Healthy Life Ad
Life Style

နိုးနေသော်လည်း အသိမရှိသူ . . . (Vegetative State Or Unresponsive Wakefulness Syndrome) အပိုင်း ( ၃ )

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

– ယခင်တစ်ပတ်မှအဆက်
ဦးယုစွန်နဲ့ ပတ်သက်လို့ ကျွန်မ တွေးမိတာလေးတွေကို မိသားစုဘက်၊ ဦးယုစွန်ဘက်နဲ့ ကျွန်မဘက် . . စတဲ့ ရှုထောင့်သုံးနေရာကနေ တွေးကြည့်မိတာလေးတွေကို တင်ပြလိုက်ပါတယ်။

မိသားစုဘက်က အမြင်
ဦးယုစွန်ကတော့ အခုလိုပဲ Persistant Vegetative State (PVS) အမြဲတမ်း အသိမရှိ တုန့်ပြန်မှုမရှိတဲ့ ဘဝနဲ့ရှိနေတော့မယ့်သူပါပဲ။ သူဘယ်တော့ မှ အသိတရား ပြန်ဝင်လာမှာ မဟုတ်တော့ဘူးဆိုတာ မိသားစုတွေ သိထားပြီး ဖြစ်ပါတယ်။ သူ့သားသမီးတွေကလည်း အဖေကြီး ဘယ်ဘဝရောက်ရောက် ဆက်လက်အသက်ရှင်နေတာ မြင်ချင်မှာပါပဲ။ မဖြစ်နိုင်တော့တဲ့ မျှော်လင့်ချက်လေးကို တစ်ခါတစ်ရံ စိတ်ကူးယဉ်မိကြပေမယ့် ပြန်အသိရှိလာမှာမဟုတ်မှန်းလည်း သိနေကြပါတယ်။ အဖေကြီးတစ်ခုခု ဖောက်ပြီဆိုတိုင်းလည်း ဘာဆေးမဆို၊ ဘယ်လောက်ကုန်ကုန် အကောင်းဆုံး လုပ်ပေးဖို့သာ ပြောပါတယ်။ ဘယ်တော့မှ DNR (Do not resuscitate)ခေါ်တဲ့ နှလုံးရပ်ရင် ပြန်ကယ်တဲ့ကုထုံး ကိုမလုပ်တော့ဘူးလို့ မငြင်းဆိုပါဘူး။ ဒါကြောင့်လည်း ဦးယုစွန်တစ်ယောက် ဒီဘဝနဲ့အကြာကြီး ဆက်နေရတယ်လို့ ထင်ပါတယ်။ ဒီကြားထဲ

တစ်နေ့မှာ ဦးယုစွန်မျက်နှာတစ်ခြမ်းရွဲသွားပြီး မလှုပ်တော့လို့ စီတီ( CT) ကွန်ပျူတာဓာတ်မှန်ရိုက်ကြည့်လိုက်တော့ ဦးနှောက်သွေးကြောပေါက်နေတာ တွေ့ရပါတယ်။ ဒီတစ်ခါတော့

ဦးယုစွန်သွားတော့မယ် ထင်ပါရဲ့။ သူ့မိသားစုကို ဆွေးနွေးကြည့်ပါတယ်။

ဒီဘဝ ဘယ်တော့ပြီးဆုံးမှာလဲ
ဒီသွေးခဲကို ဦးနှောက်ခွဲစိတ်အထူးကုဆရာဝန် နဲ့ပြပြီး စုပ်ထုတ်ရင် ပိုကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ မိသားစုက မခွဲတော့ဘဲ ဒီအတိုင်းထားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီဘဝထက်ပိုထူးပြီး ကောင်းလာမှာ မဟုတ်တော့ ဆုံးဖြတ်တာမှန်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ဦးသက်ပြင်းဖြစ်တဲ့ ဦးယုစွန်တစ်ယောက် ပိုဆိုးမသွားဘဲ တဖြည်းဖြည်း မူလအတိုင်း ပြန်လည် ရောက်ရှိပြီး ရှင်သန်လျက်ရှိလာပြန်ပါတယ်။ အသိမရှိတဲ့ ကျောက်ရုပ်တစ်ရုပ်လိုပါပဲ။ ဘယ်သူမှ မိဘကို ဒီဘဝမှာ မခံစားစေလိုပေမယ့် ဘယ်မိသားစုကမှလည်း ကိုယ့်မိဘကို မသေစေလိုပါဘူး . . ကိုယ့်မိဘ အသက်ရှင်နေတာကိုပဲ ကြည့်ချင်ကြမှာပါ။

ဦးယုစွန်ဘက်က အမြင်
ဦးယုစွန်ကရော ဒီပတ်ဝန်းကျင်က သူ့ကို ဘာတွေပြောနေလဲ၊ ဘာတွေလုပ်နေတာလဲဆိုတာ သိကော သိနေသလား၊ ပြန်လည်မတုန့်ပြန်နိုင်တာ တစ်ခုတည်းပဲလား၊ ဘာမှ ခံစားချက်မရှိတော့ဘူးလား။ ဒီအဖြေကိုသိဖို့ သုတေသနတွေ လုပ်ကြည့်ကြဖူးပါတယ်။ နာကျင်စေတဲ့ လှုံ့ဆော်မှုတစ်ခု ပေးလိုက်ရင် ဒီနာတယ်ဆိုတဲ့သတင်းကို နာ့ဗ်ကြောတွေကတစ်ဆင့် ဦးနှောက်ရဲ့ သိတဲ့နေရာအထိ ရောက်ရှိပေမယ့် ခံစားချက်ရစေတဲ့နေရာအထိ မရောက်ရှိတဲ့အတွက် နာတယ်၊ သိတယ်၊ ကြားတယ် . . စသဖြင့် ဒီလိုလူ တွေမှာဘာခံစားချက်မှမရှိဘူးလို့ဆိုပါတယ်။ ဦးနှောက်တွင်းမှာ ဆက်သွယ်တဲ့ လမ်းကြောင်းတွေ၊ ကွန်ရက် တွေ ချို့ယွင်းနေလို့ဖြစ်ပါတယ်။ ဒါပေမဲ့ခေတ်မီစနစ်ဖြစ်တဲ့ fMRI နဲ့ စစ်ဆေးကြည့်တဲ့အခါ PVS ဖြစ်သူတွေရဲ့ ဦးနှောက်ဟာ လူကောင်းမှာလို သိခြင်းနဲ့ခံစားရခြင်း အထိရှိနေပြီး ဦးနှောက်ထဲမှာ ပြန် လည်တုန့်ပြန်နိုင်မှုတချို့ရှိနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ပြင်ပလောကကို ဖော်ပြနိုင်တဲ့ တုံ့ပြန်မှု မဟုတ်ပါဘူး။
Dr.Adrian Owen ရဲ့ လေ့လာချက်နဲ့ ဒီလို Brain Scan နဲ့ ဦးနှောက်အတွင်းထဲမှာ အလုပ်လုပ်နေပုံ၊ လှုပ်ရှားနေပုံကို သိရှိလာပါတယ်။ အခုလို အပြင်ပန်းအားဖြင့် အသိမရှိဘူးလို့ ထင်ရသူ ( PVS ) တွေဟာ ဦးနှောက်အတွင်းထဲမှာ သိရှိနားလည်ခံစားမှုရှိနေသေးတဲ့အပြင် သာမန်မေးခွန်းတွေ ကိုလည်း “ Yes or No ဟုတ်တယ်၊ မဟုတ်ဘူး”လို့ ဖြေကြားနိုင်တယ်ဆိုတာ တွေ့ရှိလာပါတယ်။
ဒါကြောင့် နားလည်ရ ခက်ခဲလှတဲ့ PVS တွေဟာ တကယ်တော့ အတွင်းသိနေပြီး ပြင်ပကို မဖော်ထုတ်နိုင်တဲ့ ဦးနှောက်ချို့ယွင်းချက်မျိုးလည်း ဖြစ်နိုင်ကြောင်း သိလာပါတယ်။ ဒီတွေ့ရှိချက်ဟာ တခြားနိုင်ငံတွေမှာ ကျင့်သုံးတဲ့ “တရားရုံးမှ သေခွင့် ပြုခြင်း”ကို ပြန်လည်သုံးသပ်စရာတွေ ဖြစ်လာပါတယ်။ ဒီကိစ္စမျိုးနဲ့ပတ်သက်ပြီး PVS နှစ်ပေါင်းများစွာကြာလာလို့ လင်ယောကျာ်းက အသက်ရှင်ခြင်းကို ပြီးဆုံးစေဖို့ လျှောက်ထားခြင်း ( End of the life )ကို မိဘဖြစ်သူတွေက သဘောမတူတဲ့အတွက် အငြင်းပွားပြီး ဆုံးဖြတ်ရ ခက်ခဲတာမျိုးရှိခဲ့ဖူးပါတယ်။ ဒါနဲ့ပတ်သက်ပြီး Florida (USA) Terri Schiavo ရဲ့အဖြစ်က နာမည်ကျော် သတင်းတစ်ခုဖြစ်ခဲ့ဖူးပါတယ်။

Most Popular

Healthy Life Ad
To Top