Healthy Life Ad
Child

တိရစ္ဆာန်များနှင့် ဓာတ်မတည့်ခြင်း

ဒေါက်တာမြတ်စန္ဒာကျော်
(တွဲဖက်ပါမောက္ခ၊ အရေပြားအထူးကုဆရာဝန်ကြီး၊
မြောက်ဥက္ကလာပဆေးရုံကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဓာတ်မတည့်မှု အလာဂျီဆိုတာ ဘာကိုခေါ်ပါသလဲ ဆရာမ။

ဖြေ. အလာဂျီဆိုတာ ကိုယ်ခံစွမ်းအားစနစ်က ပြင်ပမှာရှိနေတဲ့ အထဲကအန္တရာယ်မပြုနိုင်တဲ့ အရာတွေကို ရှူမိ၊ ထိမိတဲ့အခါ တုံ့ပြန်ရာက ပြောင်းလဲဖြစ်စဉ်တွေဖြစ်တာကို ဓာတ်မတည့်ဘူးလို့ ခေါ်ပါတယ်။ ဓာတ်မတည့်လေ့ရှိတတ်တဲ့ တိရစ္ဆာန်တွေကတော့ ကြောင်၊ ခွေး၊ ကြွက်၊ ဟမ်းစတား(Hamsters) တွေနဲ့ မြင်းလိုတိရစ္ဆာန်တွေ ဖြစ်ကြပါတယ်။

မေး. တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်ရင် ဘာတွေဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. တိရစ္ဆာန်တွေနဲ့ဓာတ်မတည့်တာကတော့ တိရစ္ဆာန်တွေနဲ ့အနေနီးတဲ့အခါ တိရစ္ဆာန်အရေပြား၊ အညစ်အကြေး၊ တံတွေး၊ အဆီ၊ ဆီး၊ အမွှေးတွေနဲ့ မတည့်တာပါ။

တိရစ္ဆာန်ဓာတ်မတည့်တဲ့အခါ ဝတ်မှုန်နဲ့ဓာတ်မတည့်သလို နှာချေတာ၊ နှာခေါင်းယားတာ၊ မျက်လုံးယားတာ၊ မျက်လုံးနီတာ၊ မျက်ရည်ကျတာနဲ့ ရင်ကျပ်တာတွေ ဖြစ်တတ်ပါတယ်။ တစ်ရွှီရွှီနဲ့ အသက်ရှူကျပ်တာက ပန်းနာရောဂါလိုတောင် ဖြစ်တတ်ပါတယ်။ ချောင်းဆိုးရင်ကျပ်လွန်းလို အိပ်ရေးပျက်တတ်ပါတယ်။

အရေပြားမှာတော့ အနီပြင်လိုအင်ပြင်တွေ ဖြစ်တတ်ပါတယ်။ ယားတာကိုကုတ်လိုက်ရင် အရေပြားရောင်ပြီး နီရဲနေတတ်ပါတယ်။ နှင်းခူလို အရေပြားဝေဒနာတွေ ဖြစ်လာတတ်ပါတယ်။မသက်မသာ ခံစားနေရတာ တစ်ပတ်ကျော်လို့မပျောက်တော့ရင်၊ ပုံမှန်အလုပ်ကိုတောင် မလုပ်နိုင်တော့ရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို ပြသင့်ပါတယ်။

မေး. တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်မှုမဖြစ်အောင် ဘယ်လိုရှောင်ကြဉ်သင့်ပါသလဲ ဆရာမ။

ဖြေ. ကာကွယ်နည်းကတော့ အိမ်မွေးတိရစ္ဆာန်တွေကို ရှောင်တဲ့နည်းပဲ ဖြစ်ပါတယ်။

– တိရစ္ဆာန်တွေကို ထိတွေ့ကိုင်တွယ်တာ၊ တစ်ခန်းထဲအတူနေတာကို ရှောင်ရပါမယ်။

– သတိထားရမှာကတော့ တိရစ္ဆာန်မရှိနေရင်တောင် တိရစ္ဆာန်အိပ်တဲ့နေရာ၊ တိရစ္ဆာန်ထားတဲ့ နေရာမှာနေရင် ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။ တိရစ္ဆာန်ကိုအိပ်ခန်းထဲမှာ မဝင်စေသင့်ပါဘူး။ အခန်းသပ်သပ်ထားပြီး မွေးရပါမယ်။

– တိရစ္ဆာန်ကိုထိတွေ့ပြီးရင် လက်ကိုသေသေချာချာ ဆေးရပါမယ်၊ အခန်းသန့်ရှင်းရေးကို ဂရုစိုက်ရမယ်။ အခန်းကလည်း သန့်ရှင်းဖို့လွယ်အောင် ရှင်းရှင်းလင်းလင်း ထားရပါမယ်။

– တိရစ္ဆာန်ရှိရင် ရေမှန်မှန်ချိုးပေးဖို့ မမေ့သင့်ပါဘူး။

– ကုလားထိုင်ပေါ်ထိုင်တာက ကြမ်းပေါ်ထိုင်တာထက် ပိုသင့်တော်ပါတယ်။

– သတိထားသင့်တဲ့အချက်က

ဓာတ်မတည့်မှုလုံးဝမဖြစ်စေတဲ့ တိရစ္ဆာန်ဆိုတာ မရှိပါဘူး။ တချို့လူတွေက ခွေးကုတ်ရင်၊ လျှာနဲ့လျက်ရင်တောင် ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။ မွှေးပွကော်ဇောတွေပေါ်မှာ တိရစ္ဆာန်ကကျတဲ့အရည်တွေ ၊ အမွှေးအမျှင်တွေရှိနေတတ်လို့ ဖယ်ရပါမယ်။

တိရစ္ဆာန်မွေးချင်ပေမယ့် တိရစ္ဆာန်ဓာတ်မတည့်မှု ဖြစ်တတ်သူတွေကတော့ အမွှေးနည်းတဲ့တိရစ္ဆာန်ကို မွေးသင့်ပါတယ်။

မေး. ကုသမှုကို ဘယ်လိုခံယူသင့်ပါသလဲ ဆရာမ။

ဖြေ. တိရစ္ဆာန်တွေနဲ့ဓာတ်မတည့်တာကို ကုသတဲ့နည်းတွေကတော့ နှာခေါင်းဖြန်းဆေး၊ အသက်ရှူလမ်းကြောင်း ကျယ်စေမယ့်ရှူဆေးသုံးတာ။ ဓာတ်မတည့်သက်သာစေမယ့် အရောင်ကျဆေး၊ အယားပြေဆေးတွေ သုံးတာပါ။ Allergy shots (Immunotherapy) လည်း သုံးလို့ရပါတယ်၊ နောက်တစ်ခါ ဓာတ်မတည့်မှုဖြစ်ခဲ့ရင် သုံးရမယ့်ဆေးကို ဆောင်ထားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top