Healthy Life Ad
International

ယူကရိန်းမှ အမြွှာတို့ရွာ

၊ မိုးမင်းထွန်း ၊

လူဦးရေ ၄၀ဝ၀သာရှိတဲ့ ယူကရိန်းအနောက်ပိုင်းက ဗယ်လီကာရာကိုပန်ညာ ကျေးရွာကလေးဟာ စုစုပေါင်း အမြွှာ ၆၁စုံကိုကျော်လွန်သွားပြီးနောက် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ဖို့ အလားအလာကောင်းနေပါတယ်။

မျိုးဗီဇနဲ့ တခြားမျိုးပွားမှုဆိုင်ရာ အချက်အလက်တွေနဲ့ သက်ဆိုင်မှုရှိနိုင်သော်လည်း သူတို့ရဲ့အမြွှာစုံတွဲများပြားမှုဟာ ဒေသထွက်သန့်ရှင်းတဲ့ရေကို သောက်သုံးမှုကြောင့်လို့ ရွာသားတွေက ယုံကြည်ထားကြပါတယ်။ နှစ်စဉ်အမြွှာမွေးဖွားမှု နှစ်စုံနဲ့ သုံးစုံကြားရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။ နွားတွေရဲ့ အမြွှာမွေးဖွားမှုဟာလည်း ပျမ်းမျှအထက်မှာရှိတယ်လို့လည်းသိရပါတယ်။

ကျေးရွာရဲ့ အသက်အကြီးဆုံးအမြွှာ အသက် ၇၅နှစ်အရွယ် မာရီယာချော်ဗာက သူနဲ့ရွယ်တူ တခြားအမြွှာများလည်းရှိခဲ့ကြပြီး သူဟာကျေးရွာရဲ့ ပထမဆုံးအမြွှာ မဟုတ်ကြောင်းပြောပြပါတယ်။ သူရဲ့မျိုးဆက်ထဲမှာလည်း အမြွှာသုံးစုံရှိတယ်လို့လည်းပြေပာပါတယ်။ ဒီလိုအမြွှာများပြားမှုဟာ သောက်သုံးတဲ့ရေကြောင့်ဖြစ်တာလား ဆိုတာကိုတော့ သူလည်းမသေချာကြောင်းဆက်ပြောပါတယ်။

ရွာသားတွေပြောပြတဲ့ ဇာတ်လမ်းအရ ရွာနဲ့ ၉၅ မိုင်ဝေးတဲ့ မြို့တစ်မြို့မှ အမျိုးသမီးတစ်ယောက်ဟာ ကလေးမရနိုင်ဖြစ်နေတာကြောင့် ရွာကိုပုံမှန်လာပြီး ရေသောက်လေ့ရှိပြီး မကြာခင်မှာ ကိုယ်ဝန်ရလာကာ အမြွှာပူးမွေးဖွားခဲ့တယ်လို့ဆိုပါတယ်။

အဲဒီအချိန်ကစပြီး ကျေးရွာဟာနာမည်ကျော်ကြားလာပြီး အနီးအနားပတ်ဝန်းကျင်မြို့တွေက ရေလာရောက်ခပ်ယူသူတွေနဲ့ စည်ကားလာတယ်လို့သိရပါတယ်။ ယူကရိန်းသိပ္ပံပညာရှင်တွေဟာ ရေကိုစစ်ဆေးခဲ့ကြပြီး ထူးထူးခြားခြားမတွေ့ရှိရသော်လည်း သောက်သုံးဖို့အတွက် သင့်တော်တဲ့ရေသန့်အမျိုးအစားဖြစ်ကြောင်း ထောက်ခံချက်ပေးခဲ့ကြပါတယ်။

ရွာမှမိန်းကလေးတွေကို လိုချင်သူတွေဝိုင်းဝိုင်းလည်နေပြီး လူတိုင်းကသူတို့ရဲ့မျိုးဗီဇကို လိုချင်နေကြတယ်လို့ ကျေးရွာစားသောက်ဆိုင်ပိုင်ရှင်က ရယ်မောပြောဆိုခဲ့ပါတယ်။

Most Popular

Healthy Life Ad
To Top