးရိုးဗီဇရှိတဲ့ အမျိုးသမီးတွေက တစ်ဘဝလုံးအတွက် ရင်သားကင်ဆာဖြစ်နိုင်ခြေဟာ ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။ နောက်တစ်ချက်အနေနဲ့ အမျိုးသမီးတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေ အများဆုံးဆိုပေမယ့် အမျိုးသားတွေလည်း ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။ ဆရာမရဲ့အတွေ့အကြုံအရ ရင်သားကင်ဆာဖြစ်တဲ့ အမျိုးသားသုံးယောက်လောက် တွေ့ဖူးပါတယ်။

မေး။ ။ ရင်သားကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကိုလည်း ပြောပြပေးပါ ဆရာမ။
ဖြေ။ ။ မိခင်၊ ညီအစ်မ၊ အဘွားနဲ့အဒေါ်တွေမှာရင်သား ကင်ဆာဖြစ်ဖူးသူ၊ အသက် ၁၂ နှစ်မတိုင်မီ စော စီးစွာ ရာသီစလာသူ၊ အသက် ၅၅ နှစ်နောက်ပိုင်းမှ သွေးဆုံးသူ၊ အမျိုးသမီးဟော်မုန်းတွေကို ငါးနှစ် အထက် အသုံးပြုသူ၊ ကိုယ်အလေးချိန် များလွန်းသူ၊ အဝလွန်သူနဲ့ ဆေးလိပ်သောက်သုံးသူတွေက ရင်သားကင်ဆာ ဖြစ်နိုင်ခြေများပါတယ်။ သတိပြုရမယ့် အချက်က ဘယ်လို ဖြစ်နိုင်ခြေမှ မရှိပေမယ့်လည်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်ပါတယ်။ အသက် ၄၀ကျော်လာလေ၊ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းများလာလေ ဖြစ်တယ်ဆိုတာကို သတိပြုပြီး စောစောရှာဖွေသင့်ပါတယ်။ စောစောတွေ့ရှိလေ၊ ကုသမှုအောင်မြင်နိုင်လေဖြစ်လို့ပါ။

မေး။ ။ ရင်သားကင်ဆာရဲ့ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေကို သိပါရစေ ဆရာမ။
ဖြေ။ ။ ရင်သားနဲ့ ချိုင်းနေရာမှာ အလုံး၊ အကျိတ်ပေါ်လာတာ၊ ရင်သား အရေပြား ရောင်ရမ်းတာ၊ အရောင်ပြောင်းလာတာ၊ ရင်သားအရွယ်အစား၊ ပုံသဏ္ဍာန်ပြောင်းလဲသွားတာ၊ ရင်သားအရေပြား ချိုင့်ဝင်တာ၊ နို့သီးယားယံတာ၊ နို့သီး အနာဖေးတက်တာ၊ နို့သီးခေါင်းက အတွင်းကို ချိုင့်ဝင်သွားတာ၊ နို့သီးခေါင်းကနေ အရည်နဲ့ သွေးထွက်တာ၊ ရင်သားတစ်နေရာတည်းမှာ တင်းတာ၊ နာတာ စတာတွေဖြစ်ပါတယ်။ ရင်သားအပေါ် အပြင်ဘက်မှာ အလုံး၊ အကျိတ်တွေ့ရင် အထူးသတိထားပြီး စစ်ဆေးဖို့လိုပါတယ်။

မေး။ ။ ရင်သားမှာ ပုံမမှန်တဲ့ အပြောင်းအလဲတွေကို သတိပြုနိုင်အောင် ဘယ်လို လုပ်သင့်ပါသလဲ ဆရာမ။
ဖြေ။ ။ မိမိရင်သားကို မိမိဘာသာ စမ်းသပ်တာက စရိတ်စကလည်းမရှိဘဲ လွယ်ကူရိုးစင်းပြီး ထိရောက်တဲ့ နည်းဖြစ်ပါတယ်။ အသက် ၂၀ကျော်ချိန်ကစပြီး မိမိရင်သား မိမိကိုယ်တိုင် စမ်းသပ်မှုကို စတင်လုပ်ဆောင်သင့်ပါတယ်။ လစဉ်ရာသီလာနေတဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီပေါ်တဲ့ နေ့ရက်ကနေ တစ်ပတ်အကြာမှာ ဖြစ်ပါတယ်။ အဲဒီလို စမ်းသပ်ပြီး ပုံမှန်မဟုတ်တဲ့ အသွင်အပြင်၊ ခံစားမှု၊ ရင်သားပြောင်းလဲမှု မှန်သမျှ သတိပြုမိတာနဲ့ ဆရာဝန်ထံ ချက်ချင်းအသိပေးရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top