Healthy Life Ad
Local

အရေပြားအရောင် ပြောင်းလဲနေလျှင် အထူးသတိထားသင့်

အရေပြားအရောင် ပြောင်းလဲသွားလျှင် ကိုယ်တွင်း ရောဂါဝေဒနာများနှင့် ဆက်စပ်နေနိုင်သဖြင့် မပေါ့ဆဘဲ အထူး သတိထားသင့်ကြောင်း မြောက်ဥက္ကလာပဆေးရုံကြီး၊ အရေပြားကုဌာနမှ ပါမောက္ခ ဒေါက်တာမြတ်စန္ဒာကျော်က ပြောကြားခဲ့သည်။

“ဆရာမတို့ အရေပြား အထူးကုတွေက အရောင်တွေ ကြည့်တဲ့သူတွေလေ။ ဆရာမ ညီမအရင်းလို ခင်နေတဲ့ ညီမတစ်ယောက် အသားဖြူနေတာ သွားတွေ့ပါတယ်။ ဆရာမကို အင်္ကျီချုပ်ပေးတဲ့ ညီမလေးတစ်ယောက်ပေါ့။ ဆရာမ တစ်နေ့ အင်္ကျီရွေးတော့ အဲ့ဒီ စက်ချုပ်တဲ့သမီးကို အရေပြား အရောင်က ဖြူလှချည်လား၊ ခြေထောက်တွေလည်း ဖောင်းနေတာပဲ”လို့ပြောမိသေးတယ်။ “ သွေး စစ်ကြည့်ပါလားဆိုပြီး စစ်ရမယ့်အရာကို ရေးပေးခဲ့တယ်။ နောက်တစ်ပတ်မှာ ဖောတာ၊ ရောင်တာကျ သွားပြီလို့ သတင်းရတယ်။ မကြာဘူး၊ လူနာ ဆုံး သွားပြီ၊ ကျောက်ကပ် ထိခိုက်တာဆိုတဲ့ သတင်းကို ရခဲ့ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်တုန်းကလည်း အပ်ချုပ်ဆရာ တစ်ယောက် သူ့ခြေထောက်မှာ ခြင်ကိုက်ရာတွေ ကြည့်မကောင်းဘူး။ သူ့ကို ဆေးခန်းလာပြဖို့ ခေါ်ပေမယ် ့လာမပြဘူး။ နောက်တော့ AIDS နဲ့ ဆုံးသွားပြီဆိုတဲ့ သတင်းကိုပဲရခဲ့တယ်။ AIDS ရောဂါရှင်တွေက အရေပြားမှာ ခြင်ကိုက်တာတောင် မခံနိုင်ဘူး။ ပိုယား၊ ပိုကုတ်၊ ပိုရုပ်ဆိုးတတ်တယ်။ မြန်လိုက်တာ။ သုံးလ မကြာဘူး။ သူသာ စောစောသွေးစစ်ခဲ့ရင် ကုသနိုင်မလား တွေးမိခဲ့တယ်။ AIDS ရောဂါက စောစောကုသရင် အသက်မဆုံးရှုံးနိုင်ဘူးလေ”ဟု ဒေါက်တာမြတ်စန္ဒာကျော်က အရေပြားတွင် ဖြစ်သည့် ပြောင်းလဲမှုများကို အထူး သတိထားသင့်ကြောင်း ပြောပြခဲ့သည်။

ယခုအချိန်တွင် နယ်က အရေပြား ရောဂါရှင်များ ဆေးရုံလာပြနှုန်းမှာ ရာချီနေပြီဖြစ်ကြောင်း၊ အရေပြား အထူးကုဌာနကို အခြား ကျန်းမာရေး ဌာနများကလည်း ညွှန်းပို့နေကြကြောင်း၊ အရေပြားရောဂါ ဌာနသို့ လာကုသရမည်ကို သိရှိသူများလာပြီ ဖြစ်သော်လည်း ဝက်ခြံကြောင့် ဆေးမှားခြင်း၊ ပိုဆိုးပြီး အမာရွတ်ဖြစ်ခါမှ လာပြနေသူများလည်း ရှိနေသေးကြောင်း သို့ဖြစ်ရာ အရေပြားရောဂါ ပညာပေးလုပ်ငန်းကို ယခုထက်ပို၍ ကြိုးစားဆောင်ရွက်သွားရန် လိုအပ်နေသေးကြောင်း သတင်းရရှိသည်။

Most Popular

Healthy Life Ad
To Top