Healthy Life Ad
Life Style

တီဘီလား၊ ကင်ဆာလား . . .(၃)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

ကင်ဆာဘက်က ရှာဖွေလို့ရသေးတာကတော့ အဆုတ်လေပြွန်ထဲ မှန်ပြောင်းကြည့်တာ (Bronchoscopy)ပဲ ဖြစ်ပါတယ်။ ဒီလို ကြည့်လိုက်ရင် ကင်ဆာကို တန်းတွေ့ရတာများပါတယ်။ ဒါပေမဲ့ လေပြွန်ကြီးတွေမှာမဟုတ်ဘဲ အဆုတ်လေပြွန်သေးတွေမှာ ဖြစ်ရင်တော့ မှန်ပြောင်းနဲ့ မမြင်နိုင်ပါဘူး။ ဒီလိုအခြေအနေမှာ မှန်ပြောင်းကတစ်ဆင့် လေပြွန်ထဲကအရည်ကို တိုက်ရိုက်စုပ်ယူပြီး ကင်ဆာဆဲလ်ရှာကြည့်တာ (Cytology)နဲ့ တီဘီပိုး ရှာကြည့်တာ (Microscopy For AFB) နှစ်မျိုးစလုံး လုပ်နိုင်ပါတယ်။ သလိပ်စစ်တာထက် ပိုပြီး ထိရောက်ပါတယ်။

မှန်ပြောင်းနဲ့ မမီနိုင်တဲ့နေရာ (Peripheral Tumor)က အဆုတ်အနာကို ရင်ဘတ်အပြင်ဘက်ကနေ တိုက်ရိုက်အပ်နဲ့ စုပ်ယူတဲ့အထိ အသားစယူတဲ့နည်း သုံးလို့ရပါတယ်။ ကွန်ပျူတာစီတီဓာတ်မှန် (CT guided biopsy)ရဲ့ အကူနဲ့ အပ်ကို အနာရှိရာသို့ တိတိကျကျ ညွှန်ပေးတဲ့နည်းစနစ်ကိုသုံးရင် ဘေးကင်းပြီး တိကျမှုကိုရရှိနိုင်ပါတယ်။ တစ်ခါတစ်ရံ ကင်ဆာထင်ပြီး အပ်နဲ့စုပ်ကြည့်တော့ တီဘီဖြစ်နေတာလည်း ရှိပါတယ်။

ကင်ဆာအတွက် သဲလွန်စတချို့ကိုရှာချင်ရင် ပိုလွယ်ကူတာက သွေးထဲမှာ ကင်ဆာဓာတ်ရဲ့ အမှတ်အသားတွေ (Cancer Markers) ရှာကြည့်ရင် အလွန်များနေတာ တွေ့ရတတ်ပါတယ်။ သေသေချာချာစမ်းသပ်ကြည့်လို့ လည်ပင်းနဲ့ ညှပ်ရိုးကြားမှာ အကျိတ်လေးတွေ့ခဲ့ရင် ဒီအကျိတ်လေး (Scalene Node)ကို ထုတ်ပြီး စမ်းကြည့်ရင် တိကျတဲ့အဖြေမှန် ရနိုင်ပါတယ်။

ကင်ဆာရဲ့ ပျံ့နှံ့နေတဲ့ အထောက်အထားတွေကိုလည်း ရှာဖွေတွေ့ရှိရင် ကင်ဆာလို့ပြောနိုင်ပါတယ်။ ဥပမာ- ကျောရိုးမှာ ပြန့်နေတာ၊ ဝမ်းတွင်း အင်္ဂါအစိတ်အပိုင်းတွေမှာ ပြန့်နေတာတွေ့နေရင် ကင်ဆာဆဲလ် ရှာဖွေမတွေ့ပေမယ့် ကင်ဆာပဲလို့ ပြောနိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နောက်ထပ် အတွေ့အကြုံလေးတစ်ခုကို ပြောပြပါမယ်။

ကျွန်မတို့တိုင်းပြည်မှာပဲ တီဘီနဲ့ ကင်ဆာမှားကြတာ မဟုတ်ပါဘူး။ ရောဂါတွေရဲ့ Presentation လက္ခဏာတွေက အလွန်ဆင်တူယိုးမှားဖြစ်ကြလို့ပါပဲ။ အရင်တစ်နှစ်လောက်က ကြုံခဲ့ရဖူးတဲ့ တခြားလူနာ တစ်ယောက်ရဲ့ အကြောင်းလေးကို ဆက်လက်ဖော်ပြလိုက်ပါတယ်။

ဦးကြင်ရဲ့ အသက်က ၇၀ ကျော်ပါပြီ။ ကျွန်မဆီကိုသူ့ညီဖြစ်တဲ့ ဦးထွန်းစံက ခေါ်လာခဲ့တာပါ။ ဦးထွန်းစံက ကျွန်မရဲ့ လူနာဟောင်းလည်းဖြစ်တော့ ခင်မင်ရတဲ့ မိတ်ဆွေရင်းချာလို ဖြစ်နေပါပြီ။ ဦးကြင်က ပိန်သွားလို့၊ အစားပျက်လို့ဆိုပြီး ခေါ်လာခဲ့တာပါ။ ဆေးလိပ်ကလည်း သောက်ပါတယ်။ ဆေးစစ်ချက်ထဲမှာထူးခြားတာက ရင်ဘတ်ဓာတ်မှန် (CXR) မှာ ညာဘက်အဆုတ်ရဲ့ ထိပ်ပိုင်း (Right Apex) မှာ အရိပ်တစ်ခုတွေ့တာပဲဖြစ်ပါ တယ်။ တီဘီပိုးတော့ မတွေ့ပါဘူး။

ကွန်ပျူတာဓာတ်မှန် (CT Scan) မှာလည်း အခဲသဏ္ဍာန် (Solid Mass) နဲ့ အခေါင်း ပေါက်လေး (Cavity) တွဲရှိနေပါတယ်။ သွေးထဲမှာ ကင်ဆာအမှတ်အသားလည်း များနေလို့ သူ့ကို အဆုတ်ကင်ဆာဖြစ်နေပြီလို့ ဖွင့်ပြောပြရင်း သက်ဆိုင်ရာ အထူးကုဆရာဝန်တွေဆီ လွှဲစာရေးပေးလိုက်ပါတယ်။ ခြောက်လလောက်ကြာသွားပြီးတဲ့ တစ်နေ့မှာ ဦးကြင်နဲ့ ပြန်လည်ဆုံတွေ့ရပါတယ်။ ဦးကြင်အခြေအနေက သိပ်မကောင်းပါဘူး။ “ဝမ်းသွားပြီး အားမရှိလို့ အားဆေးသွင်းပေးဦး”ဆိုပြီး ဆေးရုံတက်လာတာပဲ ဖြစ်ပါတယ်။

“ဒါနဲ့ ဦးကြင်ရဲ့ အဆုတ်ကင်ဆာရော သက်သာသွားပြီလား၊ အခုဝမ်းလျှောတာကကော ကြာပြီလား”လို့ ဆရာမက မေးလိုက်တော့ ဦးကြင်ရဲ့ ညီဖြစ်သူ ဦးထွန်းစံက ဖြေပါတယ်။

“သူက ကင်ဆာမဟုတ်ဘူး ဆရာမ။ ထိုင်းမှာစစ်တော့ တီဘီပိုးတွေ့လို့ တီဘီဆေးပေးတာ အခုခြောက်လရှိသွားပြီ။ အခုဖြစ်တာက သူပိုပိန်လာလို့ တစ်ကိုယ်လုံး ပြန်စစ်ဆေး (Check-up) ကြည့်လိုက်တော့ အူမကြီးကင်ဆာနဲ့ဆိုင်တဲ့ ကင်ဆာအမှတ် (CEA) တက်တာတွေ့လို့ အူမကြီးမှန်ပြောင်းကြည့်ခဲ့ရတာ။ ပြဿနာက အဲဒီကစတာပဲ ဆရာမရေ၊ မှန်ပြောင်းကြည့်ဖို့ ပြင်ဆင်ရင်း ဝမ်းနှုတ်လိုက်လို့ အားကုန်သွားတာပါပဲ . . အူမကြီးကင်ဆာလည်း မတွေ့ပါဘူး”

“အော် . . တီဘီဖြစ်တာပဲဆိုတော့ တော်သေးတာပေါ့။ ဒါဆိုရင်လည်း ရေဓာတ်ခမ်းခြောက်နေတဲ့အတွက် ဓာတ်ဆားရည်နဲ့ ဗီတာမင်အားဆေး သွင်းပေးပါမယ်”ဒီလိုနဲ့ တီဘီဆေးကိုပဲ ဆက်သောက်ခိုင်းပြီး သူ့ကိုအသေးစိတ်ကြည့်ဖို့ မလိုတော့တဲ့အတွက် ဓာတ်ဆားရည် သွင်းလို့ အားပြန်ရှိသွားရင် ဆေးရုံက ဆင်းခွင့်ပြုလိုက်မယ်ဆိုပြီး စိတ်ပေါ့သွားပါတယ်။

ဒါပေမဲ့ မှန်းထားသလိုမဟုတ်ဘဲ နောက်နေ့မှာ ဦးကြင်က သတိပိုလျော့လာတယ်၊ မလှုပ်နိုင်တော့ဘဲ ပိုဆိုးလာ တဲ့ပုံ ဖြစ်နေလို့ ဦးခေါင်းကို စီတီစကင် ရိုက်ကြည့်လိုက်တော့ တခြားတစ်နေရာကနေ ပြန့်နှံ့လာတဲ့ ကင်ဆာ (Secondary Metastasis)တွေ ဦးနှောက်ထဲမှာပြည့်နှက်နေတာ တွေ့ရပါတော့တယ်။ ဒါဟာ အဆုတ်ကင်ဆာ ကနေ ဦးနှောက်ကို ပြန့်နှံ့သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ဦးကြင်ရဲ့အဖြစ်က အဆုတ်တီဘီရော၊ ကင်ဆာပါ နှစ်မျိုးစလုံး ထပ်တူဖြစ်နေတဲ့အတွက် ကင်ဆာရောဂါအတွက် ကုသဖို့ နှောင့်နှေးသွားခဲ့တာ ဖြစ်ပါတယ်။

အသက်ကြီးသူ၊ ဆေးလိပ်သောက်သူ၊ မဖျားဘဲ ချောင်းအကြာကြီးဆိုးနေသူ၊ သလိပ်မှာ တီဘီပိုး မတွေ့ဘဲ ဓာတ်မှန်အရိပ်ကြောင့် တီဘီဆေးသောက်ရသူ၊ တီဘီ ဆေးသောက်ပေမယ့် မသက်သာဘဲ ပိုဆိုးလာသူ၊ တီဘီ မဟုတ်နိုင်ဘူးလို့ သံသယရှိသူတွေက စောဒကတက်လာရင်လည်း ဆရာဝန်တွေဘက်ကလက်ခံပြီး ပြန်လည် ဆန်းစစ်မှုတွေ ပြုလုပ်သင့်ပါတယ် . . .

ဆေးလောကမှာ အဆုတ်တီဘီလား၊ ကင်ဆာလားဆိုပြီး ဒွိဟဖြစ်တာတွေ မကြာခဏ ကြုံနေရဦးမှာဖြစ်ပါတယ်။ ရောဂါစရိုက်မတူပေမယ့် ပုံစံချင်းက အလွန်တူနေကြတာမို့ ခေတ်မီနည်းတွေသုံးတာတောင် ခွဲရခက်တာတွေ ရှိပါတယ်။ တီဘီဆေးကို မသေချာဘဲ ပေးကြည့်ရတဲ့ ကုထုံး (Therapeutic Trial) တွေကို ခေတ်မီစနစ်တွေသုံးတာကြောင့် လျော့ကျစေနိုင်ပါတယ်။ အသက်ကြီးသူ၊ ဆေးလိပ်သောက်သူ၊ မဖျားဘဲ ချောင်းအကြာကြီးဆိုးနေသူ၊ သလိပ်မှာ တီဘီပိုးမတွေ့ဘဲ ဓာတ်မှန်အရိပ်ကြောင့် တီဘီဆေး သောက်ရသူ၊ တီဘီဆေးသောက်ပေမယ့် မသက်သာဘဲ ပိုဆိုးလာသူ၊ တီဘီမဟုတ်နိုင်ဘူးလို့ သံသယရှိသူတွေက စောဒက တက်လာရင်လည်း ဆရာဝန်တွေဘက်ကလက်ခံပြီး ပြန်လည်ဆန်းစစ်မှုတွေ ပြုလုပ်သင့်ပါတယ်။

ပိုတိကျတဲ့ စစ်ဆေးချက်တွေ ဥပမာ စီတီစကင် (CT Scan) ရိုက်ကြည့်တာကို လုပ်ပေးသင့်ပါတယ်။ လူတိုင်းကို ခေတ်မီစနစ်သုံးပြီး ရှာဖွေဖို့မလိုပါဘူး။ ဒီလိုအတိကျဆုံးဖြစ်အောင် လူနာတိုင်းကို စီတီစကင်ရိုက်ပြီး ရှာဖွေနေရင် ကုန်ကျစရိတ်တွေ အလွန်များပြားလာပြီး အကျိုးကျေးဇူးအများကြီး မရှိပါဘူး။ လူနာဘက်ကရော၊ ဆရာဝန်တွေဘက်ကပါ ဒီလိုသတိလေး ကိုယ်စီရှိကြရင် အကောင်းဆုံးသော ရလဒ်တွေ ရရှိလာမှာ ဖြစ်ပါတယ်။ တီဘီနဲ့ ကင်ဆာပိုပြီး ခွဲခြားသိမြင်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top