Healthy Life Ad
Health Tips

ပျော်ရွှင်ဖွယ်ရာ မိသားစု ဖန်တီးနိုင်သော အိမ်ရှင်မဖြစ်အောင် . . .

ငွေကြယ်စင်ယံ

မိသားစုတစ်ခုမှာ အိမ်သူအိမ်သားတိုင်း တာဝန် ကိုယ်စီရှိကြပါတယ်။ အိမ်ထောင်ဦးစီးကလည်း သူ့ တာဝန်ကျေပွန်ဖို့ လိုသလို အိမ်ရှင်မကလည်း ကိုယ့် တာဝန်ကို သိတတ်ဖို့လိုပါတယ်။ အလားတူ သားသမီးတွေကလည်း သားသမီးတာဝန်ကို ကျေပွန်မယ် ဆိုရင် မိသားစုဘဝဟာ ပျော်ရွှင်ကြည်နူးဖွယ် အပြည့်ရှိနေမှာပါ။ အဲဒီလို မိသားစု တစ်ခုလုံး ပျော်ရွှင် ကြည်နူးဖွယ်ရာ ဖြစ်စေဖို့ အိမ်ရှင်မဖြစ်တဲ့ အမျိုးသမီးတွေ စွမ်းဆောင်သင့်တဲ့ အချက်တွေကို အကြံပြု လိုက်ပါတယ်။

* အေးအတူ ပူအမျှ ဖြတ်သန်းပါ

ကြမ်းပြင်ပေါ်မှာ ညစ်ပတ်တဲ့ အဝတ်တွေ၊ အိမ်သာသုံးစက္ကူကလည်း ကလေးတွေ ယူဆော့တာ ဧည့်ခန်းထဲမှာပြန့်ကျဲလို့ . . ဒါတွေအားလုံးက စိတ်ကို မကျေမနပ်ဖြစ်စေတဲ့ စိတ်ဖိစီးမှု အရင်းအမြစ်တွေပါ။ အဲဒီအချိန်မှာ စိတ်ညစ်မနေပါနဲ့။ ကလေးတွေနဲ့ ကစားတမ်း လုပ်ပြီး အိမ်သန့်ရှင်းရေးကို အတူလုပ်ဆောင်လိုက်ပါ။ တကယ်တော့ မိသားစုဘဝ ဆိုတာ အေးအတူ၊ ပူအမျှပဲ မဟုတ်လား။ လုပ်စရာရှိရင်လည်း အားလုံး တက်ညီလက်ညီလုပ်ပြီး ပျော်စရာ ရှိရင်လည်း အတူတူပျော်တာက စိတ်ဖိစီးမှုကင်းပြီး ကြည်နူးစရာ ကောင်းတဲ့ မိသားစုဘဝပါပဲ။

* လျှို့ဝှက်ချက် မထားသင့်ပါ

မိသားစုတစ်ခုမှာ ဘဏ္ဌာရေး အခြေအနေနဲ့ ပတ်သက်လာရင် ဖွင့်ပြောတာ၊ ဆွေးနွေးတာနဲ့ ဆုံးဖြတ်ချက် ချတာစတဲ့ နည်းလမ်းသုံးရပ်ကို လိုက်နာ သင့်ပါတယ်။ အရင်ဆုံး ငွေရေးကြေးရေး ပန်းတိုင် တစ်ခုကို ချမှတ်ဖို့ ရှိတဲ့ ငွေတွေကို သင့်အိမ်ထောင်ဖက် သိအောင် ဖွင့်ပြောပါ။ (ဥပမာ- အိမ်ဝယ်ဖို့၊ အကြွေးဆပ်ဖို့၊ စီးပွားရေးတစ်ခု စတင် လုပ်ဆောင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုခုအတွက် စုထားတဲ့ငွေ) နောက်တစ်ခုက ကုန်ကျစရိတ်တွေနဲ့ အသုံးစရိတ် တွေကို တွက်ချက်ပြီး ဘယ်လိုလျော့ကျအောင် လုပ်လို့ ရမလဲဆိုတာ ဇနီးမောင်နှံအတူ ဆွေးနွေးပါ။ ပြီးရင် မိသားစုငွေရေး ကြေးရေးနဲ့ ပတ်သက်ပြီး အနာဂတ်အတွက် စီမံခန့်ခွဲဖို့ ဆုံးဖြတ်ချက်ချပါ။

* မိသားစုမျိုးရိုးကို တည်ဆောက်ပါ

မိသားစု မျိုးရိုးစဉ်ဆက်အကြောင်း သိအောင် Family Tree တစ်ခု ရေးဆွဲထားပြီး အသေးစိတ်ကို ပြောပြတာက ကလေးတွေကို သူတို့ဟာ ပိုပြီး ကြီးမားတဲ့ ခွန်အားရှိတယ်လို့ ထင်ရစေပြီး သူတို့မှာ လုံခြုံမှု ပိုရှိတယ်လို့ ထင်ရစေပါတယ်။

* အသေးအမွှားကိစ္စအတွက် ချွေးထွက် မနေပါနှင့်

ပျော်ရွှင်တဲ့ မိသားစုမှာ လိုက်နာသင့်တာတွေ ရှိသလို ရှောင်သင့်တာတွေ ရှိနေပါတယ်။ ဒီနည်းလမ်းတွေကို လိုက်နာတာက မိသားစုဘဝရဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေကို လျစ်လျူရှုပစ်နိုင် ပါတယ်။ ဒီလို အသေးအမွှားကိစ္စတွေကို လျစ်လျူရှုပြီး သင့်ဘဝမှာ သိထားသင့်တဲ့ အရာတွေကို သိအောင် လုပ်ထားပါ။ သင့်မိဘက ရုပ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်နေရင် နာမကျန်းမှုနဲ့ မသန်စွမ်းဖြစ် တာကို ကုသပေးမယ့်သူတွေနဲ့ ဆက်သွယ်နိုင်ပါတယ်။

* အပန်းဖြေခရီး ထွက်ပါ

အားလပ်ရက် အပန်းဖြေခရီးထွက်တာက ကောင်းကောင်းအနားရစေတဲ့ နည်းဖြစ်ပါတယ်။ နေရာသစ်ရောက်ရင် ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဒိုပါမင်းဓာတ်တွေ အထွက်တိုးစေပြီး မိသားစုဝင်တစ်ဦးနဲ့ တစ်ဦး ပိုမိုရင်းနှီး နွေးထွေးချစ်ခင်မှုကို ရရှိစေပါတယ်။ ခရီးသွားလာတာကြောင့် ကလေးတွေအနေနဲ့ ကမ္ဘာလောကကြီးအကြောင်းကို လေ့လာခွင့် ရရှိလာပါလိမ့်မယ်။ အိမ်ရှင်မဖြစ်တဲ့ သင်က ခရီးတိုတစ်ခုရဲ့ အစီအစဉ်ကို ပြောပြပြီး အပန်းဖြေခရီးထွက်မလား၊ ကုန်ကျမယ့်ငွေကို လှူဒါန်း မလားဆိုတဲ့ ရွေးချယ်မှုတစ်ခုခုကို ကလေးတွေကို လုပ်ခိုင်းပါ။ တစ်ခါတစ်ရံမှာ ငွေကြေးကို လှူလိုက်တာက ခရီးသွားတာထက် စိတ်ကိုပိုပျော်ရွှင်မှု ရရှိစေပါတယ်။

Most Popular

Healthy Life Ad
To Top