Healthy Life Ad
Life Style

စတီးရွိုက်ပါသည့် အလှကုန်များသုံးပြီး ဝက်ခြံဆန်သော အဖုများထွက်ခြင်းကြောင့် အရေပြားဆရာဝန်ထံ ပြသသူများပြား

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ယခုအခါ စတီးရွိုက်ပါသည့် အသားအရေထိန်းပစ္စည်းများကိုသုံးစွဲပြီး မျက်နှာနီမြန်းခြင်းနှင့် ဝက်ခြံဆန်သော အဖုအပိမ့်များထွက်ခြင်းတို့ကြောင့် နေ့စဉ်လာရောက်ပြသသူ လူနာဦးရေ များပြားလျက်ရှိကြောင်း မြောက်ဥက္ကလာပဆေးရုံကြီး၊ အရေပြားကုဌာနမှ ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော်က Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“အခုနောက်ပိုင်းမှာ ဆေးပါတဲ့ အသားအရေထိန်းပစ္စည်း (Skin Care) တွေကို လူတွေကအသုံးများလာတယ်၊ တချို့ဆေးတွေက ဝက်ခြံဖြစ်စေတယ်၊ အဲဒီ့ဆေးတွေထဲမှာ သိသာတာက စတီးရွိုက်ပါတဲ့ Skin Careတွေ ဖြစ်ပါတယ်။ စတီးရွိုက်ပါတဲ့ အလှကုန်တွေက စလိမ်းလိမ်းချင်းမှာတော့ မျက်နှာအရေပြားတွေက အယားသက်သာတယ်၊ ဝက်ခြံအဖုဆိုရင် အရောင်ကျသွားတယ်၊ ချပ်သွားတယ် . . အဲဒီတော့ ဆေးပါတဲ့ အလှကုန်တွေကို ဝက်ခြံပျောက်ဆေး၊ တင်းတိပ်ပျောက်ဆေးအနေနဲ့ သုံးကြပါတယ်။

သီအိုရီအရ ပြည်တည်တတ်တယ်၊ ပိုးဝင်တတ်တယ်လို့ ပြောပေမယ့် စလိမ်းလိမ်းချင်းမှာ ကောင်းသလိုဖြစ်သွားတယ်၊ တကယ်က ကိုယ်ခံစွမ်းအားကို ဆွဲချလိုက်တာပါ၊ သွေးကြောတွေကို ကျဉ်းအောင်လုပ်တဲ့အတွက် ဖြူသွားပါတယ်။ အဲဒါကို လူတွေကလှတယ်၊ ကောင်းတယ်ဆိုပြီး ညစဉ်သုံးကြတယ်၊ နှစ်ချီသုံးတဲ့သူတွေ တောင်ရှိတယ်၊ များသောအားဖြင့် ညလိမ်းခရင်မ်တချို့၊ ဝက်ခြံပျောက်ဆေးတချို့နဲ့ တင်းတိပ်ပျောက်ဆေး တချို့မှာ စတီးရွိုက်ပါတတ်တယ်၊ ဥပမာ အချင်းချင်းလက်တို့ပြီးရောင်းတဲ့ အလှကုန်တွေမှာ ပါနေတတ်ပါတယ်” ဟု ပါမောက္ခ ဒေါက်တာမြတ်စန္ဒာကျော်ကဆိုသည်။

စတီးရွိုက်ပါသော အရေပြားလိမ်းဆေးများကို ထူလွန်းသည့်အရေပြားတွင် သုံးသင့်သော်လည်း မျက်နှာတွင်လိမ်းလေ့ရှိကြကြောင်း၊ မျက်နှာ၌မလိမ်းသင့်သည့် စတီးရွိုက်ပမာဏများသည့် အရေပြားလိမ်းဆေးများကို လိမ်းသည့်အခါ စတီးရွိုက်စွဲလမ်းသော အရေပြားဖြစ်သွားကြောင်းသိရသည်။

“စတီးရွိုက်ပါတဲ့ အလှကုန်ကို လိမ်းတဲ့အခါ နှစ်နည်းနဲ့တုန့်ပြန်ပါတယ်။ တစ်နည်းက တချို့လူတွေမှာ လိမ်းတာနဲ့ ဝက်ခြံပေါက်တယ်၊ မျက်နှာနီရဲလာတယ်. . ဒါဆိုရင်အချိန်မီသိလို့ ကုလိုက်ရင်သက်သာသွားတယ်။ ဒါပေမဲ့ စတီးရွိုက်ပါတဲ့ အလှကုန်ကြောင့်ဖြစ်တဲ့ အဖုတွေက သာမန်ဝက်ခြံဖုနဲ့ မတူဘဲ အရွယ်ညီတဲ့ အဖုတွေမျက်နှာမှာစီပြီး အပြည့်နီးပါးပေါက်တတ်ပါတယ်။ နောက်တစ်နည်းက ကြာကြာသုံးတဲ့အထိ မသိသာဘဲ မျက်နှာက သွေးကြောတွေကျဉ်းပြီး အသားဖြူဖွေးလာတယ်၊ ဖွေးလာပြီး ရပ်လိုက်တဲ့အခါ အရေပြားမှာ သာကူစေ့လို အစေ့တွေပလုံစီပြီး ပေါက်နေတတ်တယ်။

အဲဒီအခါ သာမန်ဝက်ခြံဆေးနဲ့ ကုလို့ မရဘဲနဲ့ စားဆေး၊ လိမ်းဆေးတွေကိုပေးပြီး အချိန်ပေးပြီး ကုရပါတယ်။ ငွေကုန်ကြေးကျများရတယ်၊ အချိန်ပေးပြီး စိတ်ရှည်ရှည်ကုရတယ်”ဟု ဒေါက်တာမြတ်စန္ဒာကျော်က ဆိုသည်။ အလှကုန်၊ ဝက်ခြံပျောက်ဆေး၊ တင်းတိပ်ပျောက်ဆေးတို့ကို စတင်စမ်းသပ်သုံးစွဲလိုက်သည်နှင့် အသားဖြူသွားပြီး အဖုအပိမ့်ပေါက်လာလျှင်သော်လည်းကောင်း၊ သုံးရင်း ရပ်လိုက်မိသည့်အခါ ဝက်ခြံဖုများပေါက်ခြင်း၊ အရေပြား ခြောက်သွေ့ခြင်းနှင့် အကြေးခွံထခြင်းတို့ ဖြစ်လာလျှင် စတီးရွိုက်ပါ နိုင်ခြေများသဖြင့် ချက်ချင်းရပ်ပစ်ရန်လိုအပ်ကြောင်းသိရသည်။

Most Popular

Healthy Life Ad
To Top