Healthy Life Ad
Life Style

ဆီးချိုရောဂါက သူဌေးရောဂါလား ၄

ပါမောက္ခဒေါ်သန်းသန်းအေး
(ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

ယခင်တစ်ပတ်မှအဆက်

ဆီးချိုသွေးချိုရောဂါ စောစောသိခြင်း၏ အကျိုးကျေးဇူး

ဆီးချိုသွေးချိုရောဂါတွေက “အသံတိတ် လူသတ်သမား” လို့ တင်စားရပြီး ဖြစ်လို့ဖြစ်နေမှန်းမသိရတဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့သွေးချိုမစစ်ကြည့်ရသေးရင်‘ ငါ့မှာ ဆီးချိုသွေးချိုရောဂါ မရှိဘူး၊ ကျန်းမာနေတယ်’ လို့ လုံးဝပြောလို့မရပါဘူး။ စောစောသိရအောင် အမြဲကြိုးပမ်းနေရမှာ ဖြစ်ပါတယ်။ အသက် ၄၀ ကျော်ရင် လူတိုင်းစစ်ရပါမယ်။ ဆီးချိုရောဂါမျိုးရိုးမရှိလည်း စစ်ရပါမယ်။ မိဘမျိုးရိုးမှာ ဆီးချိုရောဂါရှိရင် ၄၀ အောက် အသက်ငယ်တဲ့ ဆယ်ကျော်သက်အရွယ်ကစပြီး ဝနေရင် စစ်ဆေးသင့်ပါတယ်။ ဆီးချိုသွေးချိုလက္ခဏာတွေ ဥပမာ ပိန်တာ၊ ဆီးများတာ၊ အရေပြားယားတာတွေ စသဖြင့် ဖြစ်လာတာကိုသတိပြုမိရင် အမြဲစစ်ကြည့်ရပါမယ်။ ဒီလို အသိတွေရှိရင် အကောင်းဆုံးပါပဲ။ ဒီအသိကို လူတိုင်း မိဘတိုင်း သိထားဖို့လိုပါတယ်။ ပျမ်းမျှအားဖြင့် လူကြီး ၁၀ ယောက်ကိုစစ်ကြည့်ရင် တစ်ယောက်တော့ ဆီးချိုပေါ်လာမှာမို့ အခုလိုခေတ်မှာ ပိုပြီးစစ်ဖို့သင့်ပါတယ်။ ဆီးချိုရောဂါကို စောစောသိတာက နောင်ကျမှသိတာထက် နောက်ဆက်တွဲရောဂါတွေအတွက် ငွေကြေးကုန်ကျမှုကို အများဆုံး တားဆီးနိုင်ပါတယ်။ ဈေးမကြီးဘဲ အကျိုးအများကြီးရှိလို့ လူတိုင်းအဖို့ သွေးချိုစစ်ဆေးရှာဖွေနေဖို့ လိုအပ်ပါတယ်။

ရောဂါသိပြီးနောက်ပိုင်းတွင် ဆီးချိုရောဂါ စောင့်ရှောက်ပေးခြင်း (Diabetes Care)

ဒါကတော့ ကျန်းမာရေးစောင့်ရှောက်မှု စနစ် (Health care system) တွေနဲ့ ပိုဆိုင်သလို လက်တွေ့လုပ်ဆောင်နေရတဲ့ ကျန်းမာရေးလုပ်သား (Health care personnel) တွေရဲ့ မှန်ကန်တဲ့လုပ်ဆောင်ချက် (Effective care) နဲ့ အရေးကြီးဆုံးက (Health care budget) ကျန်းမာရေး စောင့်ရှောက်မှုစရိတ် . . ဒီအချက်တွေအားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေမှာ ကျေးရွာ၊ ရပ်ကွက် (Primary level) အဆင့်မှ မြို့ရွာ (Secondary level) အဆင့်နဲ့ နောက်ဆုံးအထူးကု အဆင့် (Tertiary level) တွေမှာ ပြီးပြည့်စုံတဲ့ ဆီးချိုစောင့်ရှောက်မှု (Diabetes care) တွေရှိဖို့ အရင်းအနှီးတွေစိုက်ထုတ်တာဟာ နောင်ကုန်ကျရမယ့် စရိတ်တွေကို အဆပေါင်းများစွာ ချွေတာပေးရာ ရောက်ပါတယ်။ သိပ်ဈေးမကြီးတဲ့ ဆီးချိုစောင့်ရှောက်မှု ဥပမာ အသိပညာပေးခြင်း၊ စစ်ဆေးခြင်း၊ ဆေးသောက်ခြင်း / ထိုးခြင်းရဲ့စရိတ်ကို ကောင်းစွာထိရောက်အောင် လုပ်ထားနိုင်ရင် ကျောက်ကပ်ပျက်စီးလို့ ကျောက်ကပ်ဆေးတာ၊ ကျောက်ကပ်အစားထိုးတာတွေရဲ့ စရိတ်ကို တားထားနိုင်မှာဖြစ်ပါတယ်။ ပြည်သူအများ ဒါတွေကိုထင်ထင်ရှားရှား သိမြင်နိုင်ပါတယ်။ ဒါဆိုရင် မိမိရဲ့ငွေ၊ မိသားစုရဲ့ငွေ၊ တိုင်းပြည်ရဲ့ငွေတွေကို မလိုအပ်ဘဲ ဖြုန်းတီးသလိုမဖြစ်ဖို့၊ ချွေတာဖို့ မိမိမှာတာဝန်ရှိနေပါတယ်။ ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်သူတွေကလည်း သတိပြုပြီး တာဝန်ယူပေးဖို့ လိုပါတယ်။

နောက်ဆက်တွဲရောဂါကို ကုသရတဲ့အခါ ငွေကြေးလုံလောက်သူတွေအဖို့ ပြဿနာမရှိပေမယ့် ငွေကြေးမလုံလောက်သူတွေအတွက်တော့ ဒီကုထုံးတွေကိုမယူရလို့ အသေစောနိုင်ပါတယ်။ အသေမစောလိုရင် ငွေကြေးနဲ့ပေးဆပ်ရမယ်။ ငွေကြေးမပေးနိုင်တဲ့အခါ စိတ်ဓာတ်ကျဆင်းပြီး ငွေးကြေးလည်းကုန်၊ အသက်လည်းသိပ်မရှည်ရင် ပိုပြီး ဆိုးပါတယ်။

သားသမီးတွေကမိဘအတွက် ဆေးကုသစရိတ် ဘယ်လောက်လိုအပ်မလဲ၊ ဘယ်လောက် အကုန်ခံပြီးတဲ့အခါမှ ပြီးမှာလဲဆိုတာလည်း ကြိုတင်မသိနိုင်ပါဘူး။ အသက်ရှင်သရွေ့ ငွေကိုအများကြီး သုံးနေရဦးမှာမလို့ တာရှည်မှာမခံနိုင်တော့ဘဲ လက်ပိုက်ကြည့်ရတဲ့ ကြေကွဲဖွယ်ရာအဖြစ်တွေလည်း မနည်းပါဘူး။ မိဘကလည်း သားသမီးတွေရဲ့ ချွေးနှဲစာနဲ့ စုဆောင်းထားတဲ့ငွေလေးတွေကို မကုန်စေလိုတော့ ဆက်ကုဖို့အတင်းငြင်းဆန်နေတာလည်း တွေ့ဖူးပါတယ်။ ဒါက နောက်ဆက်တွဲ ရောဂါတစ်ခုတည်းအတွက် စံနမူနာဖြစ်ပေမယ့် နောက်ဆက်တွဲရောဂါတွေ တစ်ခုထက်မက မျိုးစုံပြိုင်တူနီးပါး ဝင်လာတတ်စမြဲမို့ လွန်စွာစိတ်ပျက်စရာ ကောင်းလှပါတယ်။

အကျဉ်းချုံးပြောရရင်တော့ ဆီးချိုသွေးချိုရောဂါမဖြစ်အောင် ကာကွယ်တဲ့စရိတ်တွေ၊ ဆီးချိုသွေးချို စောင့်ရှောက်စရိတ်တွေကိုသာ အရင်းတည်ခဲ့မယ်ဆိုရင် နောင်ဖြစ်လာမယ့် နောက်ဆက်တွဲရောဂါတွေကို ကုသဖို့အတွက် ကြီးမားလှတဲ့စရိတ်တွေ အများကြီးလျော့နည်းစေနိုင်တာကြောင့် အခုကစပြီး ဆီးချိုမဖြစ်သေးသူတွေရော ဆီးချိုဖြစ်ပြီးတဲ့သူတွေပါအားလုံး ဝိုင်းဝန်းပါဝင်ကြဖို့လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Most Popular

Healthy Life Ad
To Top