Healthy Life Ad
Life Style

နယ်များ၌ မျက်စိကုသမှုများ ပြုလုပ်ခြင်းက လူထုအား မျက်စိကုသချင်စိတ် ပေါ်လာစေရန် လှုံ့ဆော်ရာရောက်

မျက်စိအထူးကုဆရာဝန်ကြီး
ပါမောက္ခဦးတင်ဝင်း

မျက်စိအထူးကုဆရာဝန်များသည် နယ်များသို့ဆင်းပြီး မျက်စိကုသမှုများ အခမဲ့ပြုလုပ်ခြင်းက လူထုအား မျက်စိကုသချင်စိတ် ပေါ်လာစေရန် လှုံ့ဆော်ရာရောက်ကြောင်း ရန်ကုန်မျက်စိဆေးရုံကြီး၏ ပါမောက္ခ၊ ဌာနမှူးဖြစ်သူ မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဦးတင်ဝင်းက ပြောကြားခဲ့သည်။

“မျက်စိဆရာဝန်တွေက ကုသရေးတာဝန်ကို ယူထားတဲ့ ဆရာဝန်တွေဆိုပေမယ့် တစ်ဖက်ကနေ ပြည်သူလူထုကို စည်းရုံးပေးရပါမယ်။ ဥပမာ နယ်တစ်နယ်ကိုသွားပြီး အတွင်းတိမ်ရောဂါရှိတဲ့ သူတွေကို အခမဲ့ ခွဲပေးလိုက်တယ်ဆိုပါစို့။ လူ ၁၀ဝ ခွဲပေးလိုက်ရင် လူ ၁၀ဝ စလုံး မျက်စိမြင်သွားနိုင်ပါတယ်။ အဲဒီမြင်သွားတဲ့ လူတွေကိုကြည့်ပြီး အားကျရင်းတခြားသူတွေပါ ခွဲချင်စိတ်ပေါ်လာပါတယ်။ အိမ်ဘေးနားက အမေကြီး မျက်စိခွဲလိုက်လို့ မြင်သွားတယ်ဆိုရင် အိမ်နီးနားချင်းအဘွားကလည်း အားကျသွားမယ်။ အဲဒီအခါ ဆရာတို့က အဲဒီမှာမရှိတော့ပေမယ့် သူကအနီးဆုံး မျက်စိစင်တာကိုသွားပြီး ခွဲစိတ်ဖို့ ရည်ရွယ်တာပါ။ ဆိုလိုတာက လူတွေကို ကုသချင်စိတ်ပေါ်လာအောင် လှုံ့ဆော်လိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်”ဟု ပါမောက္ခဦးတင်ဝင်းက ပြောကြားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင် မျက်စိစင်တာ ၇၄ ခုရှိပြီး တတိယအဆင့်ဖြစ်သော မျက်စိစင်တာလေးခုက ရန်ကုန်၊ မန္တလေး၊ မြောက်ဥက္ကလာနှင့် မကွေးတို့တွင်ရှိကြောင်း သိရသည်။

“အရင်တုန်းကတော့ နယ်မှာရှိတဲ့လူတွေက သူတို့ဖြစ်နေတဲ့ အတွင်းတိမ်ရောဂါက အသက်ကြီးလို့ဖြစ်တာ၊ ကုစရာမလိုဘူး၊ အသက်ကြီးရင် မျက်စိမှုန်မှာပဲ. . ဘေးပတ်ဝန်းကျင်က လူတွေကလည်း အသက်ကြီးနေပြီပဲ .. ဘာဖြစ်လဲ . . စာဖတ်စရာလည်း လိုမှမလိုတော့တာ စသဖြင့် ပြောကြတယ်။ အသက်ကြီးလို့ အတွင်းတိမ်ဖြစ်တာပဲဆိုပြီး အခွဲမခံကြဘူး၊ မှန်တော့လည်း မှန်ပါတယ်. . အသက်ကြီးရင် အတွင်းတိမ် ဖြစ်တတ်ပါတယ်၊ ဒါပေမဲ့ အသက်ကြီးလို့ ဆံပင်ဖြူတာကို ပြန်မပြုပြင်နိုင်ပေမယ့် အသက်ကြီးလို့ အတွင်းတိမ်ဖြစ်ရင် ခွဲစိတ်ကုသလိုက်တဲ့အခါ မျက်စိပြန်မြင်တယ်ဆိုတဲ့ အယူအဆကို သူတို့မသိကြလို့ပါ။ အဲဒီလိုရအောင် ဆရာတို့ မျက်စိဆရာဝန်တွေက အရင်ကနယ်မှာ တစ်ပတ်၊ ကိုယ်တာဝန်ကျတဲ့ နေရာမှာ သုံးပတ် . . အဲဒီလို ဆင်းပြီး ကုသမှု ပေးခဲ့ကြတယ်၊ အဲဒီအခါ အတွင်းတိမ်ခွဲပေးတဲ့ သူတွေက မျက်စိအမြင်အာရုံ ပြန်ရသွားတော့ တခြားသူတွေကပါ ဒီလို ခွဲစိတ်ကုသလိုက်ရင် မြင်ပါ့လားဆိုပြီး နီးစပ်ရာ မျက်စိစင်တာတွေက မျက်စိအထူးကု ဆရာဝန်တွေဆီ သွားရောက်ခွဲစိတ်ကုသမှု ခံယူလာကြပါတယ်” ဟု ပါမောက္ခဦးတင်ဝင်းက ဆိုသည်။

ယခုအခါ မြို့ကြီးများတွင်သာမက နယ်များရှိ မျက်စိစင်တာများ၌ပါ Phaco Machine စက်ကြီးများ၊ Yag Laser စက်ကြီးများပင် ရှိနေပြီဖြစ်ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top