Healthy Life Ad
Q & A

နေကာမျက်မှန်အကြောင်း

မေး. နေကာမျက်မှန်တပ်ရင် စတိုင်ကျတာအပြင် မျက်စိအပေါ်မှာ ဘယ်လိုကောင်းကျိုးတွေ ပေးပါသလဲ ဆရာ။
ကိုသန့်ဇင်ဦး၊ မော်လမြိုင်။

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး) မှဖြေကြားသည်

ဖြေ. နွေရာသီမှာ မျက်စိကျန်းမာရေးမထိခိုက်စေဖို့ နေကာမျက်မှန်ကို တပ်ဆင်သင့်ပါတယ်။ အခုနောက်ပိုင်းမှာ ခရမ်းလွန်ရောင်ခြည်က အတွင်းတိမ်ရောဂါဖြစ်နှုန်း မြင့်တက်စေတယ်ဆိုတာကို တွေ့ရှိလာတဲ့အတွက် UV ကို အပြည့်အဝကာကွယ်မှုပေးနိုင်တဲ့ နေကာမျက်မှန်တွေကို တပ်ဆင်ဖို့လိုပါတယ်။

တချို့လူတွေက နေကာမျက်မှန်တပ်ရင် မျက်စိကိုထိခိုက်စေနိုင်တယ်လို့ ထင်ကြသလို တချို့လူတွေကလည်း နေကာမျက်မှန်တပ်ရင် မျက်စိကိုကာကွယ်နိုင်တယ်လို့ ထင်ကြပါတယ်။ ဒီထင်မြင်ချက်နှစ်ခုလုံးကတော့ သူတို့ရဲ့အတွေ့အကြုံပေါ်မူတည်ပြီး သာမန်လူတွေက ပြောကြတာပါ။ နေကာမျက်မှန်က ကောင်းလား၊ ဆိုးလားဆိုတာကို ယေဘုယျအားဖြင့်ဖြေရရင် ကောင်းပါတယ်။ ဒါပေမဲ့တပ်တဲ့ မှန်သားရဲ့ အရည်အသွေးပေါ်မူတည်ပြီး ရရှိနိုင်တဲ့အကျိုးကျေးဇူးကတော့ ကွာသွားပါတယ်။ ငယ်ငယ်တုန်းကဆော့လေ့ရှိတဲ့ ကော်ကိုင်းနေကာမျက်မှန်တွေတောင် မျက်စိထဲဖုန်တွေ၊ သဲတွေမဝင်အောင် အကာအကွယ် ပေးတာပါပဲ။ ဈေးလည်းသက်သာတဲ့အတွက် လယ်သမားတွေ၊ ဂဟေဆော်တဲ့သူ၊ တွင်ခုံလုပ်တဲ့သူတွေ တပ်ပေးသင့်ပါတယ်။ အလုပ်လုပ်ရင်း ရွှံ့ရေတွေ၊ ဖုန်မှုန့်တွေ၊ သံတိုသံစတွေ မျက်စိထဲမဝင်နိုင်တာကြောင့် ပိုးကူးစက်ခံရနိုင်ခြေကလည်း လျော့ကျသွားနိုင်ပါတယ်။ နေရောင်ခြည်ကိုလည်း တိုက်ရိုက်မမြင်ရတာကြောင့် ဦးထုပ်အကြီးကြီး ဆောင်းထားသလို အကာအကွယ်ရပါတယ်။

Most Popular

Healthy Life Ad
To Top