Healthy Life Ad
Life Style

နိုးနေသော်လည်း အသိမရှိသူ . . . (၂) (Vegetative State Or Unresponsive Wakefulness Syndrome)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

“Vegetative State (VS)” ဖြစ်နေတယ်ဆိုတာက ဘာကိုခေါ်တာလဲ
ရုပ်တရားဖြစ်တဲ့ ခန္ဓာကိုယ်က ရှင်သန်နေပေမယ့်လည်း အသိတရားမရှိတဲ့ဘဝမျိုး (Intellectual Activity) ကိုဆိုလိုပါတယ်။ အပင်တွေလို ကြီးထွားရှင်သန်နေပေမယ့် ခံစားချက်၊ စဉ်းစားတာလည်းမရှိ၊ တုံ့ပြန်မှုလည်း မရှိသလိုပါပဲ။ ဒီလိုအဖြစ်မျိုးနဲ့ အသက်ရှင်နေထိုင်နေကြရသူတွေဟာ ဘယ်တော့မှ ပြန်မကောင်းနိုင်တော့ ပါဘူး။ ဒီအတိုင်းနှစ်တွေအကြာကြီး ရှင်သန်နေရတဲ့သူတွေရှိပါတယ်။

ဖြစ်စေတဲ့ အကြောင်းတွေကတော့ ဦးနှောက်ထိခိုက် ဒဏ်ရာရတာ၊ ဦးနှောက်သွေးမလျှောက်တာ (လေဖြတ်တာ)၊ အောက်ဆီဂျင်မရောက်တာ၊ ဦးနှောက်ရောင်ရောဂါဖြစ်တာတွေဖြစ်ပြီး သတိလစ်သွားရာကနေ ပြန်လည်နိုးကြားလာပေမယ့် ဘာမှအသိမရှိ တော့တဲ့ သူတွေအဖြစ် အမြဲတမ်းရာသက်ပန် ဒီအတိုင်းဖြစ်နေတတ်ပါတယ်၊ သူတို့ကတုံ့ပြန်မှုမရှိဘဲ နိုးကြား လာသူတွေ ဖြစ်လာပါတယ်။ ဒါကို VS လို့ ခေါ်တာဖြစ်ပါတယ်။

Permanent Vegetative State (PVS) ဆိုတာက ဒီလိုအခြေအနေမျိုးမှာ၊ အထူးသဖြင့် ထိခိုက်ဒဏ်ရာ ရသူ တွေမှာ ဘာမှမတိုးတက်ဘဲ တစ်နှစ်ကျော်ကြာတဲ့အထိ ရှိနေသူတွေ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာကြောင့် မဟုတ်သူတွေဆိုရင် ဘာမှမတိုးတက်ဘဲ ခြောက်လကျော်ကြာတဲ့အထိ ရှိနေသူတွေကို ခေါ်တာဖြစ်ပါတယ်။ အမြဲတမ်း အသိမရှိဘဲ နိုးနေသူကို PVS လို့ သတ်မှတ်တာဖြစ်ပါတယ်။

ဒီလို ပြန်မကောင်းနိုင်တော့တဲ့ Vegetative State ကို တစ်ချိန်ချိန်မှာ ပြန်ကောင်းလာနိုင်တဲ့ သတိအနည်းဆုံး ရှိနေသေးသူတွေ (Minimally Conscious State) နဲ့မှားယွင်းနိုင်ပါတယ်။ MCS က ပြန်ကောင်းနိုင်တဲ့ အလားအလာရှိပါတယ်။ ဒီ PVS နဲ့ MCS ကို ဒီနေ့ခေတ်မီ သိပ္ပံနည်းပညာနဲ့တောင် တိတိကျကျမခွဲခြားနိုင်သေးပါဘူး။ မှန်ကန်အောင် ခွဲခြားနိုင်ဖို့ အလွန်အရေးကြီးပါတယ်။

PVS က ဦးနှောက် သေဆုံးတဲ့ အခြေအနေ (Brain Death) နဲ့ မတူပါဘူး။ ဒါကို ဥပဒေအရ သေဆုံးခြင်းလို့ မသတ်မှတ်ပါဘူး။ ဒါပေမဲ့ လူ့ကျင့်ဝတ်အရ အသိမရှိဘဲ ရှင်သန်နေတဲ့ ခန္ဓာကိုယ်ကို တရားရုံးကခွင့်ပြုချက်နဲ့ အသက်ဆက်ရှင်စေမယ့် အထောက်အပံ့တွေ ဖယ်ရှားလိုက်ပြီး သေဆုံးစေဖို့ တရားဝင်ခွင့်ပြုတာကို ပြုလုပ်နိုင် . . .

PVS က ဦးနှောက်သေဆုံးတဲ့ အခြေအနေ (Brain Death) နဲ့ မတူပါဘူး။ ဒါကို ဥပဒေအရ သေဆုံးခြင်းလို့ မသတ်မှတ်ပါဘူး။ ဒါပေမဲ့ လူ့ကျင့်ဝတ်အရ အသိမရှိဘဲရှင်သန်နေတဲ့ ခန္ဓာကိုယ်ကို တရားရုံးကခွင့်ပြုချက်နဲ့ အသက် ဆက်ရှင်စေမယ့် အထောက်အပံ့တွေ ဖယ်ရှားလိုက်ပြီး သေဆုံးစေဖို့ တရားဝင် ခွင့်ပြုတာကို ပြုလုပ် နိုင်ပါတယ်။ ဆရာဝန်တွေကတော့ ဒီလိုပြုလုပ်ရမှာ သဘောတူလေ့သိပ်မရှိပါဘူး။

ဒါပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှုစရိတ်၊ ပြုစုဖို့ လူအင်အားသုံးစွဲရတာတွေ၊ မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုး . . ဒါတွေအားလုံးကို ထည့်စဉ်းစားပြီး “die in diginity” ဂုဏ်သိက္ခာရှိစွာ သေဆုံးမှုကိုရရှိစေပါတယ်။ တရားရုံးက သေသေချာချာ ကြားနာစစ်ဆေးပြီးမှ ဆုံးဖြတ်ချက်ချရပါမယ်။ ဒီလို VS အခြေအနေနဲ့အချိန်အကြာဆုံး ရှင်သန်နေခဲ့ရဖူးသူ ကတော့ အိန္ဒိယနိုင်ငံက Aruna Shanbaug လို့ ခေါ်တဲ့ သူနာပြုဆရာမဖြစ်ပြီး ၁၉၇၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နှစ်ပေါင်း ၄၂နှစ်ကြာရှင်သန်နေခဲ့ရသူ ဖြစ်ပါတယ်။

၁၉၈၉ မှ ၁၉၉၃ ခုနှစ်အထိ နှစ်တိုင်း PVS အနေနဲ့ ရှင်သန်ခဲ့ သူ Tony Bland ဟာ ယူကေနိုင်ငံရဲ့ ပထမဦးဆုံးသော တရားရုံးမှ အစာရေစာဖြတ်ပြီး သေဆုံးစေခဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒီတိုင်းပြည်မှာ ဒီလို အဖြစ်အပျက်မျိုး မကြုံရဖူးသေးပေမယ့် တခြားနိုင်ငံ တွေမှာတော့ရှိနေတဲ့ အကြောင်းအရာ ဗဟုသုတတွေအဖြစ် ဖော်ပြလိုက်တာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top