၊ လရိပ်မေ ၊
လိပ်ခေါင်းစဖြစ်နေချိန်နဲ့ လိပ်ခေါင်းကြောင့် နာကျင်နေချိန်တွေမှာ တချို့အစာတွေက လိပ်ခေါင်းရောင်ရမ်းမှုနဲ့ နာကျင်မှုကိုပိုဆိုးစေနိုင်ပါတယ်။
– ပြုပြင်ထားသော အစာများ
တချို့အာဟာရဓာတ်တွေနဲ့ ဓာတုပစ္စည်းအများစုပါတဲ့ ပြုပြင်ထားတဲ့ အစာတွေက လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။ အကြောင်းကတော့ အဲဒီပြုပြင်ထားတဲ့ အစာတွေထဲက ဓာတုပစ္စည်းအများစုဟာ ရောင်ရမ်းမှုကို ပိုဆိုးစေပြီး လိပ်ခေါင်းကို ပိုထိခိုက်စေပါတယ်။
– ဆားကဲသော အစာများ
ဆိုဒီယမ်ပါဝင်မှုများတဲ့ အစာတွေကိုစားတာကြောင့် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သင်သိပြီးဖြစ်မှာပါ။ လိပ်ခေါင်းဖြစ်နေချိန်မှာ ဆားကဲတဲ့ အစာတွေကို ရှောင်သင့်ပါတယ်။ ဆားများတဲ့ အစာတွေကို စားလွန်းရင် ရေဓာတ်ခမ်းခြောက်မှုနဲ့ဝမ်းချုပ် စေနိုင်ပါတယ်။ ဒါ့အပြင် လေပွစေတဲ့အတွက် လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။
– နို့နှင့် နို့ထွက်ပစ္စည်းများ
နို့နဲ့ နို့ထွက်ပစ္စည်းတွေကို များများစားရင် ဝမ်း(မစင်)ပမာဏကြီးစေတဲ့အတွက် လိပ်ခေါင်းဖြစ်နေချိန် ဝမ်းသွားတဲ့အခါ မသက်မသာ ဖြစ်စေနိုင်ပါတယ်။
– ပူစပ်သော အစာများ
လိပ်ခေါင်းဖြစ်နေချိန်မှာ ပူစပ်တဲ့အစာတွေကိုမစားသင့်ပါဘူး။ အထူးသဖြင့် သွေးထွက်တဲ့ လိပ်ခေါင်းဖြစ်နေချိန်မှာ ပူစပ်တဲ့ အစာတွေကို စားရင် ပိုပြီး ပူစပ်ပူလောင်ဝေဒနာ ဖြစ်တတ်ပါတယ်။
– မမှည့်သော သစ်သီးများ
မမှည့်တဲ့သစ်သီးစားတာကြောင့် လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။ မမှည့်တဲ့ သစ်သီး (ဥပမာ-ငှက်ပျောသီး)စားတာကြောင့် ဝမ်းပိုချုပ်စေနိုင်လို့ပါ။
– အရက်
လိပ်ခေါင်းကြောင့် နာကျင်နေချိန်အတွင်း အရက်သေစာတွေကို ရှောင်ရှားသင့်ပါတယ်။ အရက်သောက်တာကြောင့် ရေဓာတ်ခမ်းခြောက်စေပြီး ဝမ်းပိုချုပ်စေနိုင်ပါတယ်။ အရက်သေစာ သောက်စားရင် အစာခြေလမ်းကြောင်းစနစ်ကို ထိခိုက်စေပြီး အူလှုပ်ရှားမှု ကို ပိုခက်ခဲစေနိုင်လို့ပါ။
– ကော်ဖီ
အရက်သေစာတွေလိုပဲ ကော်ဖီများများ သောက်ရင် ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်မှုက လိပ်ခေါင်းဖြစ်ဖြစ်၊ မဖြစ်ဖြစ် မကောင်းတဲ့အခြေအနေပါ။ လိပ်ခေါင်းဖြစ်နေချိန် ကော်ဖီများများသောက်ရင် ရေဓာတ်ခမ်းခြောက်ပြီး ဝမ်းချုပ်စေနိုင်ပါတယ်။
(Ref; HD)