Healthy Life Ad
Life Style

မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ကင်ဆာကုသနည်းသစ်အကြောင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၁၂-၁၀-၂၀၁၅ ရက်နေ့ထုတ် TIME မဂ္ဂဇင်းတွင် “What if I decide to just do nothing?” ဆိုသော ဆောင်းပါးတစ်ပုဒ် ပါဝင်ခဲ့သည်။ ထိုဆောင်းပါးတွင် ဘက်စီလာဆိုသူ အမျိုးသမီးက ရင်သားကင်ဆာ အစောပိုင်းအဆင့်ရှိမှန်း သိခဲ့သော်လည်း ရင်သားတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး ဖြတ်ထုတ်မှုလုပ်ရန် အဆင်သင့် မဖြစ်။ ထို့ပြင် ရင်သားအလုံးအကျိတ်ကို ဖယ်ထုတ်ခြင်း (Lumpectomy ) ကိုလည်း ပြုလုပ်ရန် မသေချာ။ ကင်ဆာကုထုံးတို့၏ နောက်ဆက်တွဲကိစ္စများကို ရင်မဆိုင်လိုသဖြင့် ဘာကိုမှ လက်မခံသော်လည်း အကျိတ်ကြီးထွားမှု၏ အကြောင်းရင်းဖြစ်သော အီစထရိုဂျင်ဟော်မုန်းကို ပိတ်ပင်ဟန့်တားရန် တာမောက်ဇီဖန် (Tamoxifen) ဆေးကိုသာ စတင်မှီဝဲခဲ့သည်။ ရင်သားကင်ဆာကုထုံးတွင် ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ပေးခြင်းနှင့် ကင်ဆာဆေးသွင်း ကုသခြင်းတို့ ပါဝင်သော်လည်း ဘက်စီလာကဲ့သို့သော လူနာကို ကြုံဆုံရသည့်အခိုက် မခံချိမခံသာ ဖြစ်ခဲ့ကြရသည်။ သို့ရာတွင် ကင်ဆာကြောင့် သေဆုံးမှုများကို ကြုံဆုံမြင်တွေ့လာရပြီး လူနာတို့ခံစားရသော ကင်ဆာကုထုံးတို့၏ နောက်ဆက်တွဲဖြစ်ရပ်များကြောင့် အနောက်နိုင်ငံက ဆရာဝန်များအကြား အဆင့်မီကုထုံး တစ်ခုပြီးတစ်ခု ပြောင်းလဲကျင့်သုံး လာကြသော်လည်း လူနာအတွက် သက်သာရာမရဘဲ ဘေးထွက်ဆိုးကျိုးများကြောင့် အသက်သေဆုံးမှုများ ရှိခဲ့သည့်အပြင် သေခါနီး ပိုခံစားရသည့်အတွက် ပြန်လည်စဉ်းစားသုံးသပ်ရန် လိုနေပြီဆိုသည့် အကြောင်းအရာကို ဖော်ပြထားခြင်း ဖြစ်သည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ကင်ဆာလူနာအချို့ကို ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးဦးကျော်နှင့် သားဖွားမီးယပ်အထူးကု ဆရာဝန်ပါမောက္ခဦးသိန်းမြင့်သူတို့က ကင်ဆာဆေးသွင်းကုထုံး၊ ဓာတ်ရောင်ခြည်ပေးခြင်း အစရှိသည့် သမားရိုးကျ နည်းလမ်းများ မသုံးဘဲ SDDR ဆိုသည့် S (Surgery – ခွဲစိတ်ကုသမှု)၊ D (Diet – သက်သတ်လွတ်စားခြင်း)၊ D (Drug – ဆေးဝါး)၊ R (Religion – တရားထိုင်ခြင်း) ဆိုသော နည်းလမ်းများဖြင့် ကုသမှုပေးနေကြောင်း သိရသဖြင့် အများပြည်သူ အကျိုးရှိစေရန်အလို့ငှာ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

‘ဒီနည်းနဲ့ ကုသမှုပေးနေတဲ့ ကင်ဆာလူနာ ၁၃၇ ယောက် ရှိပါတယ်။ ဒီနည်းနဲ့ ကုသမှုပေးခဲ့တာ ၂၀၁၁ ခုနှစ်က စခဲ့တာပါ။ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အစာဟောင်းအိမ်ကင်ဆာ စတဲ့ ကင်ဆာလူနာတွေကို ဒီနည်းနဲ့ ကုသမှုပေးခဲ့တာပါ။ ဒီလူနာတွေအားလုံးက ဆရာ့ဆီရောက်လာရင် ကင်ဆာအဆင့်က ၄ ရှိနေပါပြီ။

၁၈ ရာစုအကျော် ၁၉ ရာစုအစောပိုင်းတုန်းက ရင်သားကင်ဆာဖြစ်ရင် ရင်သားတင်မက ကြွက်သားတွေကော ညှပ်ရိုးတွေပါ ဖြတ်ထုတ်ပစ်လိုက်ကြတယ်။ လူနာလည်း အတော်ခံရတယ်။ အခုနောက်ပိုင်းကျတော့ ရောဂါရှာဖွေတဲ့ နည်းတွေ တိုးတက်လာတာနဲ့အမျှ လူနာတွေကလည်း ကြောက်ကြတယ်။ ဥပမာ ကင်ဆာဆေးသွင်း ကုထုံး (Chemotherapy) နဲ့ လူနာခံနိုင်ရည် ရှိရှိ၊ မရှိရှိ ကုကြတယ်။ ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေဆို ပိုတောင် ဆိုးသေးတယ်၊ နည်းမျိုးစုံနဲ့ စမ်းသပ်ပြီး ဟိုဆေးကောင်းတယ်၊ ဒီဆေး ကောင်းတယ်ဆိုကာ ပေးကြတယ်၊ ဓာတ်ရောင်ခြည် ပေးကြတယ်။ နည်းမျိုးစုံ စမ်းသပ် ကုသနေပေမယ့် ကောင်း၊ မကောင်းဆိုတာကို လူတွေက မဝေခွဲနိုင်ကြတော့ဘူး။ ကျောင်းတုန်းက စာသင်ခဲ့တဲ့ ပုံစံအရ ရင်သားကင်ဆာဖြစ်ရင် ခွဲ၊ ခွဲပြီးရင် ကီမို (ကင်ဆာဆေးသွင်းကုထုံး) သွင်း၊ ဓာတ်ရောင်ခြည်ပေး . . ဟိုတုန်းက ခွဲတဲ့ပုံစံနဲ့ ဒီနေ့ခေတ်ခွဲတဲ့ ပုံစံက မတူတော့ပါဘူး။ ဆေးတွေကလည်း အစုံပေးရပါတယ်။ ခွဲတဲ့ပုံစံနဲ့ ကုသမှုပေးတဲ့ ပုံစံတွေသာ အမျိုးမျိုးကွဲသွားတယ်။ နှစ်ပေါင်းများစွာ ခွဲစိတ်ကုသမှုပေးခဲ့တဲ့ အတွေ့အကြုံအရ ပိုပြီး ကောင်းလာတယ်လို့ မထင်မိပါဘူး။ သေတော့လည်း ဝေဒနာကို အပြင်းအထန်ခံစားရပြီး သေသွားကြတာကို တွေ့ရပါတယ်။

ဒါနဲ့ဆရာလည်း ကင်ဆာလူနာတွေကို SDDR ဆိုတဲ့ ကုထုံးနဲ့ကုသမှုပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီကုထုံး သုံးကြည့်ခဲ့တဲ့အခါမှာ ၅ နှစ် အသက်ရှင်တဲ့ လူနာတွေအများကြီး ရှိလာတာကို တွေ့ရပါတယ်” ဟု ဆရာ ပါမောက္ခဦးဦးကျော်က ဆိုသည်။ ထိုလူနာများထဲတွင် ဗုဒ္ဓဘာသာဝင်များသာက အခြားဘာသာဝင်များ ပါဝင်သော်လည်း SDDR ကုထုံးအတိုင်း သက်သတ်လွတ်စားခြင်းနှင့် တရားထိုင်ခြင်းတို့ကို လိုက်နာကြကြောင်း သိရသည်။

၂၀ဝ၈ ခုနှစ်တွင် သားအိမ်အကျိတ်ကင်ဆာ အဆင့်(၄)ဖြစ်မှန်း စတင်တွေ့ရှိခဲ့သူ အသက် ၅၇ နှစ်အရွယ်ရှိ ဒေါ်နွယ်နွယ်ဝင်းသည် SDDR ကုထုံးကို လက်ခံ၍ ယနေ့ထက်တိုင် ကျန်းမာနေဆဲဖြစ်သည်။

“ စစချင်း ကင်ဆာအထူးကု ဆရာဝန်ကြီးတစ်ဦးနဲ့ ပြပြီး ကင်ဆာဆေးသွင်း ခဲ့ပါတယ်။ နှစ်ပတ်ခြားတစ်ခါ ကင်ဆာဆေးသွင်းရင်း ၁၅ ကြိမ်လောက် ရောက်တော့ ဆံပင်တွေကျွတ်၊ ပိန်ချုံးလာတယ်။ လူကသက်သာသလို ဖြစ်ပေမယ့် ဗိုက်ကပြန်ပြန် ဖောင်းလာတယ်။ ရေကိုပြန်ထုတ်ရတော့ သွေးပြန်သွင်းရတယ်။ တခြားဆရာဝန်ကြီးက ခွဲထုတ်လိုက်ပါလို့ ပြောပေမယ့် အသက် ၈၀ ကျော် အမေအိုကြီး ရှိနေတော့ မခွဲဖြစ်ခဲ့ဘူး။ နောက်ဆုံး ဝိတ်အတော်ကျပြီး မခွဲရင်မဖြစ်တဲ့ အခြေအနေရောက်တော့ ကင်ဆာအထူးကု ဆရာဝန်ကြီးကလည်း လက်လွှတ်လိုက်တဲ့အဆင့် ဖြစ်သွားတယ်။ အဲဒီအချိန်ကျတော့ ဆရာဝန်ပြောင်းပြီး ဆရာကြီးပါမောက္ခဦးဦးကျော်နဲ့ ပါမောက္ခဦးသိန်းမြင့်သူတို့နဲ့ ပြောင်းပြဖြစ်ခဲ့တယ်။ အဲဒီမှာ ခွဲဖြစ်သွားပြီး ဆရာတို့က တပင်တိုင်မြနန်းနဲ့ Alfafa ဆေးတွေ တိုက်ပါတယ်၊ သက်သတ်လွတ် စားရတယ်၊ တရားထိုင်တာတော့ အရင်ကတည်းကလည်း တရားထိုင်ခဲ့သလို အဲဒီနောက်ပိုင်း နေ့တိုင်းတရားထိုင် ဖြစ်ခဲ့ပါတယ်။ သက်သာသွားချိန်မှာ အာထရာဆောင်း ပြန်ရိုက်ကြည့်တော့ ကောင်းသွားတယ်၊ ကျောက်ကပ်နှုတ်ခမ်းထူတာတော့ ဖြစ်နေတယ်၊ ဒါကတော့ ဘာမှဒုက္ခမပေးဘူးလို့ ဓာတ်မှန်အထူးကု ဆရာဝန်ကြီးက ပြောပါတယ် . .” ဟု အမှတ် (၇၉) ၊ ပထမထပ်၊ ၃၃ လမ်းတွင်နေထိုင်သည့် ဒေါ်နွယ်နွယ်ဝင်းက ပြောပြခဲ့သည်။

ထို့ပြင် ၂၆-၂၀-၂၀ဝ၈ ရက်နေ့တွင် သားအိမ်အလုံးကို ခွဲထုတ်ခြင်း၊ ၂၃-၁၁-၂၀ဝ၈ ၌ ရှားပါးသည့် သားအိမ်အတွင်း မြှေးကင်ဆာအတွက် ခွဲစိတ်ခြင်းတို့ ခံယူကာ SDDR ကုထုံးခံယူနေသူ အသက် ၃၇ နှစ်အရွယ် မဇာဇာဇင်ဝင်းကလည်း ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်းများမလုပ်ဘဲ ကျန်းမာနေကြောင်း သိရသည်။

“ ခွဲပြီးချိန်တွေမှာ ဆရာကြီးတွေက သက်သတ်လွတ် စားခိုင်းတယ်၊ တရားထိုင်ခိုင်းပါတယ်၊ သဘာဝအပင်ထွက်ဆေးလေး သောက်ခိုင်းတယ်၊ ဒီလောက်ပဲ . . အခုထိတော့ ကျန်းမာနေပါတယ်” ဟု မဇာဇာဇင်ဝင်းက ပြောပြခဲ့သည်။“ လူနာတွေကို ကုသမှုပေးနေရတဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ရောဂါမဖြစ်ခင်မှာ ကာကွယ်လိုက်နာဖို့ အတော်အားနည်းတာကို တွေ့ရပါတယ်။ အဲဒီတော့ ရောဂါ ဖြစ်လာတဲ့အခါမှာလည်း တစ်သက်လုံး အသားစားလာတဲ့သူကို အခုမှ အသားကို လုံးဝမစားနဲ့လို့ပြောတော့ မနေနိုင်ကြတာ တွေ့ရပါတယ်။ ‘ပုစွန်မစားရဘူးလား၊ ငါးပိရည် မစားရဘူးလား’ ဆိုပြီး ဈေးဆစ်တတ်ကြပါတယ်။ နောက်တစ်ခုက တစ်သက်လုံး လိမ်ညာပြောဆိုတတ်တဲ့ သူတွေကို ငါးပါးသီလလုံအောင် ထိန်းပြီး တရားထိုင်ရမယ်လို့ ပြောတော့ တွန့်သွားတတ်ကြပါတယ်။ တရားလုပ်တယ်ဆိုတာ (၁) ယုံကြည်မှု ရှိရမယ်၊ (၂) ကျန်းမာရမယ်၊ (၃) စိတ်ထားဖြူစင်ရမယ်၊ (၄) ဝိရိယ ရှိရမယ်၊ (၅) ဉာဏ်ရှိရမယ် . . ဒီအချက် ၅ ချက်နဲ့ ညီညွတ်ဖို့ လိုပါတယ်။ ဒီလို နည်းတွေအတိုင်း ယုံယုံကြည်ကြည် လုပ်ဆောင်လိုက်ရင် တကယ်ကျန်းမာ ပြီး အသက်ရှည်တာကို တွေ့ရပါတယ်” ဟု ဆရာပါမောက္ခဦးဦးကျော်က ဆိုသည်။

ကင်ဆာဖြစ်နေသူလူနာများ SDDR ကုထုံးကို လက်ခံကျင့်သုံးလိုခြင်း ရှိ၊ မရှိ ဆရာဝန်နှင့် လူနာအချိန်ပေး ဆွေးနွေးရလေ့ရှိကြောင်း၊ လူနာက ယုံကြည်စွာလက်ခံကျင့်သုံးမှသာ ကျန်းမာသက်ရှည်သော ကောင်းကျိုးကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

“ လူနာတွေဟာ ကင်ဆာဖြစ်တယ်ဆိုရင် သေတော့မှာပဲဆိုတဲ့ စိတ်က စိုးမိုးနေတယ်၊ မသေအောင် ဘယ်လိုနည်းတွေကို လိုက်နာကြမလဲဆိုတာ ရှာဖွေပြီး နေထိုင်စားသောက်တဲ့ ပုံစံကအစ ပြောင်းလဲပစ်ဖို့ လိုပါတယ်။ ‘ဒီလိုကျင့်ပါ’ လို့ ဆရာကလည်း ခပ်လွယ်လွယ်ပြောတာ မဟုတ်ပါဘူး။ ဆရာကိုယ်တိုင်ကလည်း အသား၊ ငါး မစားတဲ့ သက်သတ်လွတ်သမားဖြစ်ပြီး တရားမှန်မှန် အားထုတ်တဲ့သူဖြစ်လို့ ပြောရဲတာပါ။ ဂန္ဓီပြောသလို ကလေးတစ်ယောက်က အချိုစားလို့ “သူ့သားကို အချိုမစားဖို့ ဆုံးမပေးပါဦး” ဆိုပြီး မိခင်က ခေါ်လာတယ်။ ဂန္ဓီက နောက်တစ်လနေမှ ပြန်လာခဲ့ဆိုပြီး နောက်တစ်လကြာမှ ကလေးကို “အချိုမစားနဲ့” လို့ ဂန္ဓီက ဆုံးမတယ်။ “ဒါလေးပြောဖို့အရေးကို ဘာကြောင့် နောက်တစ်လချိန်းတာလဲ” လို့ မိခင်ကမေးတော့ “အဲဒီအချိန်တုန်းက ငါက အချိုစားနေလို့၊ အခု အချိုတွေ မစားတော့ဘူး” လို့ ဂန္ဓီက ပြန်ဖြေတယ်။ အဲဒီလိုပဲ ဆရာ ကိုယ်တိုင်ကလည်း ကင်ဆာလူနာတွေကို ဒီနည်းနဲ့ ကုသရာမှာ ကိုယ်ကျင့်သုံးတဲ့ နည်းအတိုင်း လိုက်နာဖို့ ညွန်ကြားဖြစ်တာပါ” ဟု ပါမောက္ခဦးဦးကျော်က ပြောသည်။

SDDR ကုထုံးသည် သိပ္ပံနည်းကျ စမ်းသပ်လေ့လာထားသော ကုထုံးမဟုတ်ပေ။ ထိုအချက်နှင့် ပတ်သက်၍ –
“ဒီကုထုံးက ဓာတ်ကင်လိုက်ရင် ဘာသက်သာသွားမယ် ဆိုတာလို ချက်ချင်းလက်တွေ့ မပြနိုင်တာအမှန်ပဲ။ ဒါပေမဲ့

တကယ်လို့ ဆရာကိုယ်တိုင်သာ ကင်ဆာဖြစ်လာခဲ့ရင် ဒီ SDDR ကုထုံးအတိုင်း ယုံယုံကြည်ကြည် လက်ခံသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကင်ဆာလူနာတွေကို နှစ်ပေါင်းများစွာ ကုသမှုပေးခဲ့တဲ့ အတွေ့အကြုံအရ ကင်ဆာအတွက် ကုထုံးမျိုးမျိုး ပြောင်းလဲကုသနေပေမယ့် နောက်ဆုံး သေဆုံးချိန်မှာ မချည့်မဆန့် ဝေဒနာခံစားရတာ များနေတာကို တွေ့ရတယ်။ ဆရာရဲ့ SDDR ကုထုံးအတိုင်းဆိုရင် အသက်ရှည်ကျန်းမာတာ တွေ့ရသလို သေဖို့ဆိုရင်တော့ ကြောက်လန့်တကြား ဖြစ်မနေကြတော့တာကို တွေ့ရတယ်။

ပြီးတော့ ဝေဒနာခံစားရလွန်းလို့ “ကျွန်တော် / ကျွန်မကို သေအောင် လုပ်ပေးပါ” ဆိုပြီး ဆိုးဆိုးရွားရွား တောင်းဆိုတာမျိုး မရှိတော့ပါဘူး။ ဒါက ဘာသာခြားတွေတောင် လက်ခံလာတဲ့ အချက်ပါ” ဟု ပြောပြခဲ့သည်။

လူ့ခန္ဓာကိုယ်တည်ဆောက်မှု DNA ၊ RNA ၏ အခြေခံက ပရိုတင်းများဖြစ်ပြီး ထိုအရာများ ပြန့်ပွားရန် ပရိုတင်းက ထိန်းချုပ်နေပြီး ကင်ဆာဆိုသည်မှာ ခန္ဓာကိုယ်ပင်မတစ်သျှူးများ မထိန်းချုပ်နိုင်ဘဲ ပြန့်ပွားလာခြင်းဖြစ်ရာ ထိုသို့ မထိန်းချုပ်နိုင်လောက်အောင် ပြန့်ပွားစေခြင်း၏ အကြောင်းရင်းတစ်ခုမှာ တိရစ္ဆာန်အသားများကြောင့် ဖြစ်ကြောင်း သိရသည်။

“ အနောက်နိုင်ငံတွေမှာ လေ့လာမှုအရ အသားတွေစားတာက အူမကြီးကင်ဆာနဲ့ ဆက်စပ်တယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ ဘယ်လို ဆက်စပ်သလဲဆိုတော့ သေချာ မပြောနိုင်သေးဘူး။ ဆရာတို့ ဗုဒ္ဓဘာသာမှာ ရုပ်နဲ့ နာမ်ဆိုတာ ရှိတယ်၊ DNA ၊ RNA ဆိုတာ ရုပ်တရားပါ၊ အဲဒါကို တိရစ္ဆာန်အသားတွေက လူတွေကို သဘာဝချင်း မတူတဲ့အတွက် ဖျက်ဆီးမှုတွေ လုပ်လာကြတာ ဖြစ်ပါတယ်။
တရားထိုင်လိုက်တော့ လူတွေကို ပျက်စီးစေတဲ့ တေဇောဓာတ် ငြိမ်းသွားတယ်။ ရောဂါတွေကို ထပ်ထပ်ပွားစေတဲ့ ကိလေသာမီးကို ငြိမ်းပေးတယ်။ ပြီးတော့ ကင်ဆာဖြစ်ပြီး ကြောက်လန့်တုန်လှုပ်နေတော့ အဲဒီကြောက်စိတ်ကြောင့် စိတ်ဓာတ်ကျရာက ဝေဒနာ ပိုဆိုးသွားတယ်၊ အဲဒီကြောက်စိတ်တွေ မဝင်အောင် တရားထိုင်တာက ကယ်တင်ပေးတယ်. . ဒီအချက်ကြောင့် ကျန်းမာသက်ရှည်ရတာပါ. .

ဆဲလ်ဆိုတာ ဇာတိပဲ။ တရားထိုင်လိုက်တော့ ဇာတိတွေ ဆက်ဆက်မဖြစ်တော့ဘဲ ချုပ်သွားတဲ့အတွက် ကင်ဆာဆဲလ်တွေက မပွားတော့ဘူး”

ယခုအချိန်တွင် ကင်ဆာလူနာများကို SDDR ကုထုံးဖြင့် ကုသပြီး လူနာအသက်ရှည်နှုန်းမှာ ငါးနှစ်ဝန်းကျင်သာ ရှိသေးသဖြင့် ယခုကုထုံး၏ အောင်မြင်မှုကို အခိုင်အမာ ပြောနိုင်ရန် စောသေးသော်လည်း ကင်ဆာဖြစ်လာ၍ အခြားကုထုံးများနှင့် လက်လှမ်းမမီတော့ပါက ယုံယုံကြည်ကြည် လက်ခံကျင့်သုံးသင့်ကြောင်း ပါမောက္ခဦးဦးကျော်က အကြံပြုထားသည်။

“ဒါက အကောင်းဆုံးနည်းလမ်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာသာရေးအရ ဖြစ်စေ၊ လူမှုရေးအရ ဖြစ်စေ ကျွန်တော်တို့ လက်ခံနိုင်တဲ့၊ ရွေးချယ်သင့်တဲ့ နည်းလမ်းတစ်ခုတော့ ဖြစ်ပါတယ်” ဟု ပါမောက္ခ ဦးသိန်းမြင့်သူကလည်း ပြောပြခဲ့ပါသည်။

Most Popular

Healthy Life Ad
To Top