Healthy Life Ad
Q & A

ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်လျှင် ဖြစ်တတ်သော နောက်ဆက်တွဲပြဿနာ

မေး ။ အသက် ၁၃-၁၄ အရွယ်နဲ့ ကိုယ်ဝန်ရှိလာရင် ဘာတွေဖြစ်တတ်ပါသလဲ။ ငယ်ငယ်ရွယ်ရွယ် ကိုယ် ဝန်ဆောင်ပြီး ကလေးယူတာ ကောင်းပါသလား။ ကလေးယူဖို့ ဘယ်အသက်အရွယ်က အကောင်းဆုံးပါ လဲဆရာ။
သီလေး၊ ရန်ကင်း။

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဖြေကြားသည်)

ဖြေ ။ ဆယ်ကျော်သက် ၁၃-၁၄ နှစ်အရွယ် ဆိုတာ ကလေးလေးတွေပဲ ရှိပါသေးတယ်။ ဒီအရွယ်မှာ မိခင် တစ်ယောက် ဖြစ်ဖို့အတွက် ခန္ဓာကိုယ်သာမက စိတ်ဓာတ်ကလည်းမိသားစုတစ်ခုကိုဖန်တီးဖို့၊ ကလေးကို ပြုစုပျိုးထောင်ဖို့ စတာတွေအတွက် ရင့်ကျက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်ဆိုတာ ကျန်းမာရေးကြောင့်တင်မကဘဲ စီးပွားရေး၊ ပညာရေး စတာတွေပါ မပြည့်စုံနိုင်သေးတဲ့အတွက် အဲဒီအရွယ်ဟာ ကိုယ်ဝန် လုံးဝ မဆောင်သင့်တဲ့ အရွယ်ပါပဲ။ ကိုယ်ကိုယ်တိုင်ကမှ ပထမအရွယ် ပညာရှာရမယ့် အရွယ်လေးတွေပဲ ရှိပါသေးတယ်။ ဒီလိုအရွယ်မှာ ကိုယ်ဝန်ရပြီဆိုရင် အဖြစ်တတ်ဆုံး ပြဿနာ ကတော့ မလိုချင်ပဲရတဲ့ ကိုယ်ဝန် ဖြစ်နေတတ်တာပါပဲ။ ဒီတော့ ကိုယ်ဝန်ဖျက်ချဖို့ လုပ်ကြပါတော့တယ်။ ဒီကိုယ်ဝန်ကို ယူဖို့အဆင်သင့်မဖြစ်သေးတဲ့အခါ ဖျက်ချကြပါတယ်။ အဲ့ဒီအခါမှာ မျိုးပွားအင်္ဂါတွေမှာ ဒဏ်ရာတွေရတာ၊ နာကျင်ခံစားရပြီး အခန့်မသင့်ရင် အသက်တွေပါ သေဆုံးတဲ့အထိ ဖြစ်ကြရပါတယ်၊ သူ့ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။

ကလေးကိုယူပြီး အိမ်ထောင်ပြုလိုက်တယ် ဆိုပြန်ရင်လည်း ကိုယ်တိုင်မှ ကိုယ့်ခြေထောက်ပေါ် ကိုယ် ကောင်းကောင်း မရပ်တည်နိုင်ချိန်မှာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးဖို့က အလွန်ခက်ခဲပါတယ်။ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုတွေလည်းမပေးတတ်သေးတဲ့အခါ ကလေးကို ဖြစ်သလိုပဲမွေး၊ ဖြစ်သလိုပဲ စောင့်ရှောက်တတ်ကြပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာလည်း အာဟာရ ချို့တဲ့တာ၊ ကိုယ်ဝန်ဆိပ်တက်တာ၊ အားနည်းတာတွေ ဖြစ်တတ်ပြီး မီးဖွားချိန်မှာလည်း အရမ်းခက်ခဲပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်အချိုးအစားလေးတွေက မိခင်တစ်ယောက်ဖြစ်ဖို့ ပြည့်ပြည့်စုံစုံ မဖွံ့ဖြိုးသေးတာတွေလည်း ရှိပါတယ်။ ဆေးရုံတွေမှာ မမွေးဘဲ အိမ်မှာ လက်သည်နဲ့မွေးရင်တော့ အသက်အန္တရာယ် အရမ်းများပါတယ်။ မွေးပြီးတဲ့အခါမှာလည်း ကလေးကို သားကောင်း၊ သမီးကောင်းဖြစ်လာဖို့ မြေတောင်မမြှောက်နိုင်တာတွေ ဖြစ်လာတတ်ပါတယ်။ သားဆက်ခြားတာတွေလည်း နားမလည်တဲ့အခါမျိုးမှာ ကလေးတွေကို ဆက်တိုက်မွေးတာမျိုးတွေဖြစ်ပြီး ဒုက္ခတွေပိုများလာနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top