Healthy Life Ad
Life Style

တစ်ကိုယ်တည်းသမားက အိမ်ထောင်ရှင်များထက် အသားကျစ်နှုန်း (BMI) ပိုကောင်း

၊ ကိုထက် ၊

တစ်ကိုယ်ရေတစ်ကာယသမားဖြစ်ရတာ တကယ်ကောင်းပါတယ်၊ အကြောင်းကတော့ လူပျို၊အပျိုတွေက အိမ်ထောင်ရှင်တွေထက် အသားကျစ်နှုန်း (BMI) ပိုကောင်းပြီး အကြမ်းအားဖြင့် ကိုယ်အလေးချိန်လေးပေါင်ခန့် ပိုနည်းတယ်လို့ လေ့လာမှုအရ တွေ့လိုက်ရလို့ပါပဲ။

လေ့လာမှုစစ်တမ်းတစ်ခုအရ တစ်ကိုယ်တည်းသမားဟာ ချစ်သူရသွားတဲ့အခါ ဒါမှမဟုတ် အိမ်ထောင်ကျသွားတဲ့အခါ ကိုယ်အလေးချိန်တက်လာတတ်ပေမယ့် အဲဒီလက်တွဲဖော်နဲ့ အဆက်ပြတ်သွားတဲ့အခါ ကိုယ်အလေးချိန်သုံးပေါင်ကနေ လေးပေါင်ခန့်ကျသွားတယ်လို့ သိရပါတယ်။

တစ်ယောက်တည်းနေရတဲ့အခါ ချက်ပြုတ်တာလည်း ကိုယ်တိုင်၊ အိမ်သန့်ရှင်းရေးလည်း ကိုယ်တိုင်၊ အဝတ်လျှော်ပန်းကန်ဆေးတာလည်း ကိုယ်တိုင်၊ဈေးဝယ်တာလည်း ကိုယ်တိုင်လုပ်ရပြီး ရှပ်အင်္ကျီမှာ နက်ခ်တိုင်ချည်ပေးမယ့်သူမရှိလို့ စိတ်ဓာတ်ကျသွားစေနိုင်တယ်လို့ တချို့ကလည်းဆိုထားပါတယ်။ ဒါပေမဲ့ “တစ်ကိုယ်တည်းအထီးကျန်လို့ အတွေးတွေနယ်ချဲ့ရင်း စိတ်ဓာတ်ကျစရာအတွေးတွေကိုကျော်လွန်ပြီး ထူးခြားတဲ့အတွေးသစ်တွေရသွားရင်တော့ အောင်မြင်ကျော်ကြား လာနိုင်တယ်” လို့သိပ္ပံပညာရှင်တစ်ဦးက ဆိုထားပါတယ်။

တစ်ကိုယ်တည်းသမားတွေ ကိုယ်အလေးချိန်ပိုနည်းပြီး ပိုကျန်းမာတယ်ဆိုတာကတော့ အနောက်ဝါရှင်တန်တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရတာဖြစ်ပါတယ်။ ‘နေထိုင်မှုပုံစံဆင်တူတဲ့ လူနှစ်ဦးယှဉ်ရင်တောင် ချစ်သူမရှိသူကရှိသူထက် ကိုယ်အလေးချိန်သုံးပေါင်လောက် ပိုနည်းနေတတ်ပါတယ်” လို့ လေ့လာသူဒေါက်တာဂျေးက ဆိုပါတယ်။ ဒေါက်တာဂျေးက လူ ၃၃၄၇ ဦးကို နှစ် ၂၀ နီးပါး လေ့လာခဲ့တဲ့အခါ ချစ်သူလက်တွဲဖော်မရှိသူနဲ့ အိမ်ထောင်ကွဲပြီးသူတွေရဲ့ ကိုယ်အလေးချိန်ပိုကျပြီး ခါးအတိုင်းအတာပိုသေးတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

‘ချစ်သူမရှိသေးသူတွေက ကိုယ့်ကိုယ်ကိုယ်ပိုလှဖို့ အားစိုက်ထုတ်မှုပိုများပါတယ်။ ဒါကြောင့် ချစ်သူရှိသူ၊ အိမ်ထောင်ရှိသူတွေထက် ကိုယ်အလေးချိန်ကို ပိုထိန်းထားနိုင်စွမ်း ရှိကြတာပါ” လို့ ဒေါက်တာဂျေးက မှတ်ချက်ချထားပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top