Healthy Life Ad
Child

ဆင်းရဲသား ပိုင်ဆိုင်သည့် ကြွယ်ဝမှု့

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

မိုးသူနဲ့ တိုးကျော်တို့က အိမ်နီးနားချင်းတွေပါ။ မိုးသူက ဆင်းရဲတဲ့ လယ်သမားဖြစ်ပြီး တိုးကျော်ကတော့ လယ်မြေသူဌေးပေါ့. .

လယ်သမား မိုးသူက အမြဲတမ်းပျော်ပျော်ရွှင်ရွှင် အေးအေးလူလူ ရှိလှပါတယ်။ အိမ်တံခါးနဲ့ ပြတင်းပေါက်တွေကို ညဘက်မှာတောင် ပိတ်ထားခြင်း မရှိပါဘူး။ နေ့နေ့ညည အိမ်တံခါးကို ဖွင့်ထားပေမယ့်လည်း အိပ်ရေးဝ၀ အိပ်စက်အနားယူနိုင်သူပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အိမ်ထဲကို ဘယ်သူဝင်ခိုးခိုး သူမပူပန်လှဘူး . . သူ့အိမ်ထဲမှာ ခိုးစရာမှ မရှိပေဘဲကိုး။ ပြောရရင် ငွေမရှိပေမယ့် မိုးသူရဲ့ ဘဝက အေးချမ်းလှပါတယ်။

မိုးသူနဲ့ ပြောင်းပြန် တိုးကျော်ကတော့ အမြဲတမ်း စိတ်တိုနေရှာတယ်။ အိမ်တံခါးတွေ၊ ပြတင်းပေါက်တွေကို နေ့ရော ညပါ ပိတ်ထားတတ်တယ်။ အဲဒီလို ပိတ်ထားပါလျက်နဲ့ ညညဆို ကောင်းကောင်း အိပ်မပျော်နိုင်ပါဘူး။ တစ်ယောက်ယောက်ကများ သူ့အိမ်တံခါးကို ချိုးဖျက်ပြီး သူ့ငွေတွေကို ယူသွားလိုက်ရင် ဘယ့်နှယ်လုပ်ရမလဲဆိုတဲ့ အတွေးက အမြဲတစေ နှိပ်စက်နေလို့ပါပဲ။ ဒီတော့ စိတ်ပင်ပန်းနေရှာတဲ့ တိုးကျော်ဟာ အမြဲအေးချမ်း ပေါ့ပါးနေတဲ့ မိုးသူကို အားကျနေပါတယ်။

တစ်နေ့ကျတော့ တိုးကျော်က မိုးသူကို ခေါ်ပြီး ငွေသေတ္တာတစ်လုံး ပေးတယ်။

“ ဟေ့ကောင်မိုးသူရေ . . ဒီမှာကြည့်စမ်း . . မင်းဆင်းရဲနေတာ တွေ့ရလို့ ငါက ဒီပစ္စည်းဥစ္စာတွေ စွန့်ကြဲလိုက်မယ်ကွာ . . ဒီငွေတွေယူပြီး ချမ်းချမ်းသာသာ နေစမ်း ငါ့သူငယ်ချင်း ”

မိုးသူလည်း သူ့တစ်သက်မှာ မပိုင်ဆိုင်ဖူးတဲ့ ပစ္စည်းဥစ္စာတွေရတော့ အလွန်အမင်း ပျော်ရွှင်သွားတော့တယ်။ တစ်နေ့လုံးကို ပျော်နေခဲ့တာပေါ့ . . ဒါပေမဲ့ ညရောက်လာတော့ သူခါတိုင်းလို အိပ်ရာဝင်ခဲ့ပေမယ့် အိပ်မပျော်နိုင်ခဲ့ဘူး။ အဲဒါနဲ့ ထပြီး ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေ ထပိတ်တယ်။ ဒါလည်း သူ မအိပ်နိုင်ခဲ့ပါဘူး။ ဒါနဲ့ သူလည်း ငွေသေတ္တာကြီးကို ထိုင်ကြည့်နေခဲ့တယ်။ တစ်ညလုံး သူ့စိတ်တွေက အဲဒီငွေသေတ္တာကြီးဆီမှာ . . ။ နောက်တစ်နေ့ကျတော့ သူအတော်လေး ပင်ပန်း နွမ်းနယ်နေတယ်။

ဒီလိုနဲ့ ရက်အနည်းငယ်ကြာတော့ မိုးသူက တိုးကျော်ဆီသွားပြီး ငွေသေတ္တာကို ပြန်ပေးခဲ့တယ်။

“သူငယ်ချင်းရာ . . ဒါတွေပေးလို့ မင်းကို ကျေးဇူးတင်ပါတယ်။ ငါက ဆင်းရဲပါတယ်ကွာ . . ဒါပေမဲ့ ဒီငွေတွေက ငါ့ဆီက ငြိမ်းချမ်းမှုကို ယူဆောင်သွားတယ်ကွ . . ဒါကြောင့် မင်းငွေတွေ ပြန်ပေးပါရစေ၊ ငါ့ကို ခွင့်လွှတ်ပါ သူငယ်ချင်းရာ . .”

စာစုက ပေးချင်သော သင်ခန်းစာ

ငွေဟာ အရာရာတိုင်းကို မပိုင်ဆိုင်နိုင်ပါဘူး။ ဒါကြောင့် ဘဝမှာ ငွေမရှိရင်တောင် ကိုယ့်မှာ ပိုင်ဆိုင်သမျှနဲ့ ကျေနပ်တတ်ဖို့ သင်ယူလေ့လာကြည့်လိုက်ပါ . . သင်အမြဲပျော်ရွှင်အေးချမ်းနေမှာပါ။

Most Popular

Healthy Life Ad
To Top