Healthy Life Ad
Child

အိမ်တွင်း ဖုန်မှုန့်ပိုးမွှားများနှင့် ဓာတ်မတည့်ခြင်း (၁)

ဒေါက်တာမြတ်စန္ဒာကျော်(တွဲဖက်ပါမောက္ခ၊ အရေပြားအထူးကုဆရာဝန်ကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အိမ်မှာဖြစ်တတ်တဲ့ ဖုန်မှုန့်ပိုးမွှားတွေနဲ့ ဓာတ်မတည့်တဲ့အကြောင်းကို သိပါရစေဆရာမ။
ဖြေ. မိမိအိမ်မှာဖြစ်ဖြစ်၊ သူတစ်ပါးအိမ်ပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ ချက်ချင်း တံမြက်စည်းလှည်းပြီးချိန်၊ ဖုန်သုတ်၊ ဖုန်ခါပြီးချိန်တွေမှာ ဖြစ်တတ်ပါတယ်။

မေး. အိမ်မှာဖုန်မှုန့်ပိုးမွှားတွေနဲ့ ဓာတ်မတည့်မှုဖြစ်တဲ့အခါ ဘယ်လိုရောဂါလက္ခဏာတွေ ရတတ်ပါသလဲဆရာမ။
ဖြေ. လွင့်နေတဲ့ဖုံတွေကြောင့် ဓာတ်မတည့်မှုဖြစ်ရင် ဖြစ်တတ်တဲ့ရောဂါလက္ခဏာတွေက မျက်လုံးယားတာ၊ မျက်ရည်ကျတာ၊ မျက်စိနီတာ၊ နှာရည်ယိုတာ၊ နှာပိတ်တာ၊ နှာချေ၊ ချောင်းဆိုး၊ ရင်ကျပ်၊ အသက်ရှူကျပ်တာ၊ အရေပြားယားတာ၊ အနီဖု၊ အပိမ့်ထွက် ဖုန်နဲ့ဓာတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလို လက္ခဏာတွေက ဖုန်ထဲမှာရှိနေတဲ့ အကောင်လေးတွေ၊ ပိုးဟပ်၊ မှို၊ ဝတ်မှုန်နဲ့ တိရစ္ဆာန်တွေကကျတဲ့ အရာတွေကြောင့် ဖြစ်ပါ တယ်။

မေး. အိမ်မှာ ဖုန်မှုန့်ပိုးမွှားတွေနဲ့ ဓာတ်မတည့်မှုမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲဆရာမ။
ဖြေ. ကာကွယ်နည်းကတော့ ခန်းလုံးပြည့်ကော်ဇောတွေကိုဖယ်ပြီး သန့်ရှင်းရေးပြုလုပ်ပါ။ တိရစ္ဆာန်တွေကို အခန်းထဲမဝင်ပါစေနဲ့။ အိမ်ကိုစိုထိုင်းနေအောင် မထားရပါဘူး။

အိမ်တစ်အိမ်ကိုကြည့်ရုံနဲ့ သိပ်ကိုသေးငယ်တဲ့ အိမ်ဖုန်ကောင်မရှိဘူးလို့ ပြောမရဘူး။ ပုံမှန် သန့်ရှင်းရေး ပြုလုပ်ရုံနဲ့ မရပါဘူး။ တစ်ခါတလေ တုန့်ပြန်လွယ်တဲ့သူက သန့်ရှင်းရေးလုပ်ရင်း . . .

– အိမ်ဖုန်ကောင်၊ အိပ်ရာကောင် (Bed Mites)
အိမ်ဖုန်ကောင်၊ အိပ်ရာကောင် (Bed Mites) တွေက ပူနွေးပြီး စိုထိုင်းနေရင် ပေါက်ပွားလွယ်ပါတယ်။ ခေါင်းအုံးစွပ်၊ အိပ်ရာခင်း၊ ကော်ဇော၊ ဆိုဖာတွေမှာ ရှိနေတတ်ပါတယ်။ လေထဲမှာ လွင့်နေတတ်ပြီး ကလေးငယ်တွေကို ရင်ကျပ်ပန်းနာဖြစ်စေတယ်။ အိမ်တစ်အိမ်ကိုကြည့်ရုံနဲ့ သိပ်ကိုသေးငယ်တဲ့ အိမ်ဖုန်ကောင် မရှိဘူးလို့ ပြောမရဘူး။ ပုံမှန်သန့်ရှင်းရေးပြုလုပ်ရုံနဲ့ မရပါဘူး။ တစ်ခါတလေ တုန့်ပြန်လွယ်တဲ့သူက သန့်ရှင်း ရေးလုပ်ရင်း သူ့ဘာသာဓာတ်မတည့်တာ ပိုဆိုးသွားတတ်သေးတယ်။

– ပိုးဟပ်
မြင်နေကျ ပိုးကောင်လေးက ထွက်တဲ့အရာတွေက ဖုန်ထဲရောပါရင်း တချို့တုန့်ပြန်လွယ်တဲ့သူတွေကို ဓာတ်မတည့်မှု ဖြစ်စေပါတယ်။

– မှိုလေးတွေ
တချို့မှိုလေးတွေကိုမြင်ရပြီး တချို့မှိုလေးတွေကို မမြင်ရပါဘူး။ မှို (Molds) လေးတွေက သစ်တုံး၊ သစ်ဆွေး၊ သစ်ရွက်ကြွေတွေမှာ ကပ်နေကြပါတယ်။ ဖိနပ်ကနေတဆင့်ပါလာပြီး ဖုန်ထဲရောနေရင် ဓာတ်မတည့်မှု ဖြစ်စေပါတယ်။

– ပန်းဝတ်မှုန်
ဝတ်မှုန်တွေလည်း ရောပါနေတတ်ပါတယ်။

– တိရစ္ဆာန် အမွှေးအမှင်
တိရစ္ဆာန် အမွှေးအမှင်တွေကလည်း ဖုန်ထဲရောပါရင်း ဓာတ်မတည့်မှု ဖြစ်စေတတ်ပါတယ်။ ငှက်တွေရှိနေရင် ငှက်မွှေး၊ ငှက်အညစ်အကြေးတွေကလည်း ဓာတ်မတည့်မှု ဖြစ်စေပါတယ်။

မေး. အိမ်မှာ ဖုန်မှုန့်ပိုးမွှားတွေနဲ့ ဓာတ်မတည့်မှုဖြစ်တဲ့အခါ ကုသမှုတွေကို ဘယ်လိုလုပ်နိုင်ပါသလဲဆရာမ။

ဖြေ. ကုသမှုကတော့-

ဓာတ်မတည့်တာကို ရှောင်ပါ။ အချိန်ကို သေသေချာချာ စဉ်းစားရတယ်။ ဥပမာ- တိရစ္ဆာန်နဲ့ကစားပြီးတိုင်း နှာချေတတ်သလားဆိုတာမျိုး စဉ်းစားရပါမယ်။

ဓာတ်မတည့်မှုဖြစ်နှုန်း လျော့ကျစေဖို့ အိမ်အပြင်အဆင်ပြောင်းရမယ်။ ကော်ဇောတွေထက် ကြမ်းခင်းက ပိုကောင်းပါတယ်။

အိမ်သန့်ရှင်းရေး မှန်မှန်လုပ်ရပါမယ်။ အိမ်သန့်ရှင်းရေးလုပ်ရင် နှာခေါင်းအုပ်ရမယ်၊ မျက်မှန်တပ်ရမယ်၊ ဦးထုပ် ဆောင်းရပါမယ်။

ဖုန်သန့်ရှင်းရေးလုပ်ပြီး အချိန် နှစ်နာရီကျော်လောက်ကြာမှ ဖုန်တွေငြိမ်မယ်။ နေ့ပိုင်း အိပ်ရာဖုံးထားသင့်ပါ တယ်။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်မှန်မှန် လျှော်သင့်ပါတယ်။

ရေခဲသေတ္တာထဲမထည့်ဘဲ အပြင်မှာထားရင် အစာတွေကိုဖုံးထားရမယ်။

အမှိုက်တွေကိုလည်း သေသေချာချာ ဖုံးထားရပါမယ်။

အိမ်ထဲမှာ အပူချိန်၊ စိုထိုင်းဆတိုင်းတာတဲ့စက်ရှိရင် ပိုကောင်းပါတယ်။ လေဝင်လေထွက် ကောင်းစေရပါမယ်။

နေရောင်ဝင်တဲ့ အခန်းတွေက ပိုကောင်းပါတယ်။ ပန်ကာနဲ့ ခြောက်သွေ့အောင်ထားရပါမယ်။

Most Popular

Healthy Life Ad
To Top