Healthy Life Ad
International

ဒရုန်း(Drone)ကြောင့် မျက်စိတစ်ဖက်ကန်းသွားသည့် လမ်းလျှောက်တတ်စ ကလေးငယ်

၊ မိုးမင်းထွန်း

အထိန်းအကွပ်မရှိ ပျံသန်းလာတဲ့ ရီမုတ်ဒရုန်းတစ်စင်းကြောင့် လမ်းလျှောက်တတ်စ ကလေးငယ်တစ်ယောက်ရဲ့ မျက်နှာထိခိုက်သွားခဲ့ပြီးနောက် မျက်လုံးတစ်ဖက် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ ဖြစ်ပုံက ၁၈ လသား အော်စကာဝက်ဘ်ဟာ ပန်းခြံထဲမှာ ကစားနေတုန်း ဒရုန်းက သူ့မျက်ဆန်ကို လှီးထုတ်မိသွားတာဖြစ်ပါတယ်။ သူတို့မိသားစုရဲ့ မိတ်ဆွေ ဆိုင်မွန်အီဗန်က ရီမုတ်နဲ့ထိန်းချုပ်ရတဲ့ အဲဒီကိရိယာကို မောင်းနှင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဆရာဝန်တွေက အရေးပေါ်ခွဲစိတ်ကုသမှုတွေကို ပြုလုပ်ပေးခဲ့သော်လည်း ဒဏ်ရာကပြင်းထန်လွန်းတာကြောင့် ကလေးရဲ့မျက်လုံးကို မကုသနိုင်ခဲ့ပါဘူး။ ကလေးကို မကြာခင်မှာ မျက်လုံးအတုတပ်ပေးမယ်လို့ သိရပါတယ်။

သူရဲ့မိသားစုဟာ ဈေးကွက်မှာ ကစားစရာတွေ အဖြစ် ရောင်းချနေတဲ့ ဒီလိုပစ္စည်းတွေရဲ့ အန္တရာယ်ကို အများပြည်သူသိရှိစေဖို့ မကြာသေးခင်က Watchdog တီဗီအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ မိခင် အေမီရောဘတ်က ကလေးကို ဆေးရုံသို့ သယ်သွားရာ လူနာတင်ကားပေါ်မှာ အလွန်ထိတ်လန့်ခဲ့ရကြောင်း၊ သူ့ဘဝမှာ မြင်တွေ့ခဲ့ရသမျှ ထိခိုက်ဒဏ်ရာရမှုတွေထဲမှာ အဆိုးဝါးဆုံးဖြစ်ကြောင်း အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဒရုန်းမောင်းသူ အီဗန်ကလည်း အဖြစ်အပျက်ကို ပြန်လည်ပြောပြရာမှာ ဒရုန်းကို စက္ကန့်၆၀ခန့် မောင်းနှင်ပြီး မြေပြင်သို့ ပြန်လည် ဆင်းသက်ဖို့ ကြိုးစားခဲ့ကြောင်း၊ အဲဒီအချိန်မှာ ဒရုန်းဟာ သစ်ပင်နဲ့ဝင်တိုက်မိခဲ့ပြီး အထိန်းအကွပ်မဲ့ သွားတယ်လို့ ဆိုပါတယ်။သူက ရုတ်တရက် အော်သံကို ကြားမိခဲ့ပြီး လှည့်ကြည့်လိုက်တဲ့အခါ ကလေးဟာ သွေးတွေ ထွက်နေပြီး မြေပြင်မှာ မှောက်ရက် ငိုကြွေးနေတာကို မြင်တွေ့ခဲ့တယ်လို့ အီဗန်ကဆိုပါတယ်။

အီဗန်က ဒီလိုကိရိယာမျိုးကို နောက်ထပ် အသုံးပြုတော့မှာမဟုတ်ကြောင်းနဲ့ အလွန်စိတ်ထိခိုက်နေရကြောင်း ဆက်ပြောပါတယ်။မိခင်အေမီက ရီမုတ်ဒရုန်းတွေဟာ အလွန်အန္တရာယ်ရှိတာကို လူတွေသတိပြုမိစေချင်ကြောင်းနဲ့ သူရဲ့သားလေးလို အဖြစ်ဆိုးမျိုးတခြားသူတွေမကြုံတွေ့စေချင်ကြောင်းအစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။
( Ref;DM )

Most Popular

Healthy Life Ad
To Top