Healthy Life Ad
Q & A

ဗောက်ကြောင့် ယားယံတဲ့ ပြဿနာ

မေး ခေါင်းမှာ ဗောက်ထတာများလို့ စိတ်ညစ်ရပါတယ်။ ဗောက်ထတော့ ယားလို့ ကုတ်မိရာက ဆံပင်တွေပါ ကျွတ်နေလို့ပါ။ အဲဒါကြောင့် ဗောက်ထတာ သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိချင်ပါတယ်။

ရည်မွန်၊ တွံတေး။

ဖြေ. ဗောက်ဆိုတာ ဦးခေါင်းမှာ အဖြူရောင်၊ အဝါရောင်အကြေးခွံအဖတ်လေးတွေ မြင်ရတာကို ခေါ်ပါတယ်။ ဗောက်  များလာရင် ဦးရေပြား ယားယံလာတတ်ပါတယ်။ ဗောက်များရတာက Fungus Malassezia Furfur မှိုပိုးတွေကြောင့် အဖြစ်များတာပါ။ အဲဒီမှိုဟာ ဦးရေပြားပေါ်မှာ ပုံမှန်ရှိနေတတ်ပါတယ်။ အဆီထွက်များတဲ့သူတွေဟာ မှိုပိုး ပိုပေါက်ပွားလာပြီး ယားလာရင်း ဗောက် ထွက်လာစေပါတယ်။ လူအတော်များများမှာ ဗောက်ကတော့ ပုံမှန်အားဖြင့် ရှိနေတတ်ပါတယ်။

အဆီဖတ် ဓာတ်မတည့်တဲ့ရောဂါ (Seborrheic Dermatitis) ရောဂါကလည်း ဗောက်များရတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ အဲဒီရောဂါဖြစ်ရင် ဦးရေပြားက နီရဲနေတတ်ပါတယ်။ ဒီရောဂါက ခေါင်းသာမက မျက်ခုံးတစ်ဝိုက်၊ နှာခေါင်းကြား၊ ချိုင်း (ဂျိုင်း)နဲ့ ဆီးခုံတွေမှာလည်း တွေ့ရတတ်ပါတယ်။ ဒီရောဂါက မှိုပိုးဝင်တာနဲ့ ဆက်စပ်မှုရှိပါတယ်။

ဆရာမ သတိထားမိတာကတော့ ဆံပင်ဆိုး ဆေးဆိုးပြီးကာစမှာလည်း ဗောက်များတတ်ပါတယ်။ ဗောက် များလာပြီး အရေပြားယားလာရင် ဆံပင်ဆိုးဆေးနဲ့ မတည့်တော့ဘူးလို့ မှတ်ထားသင့်ပါတယ်။ ဗောက်များတာက ဆောင်းတွင်းမှာဆိုရင် ပိုဆိုးတတ်ပါတယ်။

ဗောက်တွေကြောင့် စိတ်ညစ်နေရင် ဗောက်ပျောက်စေတဲ့ Zinc Pytithione၊ Selenium Sulfide နဲ့ Ketoconazole ပါတဲ့ ခေါင်းလျှော်ရည်တွေသုံးပြီး ခေါင်းလျှော်ရပါမယ်။ ခေါင်းလျှော်ရည်မှာ စတီးရွိုက် အရောင်ကျဆေးမပါရင် ကောင်းပါတယ်။ အရောင်ကျဆေးတွေက အယားသက်သာစေပေမယ့် အရေပြားရဲ့ ကိုယ်ခံစွမ်းအားကို ကျစေတဲ့အတွက် မှိုပိုးတွေ ပိုပွားလာအောင် အားပေးတတ်ပါတယ်။ မှိုပိုးအတွက် ကုသဆေးတွေကလည်း ခေါင်းမှာ ဗောက်ထနှုန်းများတာကို သက်သာစေပါတယ်။

ဗောက်များတာ မသက်သာခဲ့ရင် ဆေးကုရပါမယ်။ ဗောက်များလာရင် အထူးသတိထားရမှာက ဒက်ရောဂါပဲ ဖြစ်ပါတယ်။ ဆံပင်တွေ ဖုံးထားတာကြောင့် ဒက်မှိုပိုးရောဂါကို သတိမထားမိလိုက်ဘဲ ဖြစ်တတ်ပါတယ်။ ဒက်ကို သေသေချာချာ မကုရင် လက်သည်းကို ကူးတတ်ပါတယ်။ ဦးရေပြားမှာ ဗောက်ထပြီး ဦးရေပြား ရောင်ရမ်းတာများရင် ဆံပင်ကျွတ်တတ်သလို ဆံပင်ကျွတ်ရင်လည်း ပြန်မပေါက်တတ်တော့လို့ ဗောက်ဖြစ်တာနဲ့ ဦးရေပြားကို စစ်ဆေးကြည့်ဖို့ လိုပါတယ်။

ဒေါက်တာမြတ်စန္ဒာကျော်

အရေပြားအထူးကု ဆရာဝန်ကြီး တွဲဖက်ပါမောက္ခ၊ မြောက်ဥက္ကလာပဆေးရုံကြီး

Most Popular

Healthy Life Ad
To Top