Healthy Life Ad
Health Tips

ချိုင်း(ဂျိုင်း)အရေပြား နီမြန်းသည့် ပြဿနာ အဖြေရှာ

လရိပ်မေ
ချိုင်း(ဂျိုင်း)အရေပြားဆိုတာ ကူးစက်ပိုးနဲ့ ဘက်တီးရီးယားပိုးပေါက်ဖွားရာနေရာ ဖြစ်ပါတယ်။ အဲဒီအခြေအနေကို ကုသမှု မခံယူတဲ့အခါ ဘက်တီးရီးယားပိုးပေါက်ပွားရာက ချိုင်း(ဂျိုင်း)အရေပြားမှာ အနံ့ဆိုးထွက်တတ်ပါတယ်။ တစ်ခါတလေ ချိုင်းလိမ်းဆေးတောင့် လိမ်းတာ၊ တခြားဓာတုပစ္စည်းသုံးတာ၊ ချိုင်း(ဂျိုင်း)မွှေးနုတ်တာ/ရိတ်တာနဲ့ ပိုးမွှားပေါက်တာတွေကြောင့် ချိုင်း(ဂျိုင်း) အရေပြားစပ်ဖျဉ်းဖျဉ်း ဖြစ်တတ်ပါတယ်။ ချိုင်း(ဂျိုင်း)အရေပြားနီမြန်းတာကြောင့် ရောင်ရမ်းတဲ့ အဖုအပိမ့်ဖြစ်ရာက အနီရောင်အဖုအပိမ့်တွေပေါ်ပြီး နာကျင်ယားယံတတ်ပါတယ်။

အပူကြောင့် နီမြန်းခြင်း
ချွေးဂလင်းပိတ်ဆို့မှုကြောင့်ဖြစ်ရတဲ့ ရောင်ရမ်းနာကျင်တဲ့ ဝေဒနာဟာ ချိုင်း(ဂျိုင်း)အရေပြားမှာ နီမြန်းယားယံမှုဖြစ်တတ်ပါတယ်။ ချိုင်း(ဂျိုင်း)မွေးထွက်ပုံမမှန်ရာက ချွေးဂလင်းပိတ်ဆို့မှုကြောင့် ချွေးပေါက်ပိတ်ရာက နီမြန်းတတ်ပါတယ်။ အဝတ်အစားကို လျော့တိလျော့ရဲ သက်သောင့်သက်သာ ဝတ်ဆင်ပြီး အပူဒဏ်ကို ရှောင်ရှားသင့်ပါတယ်။ ပူပြင်းစိုထိုင်းတဲ့ နေရာတွေမှာ မနေပါနဲ့။ ချွေးပေါက်ပိတ်စေတဲ့ ခရင်မ်နဲ့ပေါင်ဒါကို မသုံးသင့်ပါဘူး။

ဘရိတ်ဓားကြောင့် နီမြန်းခြင်း
ချိုင်းအရေပြားက ထိခိုက်လွယ်တာကြောင့် ဘရိတ်ဓားနဲ့ ထပ်ခါထပ်ခါ ရိတ်ရာက စပ်ဖျဉ်းဖျဉ်း ဖြစ်တတ်ပါတယ်။ ချိုင်းမွေးမရိတ်ခင်မှာ အမွေးရိတ်ခရင်မ်နဲ့ ကွန်ဒီရှင်နာသုံးသင့်ပါတယ်။

ဓာတ်မတည့်မှုဖြစ်စေသည့် အရာများ
ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေနဲ့ ထိတွေ့မိတဲ့အခါ အရေပြားရောင်ရမ်းနီမြန်းမှု ဖြစ်တတ်ပါတယ်။ အသုံးအဆောင်တစ်မျိုးကြောင့် အရေပြားနီမြန်းတာ၊ ယားယံတာစတဲ့ ဓာတ်မတည့်မှုဝေဒနာတွေ ခံစားရရင် အဲဒီအရာကို ရှောင်ကြဉ်သင့်ပါတယ်။

စပ်ဖျဉ်းဖျဉ်းဖြစ်သည့် ဝေဒနာသက်သာခြင်း
ချိုင်း(ဂျိုင်း)အရေပြားပွတ်တိုက်ရာက နာကျင်မှုနဲ့ မသက်မသာဝေဒနာတို့ ခံစားရရင် ကလမင်းလိုးရှင်း (Calamine Lotion) လိမ်းသင့်ပါတယ်။

ပွတ်တိုက်ခြင်း
ချိုင်း(ဂျိုင်း)ကြားနဲ့ ပေါင်ခြံအရေပြားတွေက ပွတ်တိုက်မှုအများဆုံး အစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။ ပွတ်တိုက်ပြီး စိုထိုင်းဆများရင် အရေပြားအလွှာထိခိုက်ကာ အရေပြားရောင်ရမ်းမှု ဖြစ်တတ်ပါတယ်။ အဲဒီအခါ ဖန်းဂတ်စ်မှိုနဲ့ ဘက်တီးရီးယားပိုးတွေက အရေပြားထဲ ထိုးဖောက်ဝင်ရောက်သွားနိုင်ပါတယ်။ ချည်သားအင်္ကျီခပ်ပွပွဝတ်တာကြောင့် ချိုင်း(ဂျိုင်း)အရေပြား အေးမြခြောက်သွေ့ပြီး ပွတ်တိုက်မှု သက်သာသွားပါလိမ့်မယ်။
Ref; HD

Most Popular

Healthy Life Ad
To Top